#နေမင်းသခင်နှင့်သေမင်းဧကရာဇ်
(အပိုင်း၉)
စာရေးသူ သန့်ဇင်ထွန်း
ပတ်ဝန်းကျင်တစ်ခုလုံး သာယာလျက်ရှိပြီး နေပူရှိန်နွေးနွေးလေးကြောင့် သူ ပျော်ရွှင်သွား၏။ ဟုတ်ပေသည် … ခြောက်သွေ့သော မြေသားပြင်နှင့် ဖြန့်ကျက်ထားသည့်အလင်းရောင် စက်ကွင်း၏အပူရှိန်သည် သူ၏လွတ်မြှောက်ခြင်း သင်္ကေတပင် မဟုတ်ပါလား ••••
သူက ဂူပေါက်ဝကို ပိတ်ဆို့ထားသည့် ခြုံဘုတ်ကြီးအတွင်းမှ တိုးထွက်လိုက်ပြီး မိမိရောက်နေသည့်နေရာအား ဆန်းစစ်လေ့လာကြည့်လိုက်သည်။ သို့သော် သူ မသဲကွဲပေ။ မိမိလာခဲ့သော နောက်ကျောဘက်ကို ပြန်ကြည့်လိုက်သောအခါတွင်မှတော့ ကြီးမားမောက်စောက်လွန်းသည့် မိုးထိတောင်ကြီးကို တွေ့ရ၏။
"အင်း … ငါရောက်နေတာ မိုးထိတောင်ကြီးရဲ့ အောက်ခြေ ချောက်ကမ်းပါးအတွင်းဘက်မှာ ဖြစ်မယ်။ ဘာဖြစ်ဖြစ် ငါဘေးမသီရန်မခပဲ ထွက်လာနိုင်တာ ဝမ်းသာစရာပါပဲလေ …"
စင်စစ် သူသည် တစ်ခါတစ်ခါ ထထနာတတ်သည့် ဝမ်းတွင်းမှဝေဒနာကြောင့် ဂူတွင်းမှာပင် အသက်အဆုံးမခံနိုင်သဖြင့် ဂူတွင်းမှ လှိုဏ်ခေါင်းများအတွင်း ဝင်မိဝင်ရာဝင်လာရင်းမှ တောင်ခြေသို့ ကံကောင်းထောက်မစွာ ရောက်ရှိလာသည့် နေမင်းသခင်ပင် ဖြစ်ပေသည်။
ဤတွင် သဏ္ဍာန်မဲ့မြွေဟူသော
အနှီးသတ္တဝါသည် နေမင်းသခင်၏ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိနေသော်လည်း တောင်လယ်ရှိ ဂူအတွင်းတွင် နေမင်းသမင်အမှတ်တမဲ့စားလို နီရဲရဲသစ်သီးနှင့် နွယ်ပင်ဟု ယူဆကာ စားလည်းစား၍ ကိုက်ချေကာ ဒဏ်ရာကိုပင် အုံလိုက်သေးသည့်အပင်မှာ ရေခဲညွန့်ခေါ် ရှားပါးဆေးဖက်ဝင်အပင်ဖြစ်သောကြောင့် သဏ္ဍာန်မဲ့မြွေသည်လည်း အစာအတွက်အဆင်ပြေသွားကာ နေမင်းသခင်တစ်ယောက် သေကံမရောက် သက်မပျောက်ပဲ ဖြစ်သွားခြင်း ဖြစ်၏။သို့မဟုတ်ပါက အကောင်းအဆိုးဒွန်တွဲကာ ရှားပါးသလောက် ပြင်းထန်လွန်းသော အစွမ်းအာနိသင်ရှိသည့် သဏ္ဍာန်မဲ့မြွေ၏ သောင်းကျန်းမှုကြောင့် နေမင်းသခင်ကား လှိုဏ်ဂူထဲမှာပင် လူမသိသာမသိ အသက်ပျောက်ရပေလိမ့်မည်။အခုတော့ ••••
"ဝါး … ရှေ့မှာ စမ်းချောင်းလေးပါလား။ ဒီလိုရေမျိုး မချိုးဖူးသေးတာနဲ့ အတော်ပဲ။ဟားး ဟားး … "
နေမင်းသခင်မှာ မိုးထိတောင်ပေါ်တွင် တစ်သက်နဲ့တစ်ကိုယ် မိုးရွာချိန်တွင်သာ ရေလုံလုံလောက်လောက်ချိုးဖူးပြီး ကျန်အကျန်များတွင် လက်ယက်တွင်းပမာ တူးထားသည့် တွင်းငယ်လေးအတွင်းသို့ နှင်းခဲများ ရေခဲများအား နေရောင်၌ အရည်ပျော်စေ၍ ၄င်းရေဖြင့်သာ ကိုယ်လက်ဆေးကြောခြင်းအမှုကို ပြုရသည့်ဖြစ်ရာ စမ်းချောင်းကို တွေ့သည့်အခါ ဟန်ပင်မဆောင်နိုင်တော့ချေ။ထို့ကြောင့် အပေါ်ဝတ်အင်္ကျီလေးအား ချွတ်ကာ စမ်းချောင်းအတွင်းသို့ ခုန်ချပစ်လိုက်လေတော့သည်။
"ဝုန်း …
ဟားး ဟားး …
ရေအဝ ချိုးပစ်ရမယ်ကွ …
ယေ့ ယေ့ ဝါးးးဟားဟားး …"
နေမင်းသခင်က ခုန်ချပြီးသည်နှင့် ရေထဲတွင် ခုန်ပေါက်အော်ဟစ်၍ ပတ်ဝန်းကျင်အား လုံးလုံးပင် သတိမပြုမမူမိပဲရှိသော်လည်း တစ်ကိုယ်တည်းရှိသည်အမှတ်နှင့် ရေစိမ်ချိုးနေသည့် စုချင်းလျှံမှာတော့ ဝုန်းဆိုသည့်အသံနှင့်အတူ ယောင်္ကျားတစ်ယောက်၏ အသံကြောင့် လန့်ဖြန့်ကာ အတန်ကြာသည့်အထိ ငေးကြောင်သွားပြီးမှ ဒေါသတကြီးဖြင့် စွပ်စွဲပြောဆိုလိုက်၏။
"ရှင် …ရှင် …
ရှင်လူယုတ်မာ။ တဏှာရှုးကောင် … အောက်တန်းကျလှချည်းလား ဟင်…"
ထိုတွင် တစ်ယောက်ထဲ ပျော်မြူးနေသည့်နေမင်းသခင်မှာ မိမိနားဘေးမှ ခက်ထန်မာကျောစွာထွက်ပေါ်သည့် စကားသံကြောင့် လန့်၍ပင် သွားကာ ဘေးဘီကို လျှင်မြန်စွာကြည့်လိုက်ရာ ဆံနွယ်တစ်ထွေကြီးအား ကျောက်စိမ်းရောင်ဆံထိုးတစ်ချောင်းဖြင့် ထိုးစိုက်ထားပြီး ဒေါသရောင်ဖြင့် ရဲရဲတောက်နေသည့် ကျားသစ်မလေးအလား မာန်ဖီးနေသာမျက်နှာလေးနှင့်အတူ မိမိရင်ဘတ်အား ဒိုင်းခနဲထိမှန်သွားသည့်နှယ် အောင့်တက်သွားစေသည့် နဂါးမာန်မျက်စောင်း … ဝင်းဝါစိုစွတ်နေသည့် အသားအရေနှင့် အနည်းငယ်ရှည်သယောင်ရှိသည့် လည်ပင်းဖြူလွလွလေး …ထို့အပြင် လက်နှစ်ဖက်ဖြင့် မိမိကိုယ်ကို ပိုင်းဖက်ယှက်သန်းထားသည့်ကြားမှ ထင်းနေသည့် အနီရင့်ရင့်မှဲ့ရှင်သီးလေးနှင့် ခပ်မို့မို့အသားစိုင် အပိုင်းအစများ … အထူးသဖြင့် သူမမျက်နှာတွင် အမုန်းတွေ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသဖြင့် ••••
"ဟင် …
ဒါ ဒါ ဘိုးဘိုးပြောပြဖူးတဲ့ ဒဏ္ဍာရီထဲက လူတစ်ပိုင်းငါးတစ်ပိုင်းဆိုတဲ့ သတ္တဝါဆိုတာများလား မသိဘူး။
ဘိုးဘိုးပြောတာတော့ ဒီလိုကောင်တွေက လူကိုတွေ့ရင် မုန်းလွန်းလို့ ကိုက်သတ်တာဆိုလား … "နေမင်းသခင်မှာ ထိုကဲ့သို့ ယုတ္တိမဲ့စွာတွေးလိုက်မိပြီး ထိတ်လန့်တုန်လှုပ်သွားကာ စုချင်းလျှံအား ထပ်မံ၍ အစုန်အဆန်ကြည့်ရှုစစ်ဆေးလိုက်၏။
ဤတွင် စုချင်းလျှံမှာ မိမိအား မျက်လုံးအပြူးသားဖြင့် အငမ်းမရကြည့်နေသည့် လူရမ်းကားအား အစိမ်းလိုက်ဝါးစားချင်ပင် ပေါက်လာကာ စိတ်ထဲပေါ်လာသည့်အတိုင်း ခြိမ်းခြောက်အော်ဟစ်လိုက်၏။ "ရှင် … ရှင် ပြောလေဆိုးလေးပါလား။
အခုချက်ချင်း ထွက်သွားစမ်း … ကျောက်စိမ်းနန်းတော်သခင်မကို ဘာအောက်မေ့နေလဲ … ရှင့်ကို နှုတ်နှုတ် နှုတ်နှုတ်စင်းပြီး ချက်စားပစ်လိုက်မယ် သေနာကျ တဏှာရှုးကောင်…"
"ငါ …ငါ …ငါ …
မ …မ …မဟုတ်… ကျုပ် …ကျုပ်ကျွန်တော် မ… မသိ …
လိုက် …လို့ပါဗျာ …"
ဤကဲ့သို့ နေမင်းသခင်၏နှုတ်မှ အဆင်မချောစွာ တုန့်ပြန်လိုက်ကာ မီးဝင်းဝင်းတောက်နေသည့် သူမ၏မျက်လုံးအစုံအား ရင်မဆိုင်နိုင်တော့သဖြင့် ကမ်းပေါ်သို့ပြန်တက်လာလိုက်ပြီး သူ၏အပေါ်ဝတ်အင်္ကျီလေးအား ကောက်ယူလိုက်၏။ သို့ရာတွင် ထွက်ခွာသွားရန် သင့် မသင့် ချီတုန့်ချီတုန့်ဖြစ်ကာ စုချင်းလျှံအား ကျောပေးလျက်အနေအထားဖြင့်ပင် ရပ်တန့်နေလိုက်မိသည်။စိတ်ထဲတွင်တော့ "သူမသည် လူသားစစ်စစ်ပါလား…" ဟူသော အတွေးတို့ဖြင့် အကြောင်းမဲ့ မောဟိုက်တုန်ရီကာ နေလေတော့သည်။
<> <> <> <> <>
ကျောက်စိမ်းနန်းတော် …
ကျောက်စိမ်းနန်းတော်သည် သိုင်းလောက၌ အဖြူတစ်ဝက် အနက်တစ်ပိုင်းဖြင့် နန်းတော်…ဟု ဆိုသော်ငြား သိုင်းဂိုဏ်းလည်းမဟုတ် … ရဲတိုက်လည်းမမည် …စံအိမ်လည်း မကျနှင့် ခွကျကျအနေအထားဖြင့် ပဟေဠိဆန်စွာ ထင်ရှားကျော်ကြားလေသည်။ သို့သော် ကျောက်စိမ်းနန်းတော်၏ တည်နေရာအား သိရှိသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။
ဤသို့ဆိုလျှင် အဘယ့်ကြောင့် ကျောက်စိမ်းနန်းတော်သည် သိုင်းလောက၌ ထင်ရှားကျော်ကြား၍ နေပါသနည်း။ ရှင်းပါအံ့••••
သိုင်းလောက၏ ခေါင်းကိုင်ဖခင်ဖြစ်သည့် ရှောင်လင်ကျောင်းတော်အတွင်း၌ အေးချမ်းစွာ တရားအားထုတ်လိုသည့် အဖြူရောင်သိုင်းပညာရှင်ကြီးများနှင့် အထိမ်းသိမ်းခံ သို့မဟုတ် အသိတရားရကာ လက်နက်ချအလင်းဝင်လိုသော အနက်ရောင် သိုင်းပညာရှင်ကြီးများရှိသကဲ့သို့ပင် ကျောင်းစိမ်းနန်းတော်အတွင်း၌လည်း တောခိုဇာတ်မြှပ်လိုသည့် အဖြူရောင် /အနက်ရောင် သိုင်းသမားကြီးများ ရှိခြင်း ••••
သိုင်းလောကအရေးတော်ပုံများ၌
ကျောက်စိမ်းနန်းတော်မှ ကောင်းသည်ကိုရော မကောင်းသည်ကိုပါ ဝင်ရောက်စွတ်ဖက်တတ်ခြင်း •••••
ထို့နောင် ကျောက်စိမ်းနန်းတော်မှ သိုင်းသမားတို့သည် သိုင်းလောကဂိုဏ်းပေါင်းစုံမှ ပညာရပ်များအား အသုံးပြုနိုင်သည့်အပြင် ကျောက်စိမ်းနန်းတော်၏ မူပိုင်သိုင်းပညာများဖြစ်သော ကျောက်စိမ်းလက်ဝါးသိုင်း ၆၄ကွက် … ကျောက်စိမ်းဓါးဝင်္ကပါသိုင်း … ကျောက်စိမ်းရောင်ခြည်သံစဉ်လှိုင်းသိုင်း… ကျောက်စိမ်းမိုးမြေအတွင်းအားပညာရပ်တို့သည် အထူးပင် ထက်မြက်၍ ကောင်းမွန်လှပေသည်။ထို့ကြောင့်လည်း ၄င်းတို့နှင့် ထိပ်တိုက်ဆုံသည့် မည်သူမဆို အရှုံးနှင့်သာ ရင်ဆိုင်ကြရခြင်းသည်လည်း ကျောက်စိမ်းနန်းတော်၏ ထင်ရှားသော အချက်တစ်ခုဖြစ်၏။ သို့ရာတွင်
ကျောက်စိမ်းနန်းတော်မှ သိုင်းသမားတို့သည် မည်သည့်အခါကမှ ပေါ်ပေါ်ထင်ထင်လှုပ်ရှားနေထိုင်လေ့ မရှိပဲ အဆုံးသတ်တွင်မှ သင်္ကေတတစ်မျိုးမျိုးဖြင့် ထုတ်ဖော်ပြသခဲ့လေ့ရှိကာ ကျောက်စိမ်းနန်းတော်မှဟူ၍ သိရှိရသောအခါ ၄င်းသိုင်းသမားတို့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်၍ သွားကြပြီးဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ကျောက်စိမ်းနန်းတော်မှ သိုင်းသမားတို့သည် မြေပြန့် သိုင်းလောကကြီးအတွင်း၌ အသွင်အမျိုးဖြင့် တည်ရှိနေထိုင်ကြသလို အချိန်မရွေးလည်း ပြောင်းရွေ့၍ လှုပ်ရှားနေထိုင်တတ်ကြကာ မြေပြန့်ထိပ်သီးသူဖုန်းစားဂိုဏ်းကြီးပမာ သတင်းအဆက်အသွယ်နှင့် စုဖွဲ့မှု အင်အားကောင်းလှပေသည်။သို့သော် ၄င်းတို့သည် အဘယ့်ကြောင့် ဤ၍ ဤမျှ ပုန်းကွယ်လျှို့ဝှက်စွာ တည်ရှိနေကြပါသနည်းဟူ၍ အမေးရှိလာလျှင်မူ ကျောက်စိမ်းနန်းတော်ရှင်ကိုယ်တိုင်ကပင် အဖြေပေးနိုင်လိမ့်မည်မဟုတ်ပါချေ ••••။
ယနေ့ ကျောက်စိမ်းနန်းတော်၏အတွင်း
ခန်းမဆောင်တစ်နေရာ၌ အသက် ၉၀ခန့်မျှရှိပြီးဖြစ်သော အဘိုးအိုတစ်ယောက် လမ်းလျှောက်နေ၏။ သူ၏ဟန်ပန်ကမူ အေးဆေးတည်ငြိမ်လှကာ မျက်လူံးစူးရှခြင်း … နားထင်နှစ်ဖက် ချိုင့်ခွက်ခြင်းကင်းသဖြင့် သိုင်းပညာ မတတ်ဟု ထင်စရာရှိသော်လည်း သူ၏အထံမှ ဓားတစ်ချောင်း၏အငွေ့အသက်နှင့်အတူ အမျိုးအမည်ဖော်ပြရန်ခက်ခဲသော စွမ်းအင်တစ်မျိုးဖြန့်ကျက်၍ ထွက်ပေါ်နေလေသည်။ ထိုအခိုက် ယင်းခန်းမအတွင်းသို့ အသက်နှစ်ဆယ်ခန့်ရှိ လူငယ်လေးတစ်ယောက်ဝင်ရောက်လာကာ အဘိုးအိုအား ဦးညွှတ်အရိုအသေပေးလိုက်ကာ စကားဆိုလိုက်လေသည်။
"ကျန်းနန်က အဖွဲ့ခေါင်းဆောင်ဆ်ီက အစီရင်ခံစာ ရောက်လာပါတယ် သခင်ကြီး …"
ထိုအခါ သခင်ကြီးဆိုသည့်အဘိုးအိုက လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ကာ ခပ်အေးအေးအမူအရာဖြင့် ပြုံး၍ တုန့်ပြန်စကားဆိုလိုက်၏။
"အေးအေး …
သူက ဘာတဲ့လဲကွ …"
ထိုအခါက လူငယ်လေးက သူ့လက်ထဲမှ စာရွက်ခေါက်လေးအား ဖြန့်ကာ ရေရွှတ်အစီရင်ခံလိုက်လေသည်။
"ရွှေနဂါးအာမခံဌာန တိုက်ခိုက်ခံရ …
နဂါးဓား … ကျားလက်ဝါး … ရွှေခြင်္သေ့သိုင်းသမားကြီး သုံးဦးနှင့်အတူ အာမခံအဖွဲ့သား ၅၀လုံး သေဆုံး …
လျှပ်စစ်ဓား မာလောက်ဟူတစ်ယောက်သာ လွတ်မြှောက် …
သေမင်းတမာန်ဂိုဏ်း
ပြန်လည်ထွက်ပေါ်…
သေမင်းဧကရာဇ်သိုင်းကျမ်း၏သတင်းနှင့် သေမင်းဧကရာဇ်နာမည်ရှိ အသက်၂၀ခန့်လူငယ်တစ်ယောက် နာမည်ထွက်လာ …
ဂိုဏ်းပေါင်းစုံ အစည်းအဝေးအား ကျန်းနန်၌ပြုလုပ်ရန် ပြင်ဆင်နေ …"
Subscribe to:
Post Comments (Atom)
နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၁၃)
နေမင်းသခင်နှင့် သေမင်းဧကရာဇ် အပိုင်း ၁၃ စာရေးသူ သန်ဇင်ထွန်း ကျောက်စိမ်းနန်းတော်နှင့် အတိတ်မှအမည်းစက်များ... ကျေ...
-
#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း၉) စာရေးသူ သန့်ဇင်ထွန်း ပတ်ဝန်းကျင်တစ်ခုလုံး သာယာလျက်ရှိပြီး နေပူရှိန်နွေး...
-
#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၈) စာရေးသူ သန့်ဇင်ထွန်း နေမင်းကြီးကား သူ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက် အနောက်ဂယ...
-
နေမင်းသခင်နှင့်သေမင်းဧကရာဇ် ၁၂ စာရေးသူ.သန့်ဇင်ထွန်း နောက်တစ်ကြိမ်တွေ့ဆုံမှု.. ပြေး.... ပင်းရွယ်က ပြေးဟုသော စကာ...
No comments:
Post a Comment