(အပိုင်း၆)
အတန်ကြာသည့်အထိ နောက်ဆက်တွဲစကားသံများထွက်ပေါ်မလာပဲ ငြိမ်ကျသွားသည့် ဓားသခင်ကြီးကိုကြည့်ကာ နတ္ထိရသေ့ကြီးက စကားစရှာ၍ လှုပ်နိုးလိုက်လေသည်။
"ဘယ်လိုလဲ ဓါးသခင်ကြီးရ …
အတိတ်ဆိုးတွေကြားမှာ လှောင်ပိတ်မိသွားတာလား …"
ထိုအခါတွင်မှ ဓါးသခင်ကြီးက အိပ်မက်မှ လန့်နိုးသူတစ်ယောက်ပမာ လက်ရှိပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိလာ၏။ထို့နောက် စိတ်မသက်သာဟန်ဖြင့် မချိပြုံးလေးပြုံးကာ သူကြုံခဲ့ရသည့် အနေအထားတစ်ခုကို ဖွင့်ပြောလေသည်။
" အဲ့ဒီနောက်တော့ ကျုပ်လည်း ဘာလုပ်ရမလဲဖြစ်သွားတာပေါ့။ပြီးတော့ ဖန်းရှောက်ဆိုတဲ့သူက သေသွားလား ရှင်သွားလားလည်း မသိ, ကျုပ်တပည့်ကြီး စန်းရှောင်နဲ့ ဇနီးသည်ကိုလည်း မတွေ့… ကျုပ်လက်ထဲမှာလည်း ၁နှစ်သားအရွယ် ကလေးက တစ်ဖက်ဆိုတော့ကား စိတ်သွားတိုင်းလည်း ကိုယ်မပါနိုင်တော့ဘူးပေါ့ဗျာ… "
ဤတွင် နတ္ထိရသေ့ကြီးက ထောက်ခံပြောဆိုလိုက်ကာ သူသိလိုသည့် နောက်ဆက်တွဲကို စကားအစ်ထုတ်လိုက်၏။
"ဟုတ်တာပေါ့ဗျာ …
ဓါးသခင်ကြီးတော့ မသိဘူး။ကျုပ်သာ အဲ့ဒီအခြေအနေကို ကလေးတစ်ဖက်နဲ့ကြုံခဲ့ရရင်တောင် ဟိုဟာ မလုပ်တတ်,ဒီဟာ လုပ်မတတ်နဲ့ အဲ့ဒီကလေး သေမလားပဲ …"
"ဒါနဲ့ ဓါးသခင်ကြီး …
ကျန်းစန်းရှောင်တို့ ဇနီးမောင်နှံကရော ဘယ်လိုဖြစ်သွားလဲဗျ။ ပြောပြပါအုန်း …"
အစောပိုင်းက ရသေ့ကြီး၏ ကလေးငယ်တစ်ဖက်နဲ့ ဟိုမလုပ်တတ် ဒီဟာ လုပ်မတတ်…ဆိုသည့် စကားကြောင့် ပြုံးရောင်သမ်းသွားသည့် ဓါးသခင်ကြီး၏ မျက်နှာမှာ ရသေ့ကြီး၏ နောက်ဆက်တွဲ မေးခွန်းကြောင့် ပြန်လည် မှေးမှိန်သွားလေသည်။ပြီးနောက် သူက သက်ပြင်းတစ်ချက်ကို ခပ်မာမာချရင်း မနားတမ်း စကားဆိုလိုက်၏။
"ဟူးး …
ဘာမှ ကျုပ်လည်း မသိခဲ့ပါဘူးဗျာ။
ကလေးကို ကျောကလွယ်ပြီး တောင်အောက်ပြန်ဆင်း… အလောင်းတွေကို သေချာပြန်စစ်ဆေးတယ်။ အနီးအနားပတ်လည်ကိုလည်း ခြေရာချင်းထပ်အောင် ရှာတာပဲ။
ဒါပေမဲ့ ဘာဆိုဘာမှ မတွေ့ခဲ့ရဘူး။ တပည့်ဖြစ်သူဇနီးမောင်နှံဆိုတာကလည်း အစအနကို ပျောက်ရောပဲ။
အဲ့ဒီနောက်တော့ ကျုပ်လည်း နတ်ဓားပျံစံအိမ်ကို လူကြုံနဲ့အကြောင်းကြားပြီး ခေါ်လိုက်ရတာပေါ့။
ဒါပေမဲ့လည်းဗျာ … ဒီနေ့အထိတော့ ဘာမှထူးမလာပါဘူး။ နတ်ဓားပျစံအိမ်သခင်ကြီးတို့လူစု ရောက်လာကြတယ်။ စန်းရှောင်ရဲ့သားလေးကို ကျုပ်ကပဲ စောင့်ရှောက်ထားပြီး စန်းရှောင်ဆီက မရလိုက်တဲ့ သိုင်းပညာအမွေကို ဆက်လက်ပေးဖို့နဲ့ တောင်းပန်ပြီး စန်းရှောင်တို့သတင်းရရင် ကျုပ်ကို အကြောင်းကြားပါ့မယ်လို့ … အရေးဆိုလာတော့ ကျုပ်က လက်ခံလိုက်ရတာပေါ့။နတ်ဓားပျံစံအိမ်အတွင်းမှာလည်း လတ်တလော အနှောက်အယှက်တွေက မကြာခဏကြုံနေရတယ်ဆိုတာ ကျုပ်က သတင်းရထားတာကိုဗျ။ အဲ့ဒီနောက်ပိုင်းတော့ နတ်ဓားပျံစံအိမသခင်ကြီးဆီက စာတော့ မကြာမကြာ ရောက်ပါတယ်။လူကတော့ တစ်ခေါက်မှ ထပ်မရောက်လာတော့ဘူး …"
ထိုအခါတွင်မှ နတ္ထိရသေ့ကြီးမှာ နေမင်းသခင်၏ ဇစ်မြစ်နှင့် ဓါးသခင်ကြီးထံ ရောက်ရှိနေပုံကို နားလည်သွားကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဓါးသခင်ကြီးပြောထားသမျှကို ပြန်သုံးသပ်ကြည့်လိုက်ပြီးနောက် အတန်ကြာမှ စကားလမ်းကြောင်းပြောင်း၍ ဆိုလိုက်၏။
"အင်းဗျာ …
ကျုပ်တို့စကားကောင်းနေတာနဲ့ မွန်းတောင် လွဲခါနီးပြီပဲ။ ဒါနဲ့ နေမင်းသခင်လေးရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ပါလားဗျ …"
"ဟား …ဟားး။
ဒီကိစ္စက နက်နဲတယ်။ဒါပေမဲ့ ကျုပ်ကောင်းကောင်းသိပါတယ်ဗျာ …"
ရသေ့ကြီး၏ စကားကြောင့် ဓါးသခင်ကြီးက ရယ်မောလိုက်ပြီး "သူတစ်ယောက်သာ သိသည်ဆိုသည့်…" အထာမျိုးဖြင့် စကားတုန့်ပြန်လာလေရာ … ရသေ့ကြီးက မိမိ၏စကားမှာ ရယ်စရာမရှိပါပဲ ရယ်၍ ထူးဆန်းသလို ပြောလာသည့် ဓါးသခင်ကြီး၏ စကားကြောင့် ကြောင်အအ,ပင် ဖြစ်သွားလေသည်။
ထိုတွင်မှ ရသေ့ကြီး၏အမူအရာကြောင့် ဓါးသခင်ကြီးမှာ ရယ်ချင်စိတ်ကို အတင်းမျိုသိပ်ထားသည့် ပုံမျိုးဖြင့် သူသာသိသည့် နေမင်းသခင်၏ လျို့ဝှက်ချက်ကို ဖွင့်ဟလိုက်ရင်းမှ ဟန်မဆောင်နိုင်စွာ ရယ်မောလိုက်ပြန်သည်။
" ဒါက ဒီလိုဗျ ဓါးသခင်ကြီးရ။ နေမင်းသခင်က ဘယ်မှသွားတာ မဟုတ်ဘူး။အစောပိုင်းက ရသေ့ကြီးနဲ့ချတာ သူ မနိုင်လို့ရှက်ပြီး တစ်နေရာရာမှာ သိုင်းသွားလေ့ကျင့်နေတာပဲ ဖြစ်မယ်။ နေမင်းသခင်က သိပ်အရှက်ကြီးတာ …
ဘယ်လောက် အရှက်ကြီးလဲဆိုရင် ကျုပ်နဲ့ချလို့ မနိုင်ရင်တောင် ဒီကောင်ရှက်ပြီး တစ်နေရာရာ သွားပုန်းပြီး သိုင်းလေ့ကျင့်နေရောဗျို့။
ဟားး … ဟားး … ဟားး …"
ရသေ့ကြီးလည်း ဤတွင်မှ နေမင်းသခင်ကို မတွေ့ရသည့်အကြောင်းနှင့် ဓါးသခင်ကြီး၏ ထူးထူးဆန်းဆန်းအပြုအမူအား သဘောပေါက်သွားကာ သူပါ လိုက်၍ ရယ်မောလေတော့သည်။
"ဖြစ်မှ ဖြစ်ရလေဗျာ …
ဟား …ဟားး …ဟားးး "
ယင်းအချိန်ဝယ် နေမင်းသခင်မှာ ဓါးသခင်ကြီး ထင်မှတ်သကဲ့သို့မဟုတ်ပဲ မိုးထိတောင်ကြီး၏ တောင်ခုလတ်ရှိ ဂူတစ်ခုဝယ် ဒုက္ခကြုံလျက် ရှိပေသည်။
"အားး …
ကျွတ် …ကျွတ်…ကျွတ်။
ငါ့နောက်စေ့တော့ ကွဲသွားပြီထင်တယ်
နာလိုက်တာ … "
ဟုတ်ပေသည် …
နေမင်းသခင်မှာ သတိပြန်ရလျှင် ရခြင်း နာကျင်မှုဒဏ်ကြောင့် ညည်းတွားလိုက်ရင်းမှ လက်ဖြင့် သူ၏နောက်စေ့အား ပွတ်သပ်ကြည့်လိုက်ရာ ကွဲထားသည့်ခပ်နက်နက်ဒဏ်ရာကို တွေ့ရပြီး အသဲခိုက်တမျှ နာကျင်မှုနှင့်အတူ ခပ်စပ်စပ်ခံစားမှုကိုလည်း ခံစားလိုက်ရလေသည်။
"အွင်း …
ဒီလောက်သွေးတွေအများကြီးထွက်နေတာ စပ်မှာပေါ့။
ခါတိုင်းထိခိုက်မိရင်တော့ ဝူရှားရွှက်ကို ကြိတ်ပြီး ဆေးစည်းရတယ်။ ဝူရှားပင်တွေကလည်း တောင်ပေါ်မှာဆိုတော့ ငါ ဘာလုပ်ရပါ့မလဲ …"
"ဟာကြာ …
မထူးပါဘူး။ တွေ့တဲ့အရွှက် ကြိတ်ပြီးအုံလိုက်တာပဲ ကောင်းတယ် …"
နေမင်းသခင်က လုပ်သလို မဖြစ်သည့်အဆုံး ဖြစ်သလိုလုပ်ရန်သာ ဆုံးဖြတ်လိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် နောက်စေ့ကိုအုပ်ကာ ဂူအတွင်းသို့ လှည်ပတ်ရှာဖွေကြည့်လိုက်သည်။
ဂူဖြစ်တည်နေပုံက ဆန်းလှ၏။ လူတွေ ဖန်တီးထားသည်လား … သဘာဝပေလားဟူ၍ပင် တစ်ကိုယ်တည်း မေးခွန်းထုတ်နေမိလေသည်။ မိမိရောက်ရှိလာသည့် တောင်ခုလတ်မှနေ၍ အတွင်း၌ လှိုဏ်ခေါင်းများသဖွယ် ဖြာထွက်နေသည့် လမ်းသွယ်များ … ဤတွင် အချို့လမ်းများမှာ ရှေ့ဆက်လျှောက်လို့မရအောင် လမ်းဆုံးသွားပြီး အချို့လမ်းကြောင်းများမှာ အတန်ကြာသည့်အထိ လမ်းဆုံးကို မတွေ့ရချေ။ ထို့ကြောင့် နေမင်းသခင်လည်း လမ်းပျောက်မှာ စိုးရိမ်ကာ အရဲကိုး၍ မဝင်ရဲသေးချေ။နောက်တွင်မှ တဖြေးဖြေး လေ့လာကာ ထွက်ပေါက်ရှာမည်ဟု တွေးလိုက်ပြီး လတ်တလောတွင်တော့ ယခုအချိန်သာ ဒီတောင်ကြီး ပြိုကျရင်… ဟူ၍ ယုတ္တိတန်စွာ တွေးနေမိတော့သည်။
သို့သော် နေမင်းသခင် ကံကောင်းပါသည်။ တစ်နှစ်ပတ်လူံး နှင်းများဝေနေတတ်သည့် မိုးထိတောင်ကြီးရှိ ဤလှိုဏ်ဂူ လှိုဏ်ခေါင်းအတွင်းဝယ် ရောင်ပြန်ကျောက်များ နေရာအနှံ့တွင် ရှိနေပြီး အအေးဓာတ်ကြောင့် တချို့နံရံများတွင် ရေများစိမ့်ကျ၍နေကာ မက်မန်းသီးနှယ် ရဲရဲနီနေသည့် သစ်သီးများနှင့် အမျိုးအမည်မသိ နွယ်ပင်တစ်မျိုးအားလည်း လှိုဏ်ဂူ၏ နေရာအတော်များများတွင် တွေ့ရသဖြင့် နေဖို့စားဖို့တော့ ပူစရာမရှိပါချေ။
ဤတွင် နေမင်းသခင်က
နွယ်ပင်မှ အရွက်တချို့ကို ခူးကာ ကျေညက်အောင် ဝါးလိုက်ပြီး သူ၏နောက်စေ့အား အုံလိုက်ကာ အင်္ကျီစကို အနည်းငယ်ဖြဲကာ ဆေးစည်းလိုက်၏။ ထို့နောက် သစ်သီးတစ်လုံးကို ခူးကာ ကိုက်စားကြည့်လိုက်ရာ အနည်းငယ် ဖန်၍ အရည်ရွှမ်းသည်ကို တွေ့ရလေသည်။
"အွင်း … နည်းနည်းဖန်တယ်ဆိုတော့ အဆိပ်အတောက်တော့ မဖြစ်လောက်ပါဘူး။ ခါးတဲ့အရာတွေက ဆေးဘက်ဝင်တယ်လို့ ဘဘပြောဖူးသားပဲ …"
နေမင်းသခင်က နောက်ထပ် ရွေးချယ်စရာမရှိသည့် အနေအထားအား ဤသို့မှတ်ချက်၍ ဆုံးဖြတ်လိုက်ကာ
နောက်ထပ် သစ်သီးအနည်းငယ် ခူးယူလိုက်ပြီး မိမိလာခဲ့သည့်လမ်းအတိုင်း ပြန်လှည့်လာလိုက်တော့သည်။
<> <> <> <> <> <> <>
သိုင်းလောက …
သိုင်းလောကဟူသည် မည်သည့်အတွက် ရှိနေပါသနည်းဟု အမေးရှိသော် မည်သူမျှ ရေရေရာရာ ဖြေဆိုနိုင်မည်မဟုတ်ပေ။
သို့သော် သိုင်းလောက, သိုင်းရပ်ဝန်းသည်ကား သိုင်းသမားထုအတွက် ရပ်တည်ချက်အမျိုးအမျိုး … အကြောင်းအမျိုးအမျိုးဖြင့် ဖြစ်တည်လျက်ရှိသည်သာ ဖြစ်၏။
ကျန်းနန်မြို့ …
ကျန်းနန်မြို့သို့ ကုန်း,ရေနှစ်တန်ဖြင့် သွားလာနိုင်သည်ဖြစ်ပြီး စီးပွားရေးအချက်အချာကျကာ သိုင်းသမားများ အမြဲတမေ ဝင်ထွက်နေသည့် မြို့တစ်မြို့လည်း ဖြစ်ပေသည်။ မြို့တွင်း၌ နာမည်ကျော်အာမခံဌာနများ …
ဝါရင့်သိုင်းဂုရုကြီးများ…
ရှိသည့်အတွက်လည်း သိုင်းပညာ၌ ရေခံမြေခံကောင်းမွန်လှကာ တက်သစ်စလူငယ်သိုင်းသမား အများအပြား ထွက်ပေါ်ရာမြို့လည်း ဖြစ်၏။ ထို့အပြင် ကျန်းနန်မြို့စားကြီးသည်လည်း သိုင်းပညာကို အထူးနှစ်ခြိုက်သူဖြစ်ကာ သူ၏မွေးနေ့ရက်သို့ရောက်တိုင်း
သိုင်းပြိုင်ပွဲများ ကျင်းပပေးလေ့ရှိသဖြင့် သိုင်းသမားထု၏ ချစ်ခင်ရင်းနှီးမှုကို ရရှိထားလေသည်။
ယနေ့ …
ကျန်းနန်မြို့၏လယ်လမ်းမကြီးအတိုင်း မြို့၏နာမည်ကျော် အာမခံဌာနကြီးတစ်ခုဖြစ်သော ရွှေနဂါးအာမခံဌာနမှ မြင်းလှည်းတစ်စု ဖြေးဖြေးမှန်မှန် ထွက်ခွာလာ၏။
ရွှေနဂါးအာမခံဌာနမှာ
နှစ်ခဲ့သော နှစ်နှစ်ဆယ်လောက်က နဂါးလက်ဝါး ၃၂ကွက်ဖြင့် လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့သော ဝါရင့်အဖြူရောင်သိုင်းသမားကြီးချန်းပိုင်က ထူထောင်ထားခြင်း ဖြစ်ပြီး သူ၏လက်အောက်၌ နဂါးဓား ဖုန်းနန် … လျှပ်စစ်ဓား မာလောက်ဟူ… ရွှေခြင်္သေ့ ကျန်းရိစန်း … ကျားလက်ဝါး ရွှဲ့ယိမိန်း …ဟူသော ခေတ်ပြိုင်ဝါရင့် သိုင်းသမားကြီးများလည်း ရှိလေရာ တော်ရုံအနက်ရောင်သိုင်းသမားတော ရွှေနဂါးအာမခံပစ္စည်းဆိုသည်နှင့် မျက်စောင်းပင် မထိုးဝံ့အောင် ရှိလေသည်။