Monday, June 24, 2019
#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း၁)
#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း၁)
        ဟန်ကျူးမြို့ …   ဟန်ကျူးမြို့သည် ဟန်တရုတ်လူမျိုးတို့၏ နယ်စပ်မြို့ဖြစ်ပြီး၊ အမြဲ  နှင်းများအုပ်ဆိုင်းလျှက်ရှိကာ မြို့၏မြောက်ဘက်၌ တရုတ်ပြည်၏ဂုဏ်ကျက်သရေဆောင်
မိုးထိတောင်ကြီး   တည်ရှိလေသည်။
တစ်နှစ်ပတ်လုံး နှင်းများအုပ်ဆိုင်းနေသောကြောင့်
အနှီတောင်ထိပ်မှာ တိမ်တိုက်များအကြားထိ  ထိုးဖောက်နေသယောင်
ရှိသောကြောင့် မိုးထိတောင်ဟု အမည်တွင်ခြင်းလည်း ဖြစ်နိုင်ပေသည်။
         ယင်းမိုးထိတောင်ကြီးမှာ မြင့်မားမတ်စောက်လွန်းသည်ကြောင့်လည်းကောင်း၊နှင်းရည်များစိုစွတ်နေတတ်သည့်ရာသီဥတုကြောင့်လည်းကောင်း၊ တောင်ပေါ်သို့
တက်ဝံ့သူဟူ၍ မရှိခဲ့ပေ။ သို့သော် ပြောမယုံ ကြုံမှသိ,ဟူသော စကားအတိုင်း  အံ့သြဖွယ်အဖြစ်တစ်ခုသည် ၄င်းမိုးထိတောင်ကြီးပေါ်၌ ဖြစ်ပေါ်လျက်ရှိ၏။ အဘယ်အကြောင်းဆိုသော်  ယခုအခါ ယင်းမိုးထိတောင်ပေါ်၌
အသက်အရွယ်ကြီးရင့်လှပြီဖြစ်သော အဖိုးအိုတစ်ဦးနှင့်အသက်၁၈နှစ်အရွယ် လုလင်ပျိုတစ်ဦးတို့ ရောက်ရှိနေထိုင်လျက်ရှိသောကြောင့်ပင်။
            "ဝှစ် …
ဝှစ်
ဟူးး ဟူး …
ဝှမ်း …
ဝုန်း ဝုန်းး …"
      အဝတ်စလေတိုးသံများနှင့်အတူ တဝုန်းဝုန်းဖြင့် လေထုအား ကြောက်မက်ဖွယ် ထိုးခွဲသွားသော လက်ဝါးရိုက်ချက်များ •••••
        လှပသည်။ မြန်ဆန်သည်။အားမာန်ပါသည်။တိကျသေသပ်သည်။ထိုအချက်အလက်များနှင့်  ပြီးပြည့်စုံသည့် သိုင်းကစားမှုသည် မြူနှင်းများကို
ထိုးဖောက်၍ ကျရောက်နေသော နေ့အလင်းရောင်အောက်၌ လူငယ်လေးတစ်ဦးထံမှ ထွက်ပေါ်နေသည်ကတော့ ထပ်ဆင့်အံ့သြဖွယ်ရာပင် ဖြစ်ပေသည်။
    တည်ကြည်သောမျက်နှာ… ထူထဲနက်မှောင်သောမျက်ခုံး… ဖြောင့်စင်းသောနှာတံ … စူးရှသောမျက်လုံးများနှင့် ခန့်ညားသောလူငယ်လေး။ထိုလူငယ်လေးအား  နားဘေးမှနေ၍ အနီးကပ်သင်ကြားပေးနေသည့်
အဖိုးအိုတစ်ဦး ••••••
သို့ရာတွင်  ယင်းအဖိုးအို၏   အကြောင်းဇစ်မြစ်ကိုသာ သင်သိခဲ့ပါက
အစောပိုင်းက အံ့ဖွယ်အဖြစ်တို့သည် သာမာန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုထက် မပိုနိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော်••••••
           တည်ငြိမ်အေးချမ်းလှသော အမူအရာနှင့်  အရှိန်အဝါတစ်မျိုး ထွက်ပေါ်နေသည့်ဥပဓိရုပ်မှာ
မြင်သမျှလူတိုင်းဦးညွှတ်ချင်စရာကောင်းလှပြီး၊အနည်းငယ်ချိုင့်ဝင်နေသည့် နားထင်နှစ်ဖက် …
စူးရှတောက်ပလွန်းသောမျက်လုံးအစုံ … ဤသည်ကမူ သိုင်းပညာနှင့်အတွင်းအားအရာ၌
အထွဋ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း
သက်သေပြနေသကဲ့သို့ပင်။
             ထိုစဉ် ပြုံးရောင်သမ်းနေသည့် အဖိုးအို၏ နှုတ်ခမ်းမှာ တွန့်သည်ဆိုရုံမျှ
ကွေးညွှတ်၍ မျက်မှောင်ကြုံ့သွားကာ သူ၏သောတအာရုံ၌ ကိုက်တစ်ရာခန့်မှ ကိုယ်ဖော့၍
ပြေးလာသော ခြေသံတစ်ခုအား  အတိုင်းသား ကြားလိုက်ရ၏။ ခြေသံမှာ ပေါ့ပါးလွန်းလှသော်လည်း အဖိုးအို၏
အတွင်းအားမှာ အံ့မခန်းဖြစ်သည်မို့
အနှီခြေသံအား အတိုင်းသားကြားနိုင်သည်မှာ အဆန်းတော့ မဟုတ်ပါချေ။တစ်ဆက်တည်းမှာပင် အဖိုးအိုက သိုင်းကစားနေသည့် လူငယ်လေးအား  အော်ဟစ်ပြောဆိုလိုက်၏။
     " နေမင်းသခင် …
နေမင်းရောင်ခြည်တစ်ထောင်သိုင်းကွက် …"
အဖိုးအို၏ အသံကြားသည်နှင့်
နေမင်းသခင်မည်သော  လူငယ်လေး၏လှုပ်ရှားမှုမှာ  ချက်ချင်းဆိုသလိုပင်   ပိုမိုပြင်းထန်၍ မြန်ဆန်သွားပြီး နေမင်းရောင်ခြည်တစ်ထောင်သိုင်းကွက်ဖြင့် အနားသို့ရောက်ရှိလာသော လူရိပ်အား တိုက်ခိုက်မိလျက်သား ဖြစ်ပေသည်။
         စင်စစ်အားဖြင့် နေမင်းရောင်ခြည်တစ်ထောင်သိုင်းကွက်မှာ ဓားသိုင်းကွက်ဖြစ်ပြီး
နေမင်းသခင်က  လက်ဝါးစောင်းဖြင့်
ဓားသဖွယ် ထိုးခုတ်တိုက်ခိုက်လိုက်ခြင်းပင် •••••
        လက်ဝါးစောင်းအရိပ်များ
ထောင်ချီထွက်ပေါ်လာကာ
အနားရှိလူရိပ်ထံ တိုးဝင်သွား၏။သို့ရာတွင်
နေမင်းသခင်မှာ ဘုမသိဘမသိဖြင့် သူတပါးအား အလကားသက်သက် မသေစေလိုသောကြောင့်အတွင်အားတစ်ဝက်ခန့်သာ ထည့်ပြီးတိုက်ခိုက်လိုက်ခြင်းသာ။သို့သော် သူ၏လက်ဝါးစောင်းနှင့် ထိလုလုအချိန်တွင် အနားရှိလူရိပ်မှာ ပျောက်ကွယ်သွားသဖြင့် နေမင်းသခင်မှာ
ရှေ့သို့အရှိန်လွန်၍ မှောက်ရက်လဲ မတတ်ဖြစ်သွားကာ ကိုယ်ကိုဖော့၍ ထိန်းလိုက်ရလေသည်။
        ယင်းအခိုက်မှာပင်  နောက်ကျောမလုံသလို ခံစားလိုက်ရပြီး  အနီးကပ်ရန်သူ၏ အန္တရယ်အငွေ့အသက်ကိုလည်း  ရလိုက်ကာ နတ်မင်းအရက်မူး ခြေလှမ်းသိုင်းထဲမှ နတ်မင်းလေပွေသိုင်းကွက်ကို သုံးကာ ခြေကိုဝိုက်၍  ဆုတ်လိုက်ရလေသည်။
          "ဝှစ် … ဝှစ် …
ဟူး … ဟူး …
ဘုန်း …ဘုန်း …"
     နေမင်းသခင်၏ ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟု ဆိုရပေမည်။ အကြောင်းကား မိမိရပ်တည်ခဲ့သော နေရာ၌  လက်ဝါးရာနှစ်ခု သဲ့သဲ့ထင်ကျန်၍ နေသောကြောင့်ပင်။ထိုကြောင့် နေမင်းသခင်မှာ လူငယ်ပီပီ စိတ်ထွက်သွားကာ နတ်မင်းအရက်မူးသိုင်း၁၈ကွက်ထဲမှ နတ်မိစ္ဆာ နဂါးသိုင်းကွက်ကို သုံးကာ အတွင်းအားအပြည့်ဖြင့် လက်ဝါးရိုက်ချက်များအား တရစပ်အသုံးပြုကာ တိုက်ခိုက်ပစ်လိုက်၏။
             " ဟူးး …ဟူးး …
ဝှစ် ဝှစ် …
ဝှမ်း ဝှမ်း …
ဝုန်းး … ဝုန်း … ဝုန်း …"
              အဝတ်လေတိုးသံ လေခွင်းသံများနှင့်အတူ နှင်းမှုန့်များထောင်းထောင်းထလျက် နဂါးတစ်ကောင် လွန့်လူးနေသကဲ့သို့သော
လက်ဝါးရိုက်ချက်များကြားဝယ် အမည်မသိ လူရိပ်ကလည်း ပေါ့ပါးဖျတ်လက်စွာ  ပွတ်သီကပ်သီဖြင့်ရှောင်တိမ်းနေလေသည်။နေမင်းသခင်မှာ မိမိအစွမ်းကုန်သုံးကာ တိုက်ခိုက်နေသော်လည်း  အေးအေးဆေးဆေးပင် ရှောင်တိမ်းနေနိုင်သည့်  ထိုလူရိပ်အား  အံ့သြစွာကြည့်လိုက်မိရာ  အလွန်ပင် အံ့အားသင့်သွားရလေသည်။
မိမိတိုက်ခိုက်နေသောလူရိပ်မှာ လူဝတ်ကြောင် မဟုတ်ပါပဲ
အလွန်ကြည်ညိုဖွယ်ရာကောင်းသော ရသေ့ကြီးတစ်ပါး ဖြစ်၍နေချေတကား။
            သို့သော် နေမင်းသခင်၏ အံ့သြမှု …
ကြည်ညိုဖွယ်ရာရသေ့ကြီးတစ်ပါးဟူသော  အသိတို့သည် လူငယ်တစ်ယောက်၏ မခံချင်စိတ်,
(မာန)၊ ယောင်္ကျားတစ်ယောက်၏ သိက္ခာတရားအား ချိုးနိုမ်ပစ်လိုက်သော ရသေ့ကြီး၏ စကားတစ်ခွန်းကြောင့် ပျော်ပျက်၍ သွားပေတော့သည်။
         "ဒီကဒကာလေးရဲ့ သိုင်းပညာက
ဘာမှ သုံးစားလို့မရပါလား.…"
         ခနဲ့လိုက်သည့်စကား •••
   လူငယ်တစ်ယောက်၏ ရင်ဘတ်အား မီးထ တောက်စေလိုက်သည့်စကား •••
         ပညာအတိမ်အနက်အားထိထိမိမိ
သိလို၍ထိထိရောက်ရောက်ပြောဆိုလိုက်သည့်စကား ••••
        မှန်၏။ ရသေ့ကြီး၏ တွက်ကိန်းကား မှန်လှ၏။အဘယ့်ကြောင့်ဆိုသော် နေမင်းသခင်က လူငယ်ပီပီ မခံချင်စိတ် ဖြစ်သွားသည့်အတွက်  ကြမ်းပေ့, ရမ်းပေ့, အစွမ်းထက်ပေ့ ဆိုသည့်တိုက်ကွက်တို့အား ကိုယ်အား,ဥာဏ်အား ရှိသမျှဖြင့်  အစွမ်းကုန် ဖော်ထုတ်
တိုက်ခိုက်လာပြီမဟုတ်ပါလော။
    "ဒါက နေမင်းမာန်ဟုန်…"
   "ဒါက နေမင်းရောင်ခြည်တစ်ထောင်…”
    "နေမင်းတိမ်ဖောက် …"
  "အမှောင်းခွင်း ရောင်ခြည်…"
              ဝန်းကျင်တစ်ခုလုံး ကမ္ဘာပျက်သည့်အလား ရှုပ်ထွေးသွားစေသည့်သိုင်းကွက်အမည်များမှာ
ကဗျာဆန်လှသော်လည်း
သိုင်းအားအရှိန်အဟုန်တို့ကား ကဗျာမဆန် မနုညံ့ချေ။ တစ်ကွက်ဆို တစ်ကွက် ထိရောက်လွန်းလှသည်။
          "ဟိုင်းစ် ယားစ်…
ဝုန်း … ဝုန်း …
ဝှမ်း ဝှမ်း …
ဖြောင်း …ဖြောင်း …"
       တော်ရုံအဆင့်မြှင့်
သိုင်းသမားပင်လျှင်  စိစိညက်ညက်
ကျေသွားစေနိုင်သည့်တိုက်ခိုက်မှုမှာ  ယခုအခါ   မိမိ၏ဆရာဖိုးဖိုးကဲ့သို့ သိုင်းပညာ၌ အဆင့်လွန်နေပြီဖြစ်သောရသေ့ကြီးအား  လုံးဝပင် မထိခိုက်မိပဲ အနီးဝန်းကျင်ရှိ
ကျောက်တုံးကျောက်ခဲတချို့နှင့်  သစ်ပင်များကိုသာ ထိမိ,ရိုက်မိလေတော့သည်။
       သို့သော်  နေမင်းသခင်ကား ဇွဲမလျော့။ သိုင်းအားကို မချ။ နှစ်ဆမြှင့်၍သာ တိုက်ခိုက်လာ၏။ဤသို့ဖြင့် သိုင်းကွက်ပေါင်း ၂၀၀ကျော်လာသော်လည်း   လက်လျော့မည့်ပုံမပေါ်သည့် နေမင်းသခင်အား ကြည့်ကာ ရသေ့ကြီးက  ပြုံးလိုက်ပြီး  ဝါးတစ်ရိုက်ခန့်အကွာသို့ နောက်ပြန်ခုန်ဆုတ်လိုက်ကာ•••••
         "ကဲ … ဒကာလေး တော်သင့်ပြီ။
ဒီအသက်ဒီအရွယ်နဲ့ တကယ်ကို
ထက်ထက်မြက်မြက်ရှိပါပေတယ်။ နောင်တစ်ချိန် သိုင်းလောကမှာ
ကျော်ကြားလာမှာ  ဧကန်မုချပဲ …"
ဟု  ချီးကျူးစကားဆိုလေသည်။
         ထိုစကားကြောင့် နေမင်းသခင် မှာ  ရှက်ကိုးရှက်ကန်းဖြစ်ကာ မျက်နှာနီရဲသွားကာ အောက်သို့ငုံ့ပစ်လိုက်မိလေသည်။ အဘယ်ကြောင့်ဆိုသော်
မိမိ၏  အကြီးအကျယ်တိုက်ခိုက်မှုမှာ ရသေ့ကြီး၏ အဝတ်စမျှပင်  မထိ,မဟုတ်ပါလော။
          ထိုအခါ  တစ်ချိန်လုံး ငြိမ်သက်နေခဲ့သည့် အဖိုးအိုက ရသေ့ကြီး၏ အနားသို့သွားကာ  ဦညွှတ်လိုက်၏။ယင်းနောက်တွင်မူ •••••
        " ရသေ့ကြီး … လာဗျို့။ အဖန်ရည်လေး သောက်ရအောင်။ ဒါနဲ့ အလည်သက်သက်ပဲလား။
သိုင်းလောက သတင်းထူးတွေဘာတွေ ပါလာသေးလား …"
           အဖိုးအိုမှ ရင်းနှီးကျွမ်းဝင်စွာ စကားဆိုလိုက်ရာ  ရသေ့ကြီးကလည်း ပြုံးရွှင်စွာဖြင့် အဖိုးအိုခေါ်ဆောင်ရာသို့ ပုခုံးဖက်ကာ လိုက်သွားရင်းမှ •••••
         "ပါတာပေါ့  ဓားသခင်ကြီးရယ်။
ဒါပေမဲ့ အခုလောလောဆယ် အဲ့ဒါတွေ မပြောချင်သေးဘူး။ဓားသခင်ကြီးရဲ့
စစ်တုရင် အစွမ်းတိုးတက်မှု့ကိုပဲ မြည်းစမ်းကြည့်ချင်စမ်းပါဘိ …"
ဟု စကားဆိုလိုက်ရာ နှစ်ဦးစလုံးပင် တဝါးဝါး ရယ်မောလိုက်မိကြတော့သည်။
       " ဟား …ဟားး … ဟား
ဟား …ဟားး …ဟား  "
         ထိုအခါတွင်မှ ကြောင်တက်တက်ဖြစ်နေသည့် နေမင်းသခင်မှာလည်း မိမိဆရာအဖိုးအိုနှင့် ရသေ့ကြီး၏ ပတ်သက်မှုအား သဘောပေါက်သွားကာ •••••
        " ဖိုးဖိုးနဲ့ ဖိုးရသေ့ကြီးက သိနေကြတာလား …”
           နေမင်းသခင်၏ အမေးကြောင့် အဖိုးအိုက ပြုံးလိုက်ပြီး နောက်မှလိုက်လာသည့် နေမင်းသခင်ဖက်သို့ လှည့်ကာ မိတ်ဆက်ပေးလိုက်၏။
     "သိတာပေါ့ …လူလေးရာ။
မှတ်ထားနော်  ဒီရသေ့ကြီးကို
သိုင်းလောကမှာ နတ္ထိရသေ့ကြီး …
လို့ ခေါ်ကြတယ် …"
        "ဟုတ်ကဲ့ ဖိုးဖိုး …
ကျွန်တော် မှတ်ထားပါ့မယ် …၊
         ဖိုးရေသ့ …
တပည့်တော်ကို ခွင့်ပြုပါအုံး…
”ဟု ယဉ်ကျေးစွာဆိုကာ ဂါရဝပြုလိုက်ပြီး တောင်စောင်းဘက်သို့ ထွက်လာခဲ့လိုက်၏။
      <> <> <> <> <> <> <> <> <>
     #သဏ္ဍာန်မဲ့မြွေနှင့်သေမင်းဧကရာဇ်
      နေမွန်းတည့်ချိန်ဖြစ်သော်လည်း မိုးထိတောင်ပေါ်၌
နေပျောက်ထိုးယုံမျှသာ ရှိပေသည်။
ရသေ့ကြီးနှင့် ဓားသခင်အဖိုးအိုတို့မှာ
စစ်တုရင်ထိုးနေရင်း ပတ်ဝန်းကျင် အား မေ့လျော့နေလေသည်။
နေမင်းသခင်မှာ  မလာသဖူး အလာထူးသည့်ဧည့်သည်ရသေ့ကြီးနှင့် မိမိတို့မြေးအဖိုးနှစ်ယောက်
စား,သောက်ရန်အလို့ငှာ
ထင်းကောက်ရင်းဖြင့် သစ်သီးသစ်ဥတချို့ကို ရှာရန်
တောင်စောင်းဘက်သို့် ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။
နေမင်းသခင်မှာ လမ်းလျှောက်ရင်းမှာ ဟိုဟိုဒီဒီ  ရှာဖွေလျက်ရှိရာ
မိမိရှေ့ တစ်လံလောက်အကွာမှ  တစ်ကိုယ်လုံးဖြူစွတ်နေသော
မြွေလေး တစ်ကောင်အားတွေ့လိုက်ရသဖြင့်  စိတ်ဝင်စားသွား၏။နှုတ်မှလည်း ••••
     "စိတ်ဝင်စားပဲ …
မြွေက  စွတ်စွတ်ဖြူနေတာ။ ဖိုးဖိုး ဟိုတစ်ခါပြောဖူးတဲ့ သဏ္ဍာန်မဲ့မြွေဆိုတာလား မသိဘူး…"
         သဏ္ဍာန်မဲ့မြွေ …
နေရာအလိုက်
အရောင်ပြောင်းလဲတတ်သောကြောင့်   သဏ္ဍာန်မဲ့မြွေ ဟုခေါ်ဆိုခြင်းဖြစ်သည်။ထို့အပြင်  တစ်ကောင်ဆိုတစ်ကောင် ရှားပါးလွန်းလှသလို, အဆိပ်လဲပြင်းလွန်းလှပေသည်။၎င်းသဏ္ဍာန်မဲ့မြွေအား
အလွန်းအေးသောနေရာနှင့်
အလွန်ပူသောနေရာ၌သာ တွေ့ရှိနိုင်ပြီး
ရေခဲညွန့်ဟုခေါ်သော … ရှားပါဆေးဖက်ဝင်အပင်၏
အညွန့်နှင့်  ငရဲပန်းဟုခေါ်သော… အဆိပ်ပန်းကိုသာစားသောက်တတ်သော သတ္တဝါဖြစ်သည်။
      မြေအနေထားအလျောက် အရောင်ပြောင်းတတ်သောကြောင့် တော်ရုံမျက်စိဖြင့် မမြင်နိုင်ပဲ
အတွင်းအားကောင်းပြီး ကံအလွန်ကောင်းသူနှင့် ကံအလွန်ဆိုးသူသာ ကြုံတွေ့နိုင်ပေသည်။
         လွန်ခဲ့သော
နှစ်ပေါင်း၆၀ကျော်ခန့်က
မုယုံကျဲ ဟူသော သိုင်းမိစ္ဆာတစ်ယောက် သိုင်းလောက၌ ထွက်ပေါ်ခဲ့ပေသည်။သူ၏  ငယ်ဘဝကတည်းက အကြံအစည်မှာ
သိုင်းလောကအား အုပ်စိုးရန် ဟူ၏။
ထို့ကြောင့် မုယုံကျဲမှာ မိမိအတွင်းအား အထိဋ်အထိပ်
ရောက်ရန်အတွက် သဏ္ဍာန်မဲ့မြွေအား ကြိုးစားရှာဖွေခဲ့လေသည်။အကြောင်းမှာ သဏ္ဍာန်မဲ့မြွေ၏ သွေးအားသောက်သုံးလျှင်
အဆိပ်ပြီး၍
အပူအအေးအတွင်းအားကိုပါ
ရရှိနိုင်သောကြောင့်ဖြစ်၏။
      မုယုံကျဲမှာ လူမိုက်ကံကောင်း… ဟူ၍ ဆိုရပေမည်။
ဤမိုးထိတောင်ခြေကပင်လျှင်  မုယုံကျဲတစ်ယောက်
သဏ္ဍာန်မဲ့မြွေအား ရရှိခဲ့ပြီး
မြွေ၏သွေးအားသောက်သုံးနိုင်ခဲ့လေသည်။ ထို့နောက်
အနက်ရောင်သိုင်းလောက၌ ရှိသော
တစ်ကိုယ်တော်သိုင်းထိပ်သီးများအား၎င်း၊ အစုအဖွဲ့များအား၎င်း၊ သိုင်းဂိုဏ်းများအား၎င်း
အလောင်းအစားဖြင့် စိန်ခေါ်၍ တိုက်ခိုက်လေတော့သည်။
မုယုံကျဲကား  ဥာဏ်ကောင်းသူပီပီ သူ၏စိန်ခေါ်မှု၌ အလောင်းအစားတစ်ခု ထည့်သွင်းထား၏။အနှီးအလောင်းအစားမှာ  မိမိကိုနိုင်လျှင်
မိမိက တပည့်ခံမည်ဖြစ်ပြီး  မိမိ၏ သိုင်းပညာအား ပေးမည်။သူကနိုင်လျှင် သူ့ထံ၌ တပည့်ခံ၍  တတ်သည့်သိုင်းပညာအား သူ့အား ပေးရမည် …ဟုသော အလောင်းအစားပင် ဖြစ်ပေသည်။
            သို့ရာတွင် မုယုံကျဲ၏ အပူအအေးအတွင်းအားကြောင့်
ယှဉ်ပြိုင်သူတိုင်း  ရှုံးနိမ့်ကာ အနက်ရောင်သိုင်းထိပ်သီး  အကုန်နီးပါး မုယုံကျဲလက်အောက်သို့ရောက်ခဲ့ရသည်။ဤသို့ဖြင့်  ကျန်အနက်ရောင်လက်အောက်ငယ်သား သိုင်းသမားများမှာလည်း အလိုလိုပင် လက်အောက်ခံဖြစ်သွားကာ အနက်ရောင်သိုင်းလောက၏ ဘုရင်မုယုံကျဲအဖြစ်သို့ ရောက်ရှိလာလေတော့သည်။ထိုအခါ
 မုယုံကျဲက မိမိလက်တွင်းသို့
ရောက်ရှိလာသော
အနက်ရောင်သိုင်းကျမ်းများထဲမှ အရက်စက်ဆုံးသိုင်းကွက်များအား ပြုပြင်တည်းဖြတ်၍ စုစည်းကာ သေမင်းဧကရာဇ်သိုင်းကျမ်း ခေါ်  မိစ္ဆာသိုင်းကျမ်းကို  ဖန်တီးပြုစု၍ လေ့ကျင့်အောင်မြင်ခဲ့လေသည်။
          ဤနောင် မိမိလက်အောက်ခံအဖြစ်ဝင်ရောက်ရန် အဖြူရောင် သိုင်းလောကအား  စစ်ကြေညာလေရာ •••
       ရှောင်လင်ဂိုဏ်း ၊ ဝူတန်းဂိုဏ်း ၊ ဟွာဆန်းဂိုဏ်း၊
အော့မေဂိုဏ်း၊ တေလေဂိုဏ်း၊ ပန်းစကြ်ာဂိုဏ်း …ဟူသော ဂိုဏ်းကြီး ခြောက်ဂိုဏ်းနှင့်တကွသော  အဖြူရောင်ဘက်တော်သား သိုင်းသမားတို့က   မုယုံကျဲအား တားစီးနိုမ်နင်းရန် ကျိုးစားကြရာမှ စ၍  သိုင်းလောကသားတိုင်းမေ့မရနိုင်သည့်  သွေးချောင်းစီးတိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တော့သည်။
          ဤနောက်တွင်မှ  တစ်နေ့တခြားဆိုးဝါးလာသော မုယံကျဲအား တားစီးရန် (သူ့တုတ်ဖြင့် သူ့ပြန်ရိုက်သကဲ့သို့ …) သူ့နည်းဖြင့် သူ့ပြန်တိုက်ရန် စဉ်းစားမိကြတော့သည်။
      သိုင်းလောကရှိ အဖြူရောင်သိုင်းဂိုဏ်းချုပ်ကြီးများကိုယ်တိုင် အကျေအလည်ဆွေးနွေးကာ အစည်းအဝေးထိုင်၍  အဆုံးသတ်၌ မုယုံကျဲအား ယှဉ်ပြိုင်ရန်
တစ်ကိုယ်တော်သူရဲကောင်း  ရောင်ခြည်ဓားသမားအား ရွေးချယ်ခဲ့ကြ၏။
ရှောင်လင်ဂိုဏ်းမှ စကြ်ာဝဠာအတွင်းအားသိုင်း၊
ဟွာဆန်းဂိုဏ်းမှ တုကူးဓားသိုင်း၊
ဝူတန်းဂိုဏ်း မှ တိမ်လှေကား ကိုယ်ဖော့ပညာနှင့် ထိုက်ကျိဓားကွက်အနှစ်ချုပ်၊
တေလေဂိုဏ်း မှ နဂါးမုန်တိုင်း ၁၈ ကွက် …တည်းဟူုသော
ထိပ်တန်းသိုင်းပညာများ၊
အော့မေဂိုဏ်းမှ(အဆိပ်နိုင်)နှစ်တစ်ထောင် သွေးကျောက်နှင့်
ခေတ္တရာပန်းဂိုဏ်းမှ ဂိုဏ်းစောင့်ကြီးလေးဦး၏
အတွင်းအား လွဲပြောင်းခြင်းဖြင့်လည်း ပံပိုးကာ  ပြီးပြည့်စုံသော သစ္စာရှင်ရောင်ခြည်သိုင်းသမားအား မုယုံကျဲနှင့် သဘောတူညီမှုယူလိုက်နိုင်သည့် ၂နှစ်ဟူသော ကာလအတွင်းမှာပငှ်အပြင်းအထန်သင်ကြားလေ့ကျင့်ပေး၍ မွေးထုတ်နိုင်ကြခဲ့ပေသည်။
         သို့ရာတွင်လည်း ၂နှစ်ပြည့်သည့်အချိန်၌
မုယုံကျဲနှင့် ရောင်ခြည်သိုင်းသမား တို့မှာ  မည်သည့်အကြောင်းမှ မသိရပဲ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားကြလေ၏။ •••
        ထို့အချိန်မှစ၍
မုယုံကျဲမရှိသည့်နောက်ပိုင်း အနက်ရောင်သိုင်းလောကသည်လည်း သူတစ်လူ ငါတစ်မင်းစနစ်နှင့်
ပြန်ဖြစ်သွားကာဝါးစည်းပြေသကဲ့သို့ ပြေ၍  အဖြူရောင်သိုင်းသမား၏
ဖြိုခွင်းတိုက်ခိုက်မှုကို ခံရကာ  တချို့လည်း
အမိုက်ဇာတ်သိမ်းသွားကြရလေသည်။တချို့မှာမူကား  သိုင်းလောကမှ
ဇာတ်မြုပ်သွားကြ၏။
        သို့သော်  ယနေ့တိုင် သိုင်းလောကသားများ ပြောမဆုံးပေါင် တော်သုံးကောင်… ဖြစ်နေသည့် ပဟေဠိသည်ကား ••••
      သေမင်းဧကရာဇ်မုယုံကျဲနှင့် ရောင်ခြည်သိုင်းသမားတို့   ဘယ်ရောက်ကုန်ကြပါသနည်းဟူသည်နှင့်အတူ  မုယုံကျဲ၏ အနက်ရောင်ရတနာ သေမင်းဧကရာဇ်သိုင်းကျမ်းသည်၎င်း …  ရောင်ခြည်သိုင်းသမား၏ အဖြူရောင်ရတနာ ရောင်ခြည်သိုင်းကျမ်း(မှတ်စု)သည်၎င်း …   အတွေးရခက်သည် ပုစ္ဆာများ
ဖြစ်ကာ  အစဉ်အမြဲတိုင်းသာ
နောင်လာနောင်သားတို့၏ အိပ်ရာဝင်ပုံပြင်သဖွယ် ဖြစ်၍နေခဲ့ပေတော့သည်။
*Thant zin htun
No comments:
Post a Comment
နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၁၃)
နေမင်းသခင်​နှင့်​ ​သေမင်းဧကရာဇ်​ အပိုင်း ၁၃ စာ​ရေးသူ သန်​ဇင်​ထွန်း ​ကျောက်​စိမ်းနန်း​တော်​နှင့်​ အတိတ်​မှအမည်းစက်​များ... ​​ကျေ...