Tuesday, July 9, 2019

#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၁၀)

#နေမင်းသခင်နှင့်သေမင်းဧကရာဇ်

   အပိုင်း ၁၀
စာ​ရေးသူ သန့်​ဇင်​ထွန်း


          "ရှင်က အခုချိန်ထိ ထွက်မသွားသေးတာ သေချင်လို့ပဲဖြစ်ရမယ်။သိုင်းကွက်ကြည့်စမ်း …"

        နေမင်းသခင်မှာ မတောင်းပန်ပဲ ထွက်သွားရန်မသင့်ဟု တွေးမိသဖြင့် မိန်းမပျိုလေးအား ကျောပေး၍ စောင့်ဆိုင်းနေစဉ် နောက်ကျောဘက်မှ ကြိမ်းဝါးသံစူးစူးလေးနှင့်အတူ  လေတိုးသံသဲ့သဲ့ကြားလိုက်ရသဖြင့် ကပျာကယာ ရှောင်တိမ်းလိုက်ရ၏။

        သို့သော် သူမ၏တိုက်ခိုက်မှုတို့က ဤမျှဖြင့်ရပ်တန့်မသွားချေ။ လက်ဝါးရိုက်ချက်လွတ်သွားသည်နှင့်တပြိုင်နက်  ကျားမလေးအလား မာန်ဖီ၍ ခုန်ပျံဝင်ရောက်လာပြီး  နေမင်းသခင်၏  ဘယ်ညာပခုံးနှစ်ဖက်နှင့် ရင်ဘတ်တည့်တည့်ဆီသို့ လက်ဝါးရိုက်ချက် ၃ချက်တိတိ ရိုက်ထုတ်လိုက်ပြန်၏။ဤတွင် ရှောင်ကွက်ကိုပိတ်၍ တိုက်ခိုက်နိုင်သည့် သူမ၏ သိုင်းပညာအား နေမင်းသခင်လည်း ရှိန်သွားကာ  အနည်းငယ်ပြုံးလိုက်ပြီး အတွင်းအားကို အဆင့်၅အထိ ထုတ်လိုက်ပြီး ကိုယ်ကို တစောင်းအနေအထားသို့ ပြုပြင်လိုက်ကာ ပခုံးနှစ်ဘက်ကို တစ်ဖြောင့်တည်းယူလိုက်ပြီး လက်ဝါးချင်းယှဉ်ရိုက်ပစ်လိုက်ရာ ••••

      " ဝှစ် ဝှစ် ဝှစ် …
ဝှမ်း ဝှမ်း …
ဝုန်းး …"

      စုချင်းလျှံမှာ အတွင်းအားအရှိန်ကြောင့် နောက်သို့နှစ်လှမ်းမျှ ဆုတ်လိုက်ရပြီးမှ တည်ငြိမ်စွာ ရပ်လိုက်နိုင်၏။ သူမ၏မျက်နှာတွင်လည်း  အဝတ်ခပ်နွမ်းနွမ်းနှင့် ပေစုပ်စုပ်ကောင်ထံမှ ဤမျှကောင်းမွန်သော အတွင်းအားရှိသည့်အတွက် အံ့သြဟန်များ အထင်သားပေါ်လွင်၍နေတော့သည်။
သို့သော် ထိုအရာသည် တဒင်္ဂသာဖြစ်၍  ရှက်ရွံ့မှုအရင်းခံ၍ ရွှံရှာခြင်း…မုန်းတီးခြင်းတို့က အင်ဖြင့်အားနှင့် စုဖွဲ့သွားစေရာ နောက်ကျောဘက်မှ ဓါးအား ဖြေးညှင်းစွာ ဆွဲထုတ်လိုက်လေတော့သည်။သူမအနေဖြင့် ဤကောင်စုတ်အား အရေခွံစုတ်ပစ်ရန် ဆုံးဖြတ်လိုက်ပြီမဟုတ်ပါလား …

      နေမင်းသခင်မှာ  သူမ၏ဟန်အမူအရာကြောင့်  ထိတ်လန့်သွားသော်လည်း ပထဆူံးအကြိမ်အဖြစ် မိန်းမပျိုတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသည်ဖြစ်ရာ ရင်ခုန်စိတ်လှုပ်ရှားနေမိသည့်ကတော့ အမှန်ပင်။
        သို့သော် သူ၏သာယာမှုတို့မှာ အခိုက်အတန့်မျှသာဖြစ်၏။ ဖြစ်လိုတိုင်း မဖြစ်ရသည်မှာ လောကဓမ္မတာပင် မဟုတ်ပါလော !!!

        "ဟျောင့်…
မိနါးကလေးတစ်ယောက်နဲ့ ခုလိုတိုက်ခိုက်နေတာ မင်းမရှက်ဘူးလား။ မင်းကြည့်ရတာ ယောင်္ကျားမဟုတ်ဘူးနဲ့ တူပါတယ်ကွာ … ဟားး ဟားး …"

       နေမင်းသခင်၏ သာယာနေသော ဖိုမကမ္ဘာလေးအတွင်းသို့ ရုတ်တရက်ဝင်ရောက်လာသည့် မုန်တိုင်း  … (ဝါ) မဖိတ်ခေါ်ပဲ ရောက်ရှိလာသည့် အဖျက်ကောင်နတ်ဆိုး !!!
       မှန်၏ …
နေမင်းသခင်အား ပစ်ပစ်နှစ်နှစ်ပြောဆိုသံနှင့်အတူ လူတစ်ယောက် ရောက်ရှိလာခြင်းဖြစ်ပေသည်။

        ထိုသူက ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းသကဲ့သို့ စကားဆိုပြီးနောက် စုချင်းလျှံဘက်သို့လှည့်ကာ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်ပြီး "မမ … ဘာမှမပူနဲ့နော်။ဒီခွေးကောင်ကို မမကိုယ်စား ကျွန်တော်အရေခွံစုတ်ပေးမယ် .…"ဟူ၍  စကားဖြင့်အမှတ်ယူလိုက်ပြီးနောက် နေမင်းသခင်အားကြည့်ကာ အထင်အမြင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ထပ်မံ၍ မာကျောခက်ထန်စွာစကားဆိုလိုက်ရင်းမှ  ပြင်းထန်စွာတိုက်ခိုက်လိုက်တော့သည်။
     
      "ဟေ့ကောင် …
မင်းလိုကောင်တွေကြောင့် ငါတို့
သိုင်းလောကကြီး အကျည်းတန်နေတာကွ။ ဒီနေ့တော့ မင်းသေနေ့စေ့ပြီပေါ့ကွာ။ မင်းက ဘယ်လောက်တောင်များအစွမ်းရှိလို့ ဒီကမမကို စော်ကားရတာလဲ ငါကြည့်အုန်းမယ် သိုင်းကွက်ထုတ်…"

         နေမင်းသခင်မှာ ကိုယ့်ထက်ပင်အသက်ငယ်ပုံပေါ်သည့်ကောင်က စကားကြီးကြီးကျယ်ကျယ်ဆိုနေရာ ဒေါသထွက်ရမည့်အစား ရယ်ချင်စိတ်ပင်ဖြစ်မိသည့်အတွက် အတင်းမျိုသိပ်ထားလိုက်ရ၏။သို့သော် ထိုသူမှ ရုတ်တရက်တိုက်ခိုက်လာသည့်အခါ မရယ်နိုင်တော့ပေ။

        "ဝှမ်း ဝှမ်း …
ဝုန်း ဝုန်း …"

      ဗွေစဦးလက်ဝါးနှစ်ချက်ကပင် အားရှိန်အလွန်ပြင်းသဖြင့် နေမင်းသခင်မှာ မနည်းပင်
ရှောင်လိုက်ရကာ သူမူလရပ်နေခဲ့သည့်နေရာတွင် လက်ဝါးရာနှစ်ချက် ထင်းနေသည်ကို တွေ့ရလေသည်။သို့ရာတွင် အနှီလူငယ်ထံမှ မုန်တိုင်းကျသည့်အလား ဆက်လက်ထွက်ပေါ်လာသည့် လက်ဝါးရိုက်ချက်တို့ကြောင့် နေမင်းသခင်မှာ မနေသာတော့ပဲ ဒေါပွပွဖြင့်  အတွင်းအားအပြည့်ထုတ်ကာ ပြန်လည်တိုက်ခိုက်လိုက်တော့သည်။

        နေမင်းရောင်ခြည်တစ်ထောင်လက်ဝါး … လျှင်မြန်၏။ မာကြော၏။ တိုက်ကွက်တို့ကအားမာန်အပြည့်ပါသော်လည်း သွက်လက်၍မရိုးရှင်းပါချေ။ သို့သော် တစ်ဖက်မှ လူငယ်ကလည်း မခေ။ တန်ပြန်ဝင်ရောက်လာသည့် လက်ဝါးရိုက်ချက်တို့ကြားမှ နတ်ဆိုးတစ်ကောင်အလား ခုန်ပေါက်ရှောင်တိမ်း၍ ပြန်လှန်တိုက်ခိုက်နေ၏။

      ဤမြင်ကွင်းကိုကြည့်ကာ  စုချင်းလျှံမှာ မိမိအား မမဟူသည့်လူငယ်လေးကို စိတ်ပူနေမိသော်လည်း သူ၏အတွင်းအားအနေအထားကြောင့် ဝင်ကူရန်မတတ်နိုင်ချေ။သို့ရာတွင်  လိုရမယ်ရ ဆံထိုးလက်နက်ပုန်းလေးနှစ်ချောင်းကိုမူ အဆင်သင့်ပြင်ထားလိုက်၏။ပေစုပ်စုပ်ကောင်သာ အသာစီးရသွားပါက သူမအနေနဲ့ ကျန်းသေပေါက်ပစ်လွှတ်လိုက်မည်သာ။ဤတွင်  သစ်ပင်ခြုံနွယ်ကြားမှ လူကြီးတစ်ယောက်သည်လည်း  ယင်းတိုက်ပွဲနှင့်စုချင်းလျှံ၏အနေအထားကိုကြည့်ကာ ပြုံးနေသည်ကိုတော့ စုချင်းလျှံတစ်ယောက် မသိပါချေ။

       တိုက်ပွဲကား တဖြေးဖြေးနှင့် ပိုမိုပြင်းထန်လာ၏။ သိုင်းကွက်(၅၀)ပင်ကျော်လွန်လာသော်လည်း  တစ်ဖက်နှင့်တဖက် အသာစီးမရသေးချေ။ ထိုအခိုက်  တစ်ဖက်လူငယ်ထံမှ လူသတ်ချင်လာသည့်အရိပ်အယောင်များ ပေါ်ထွက်လာပြီး ကောက်ကျစ်စွာပြုံးကာ လူချင်းပူးကပ်နေရာမှ  နောက်သို့ခုန်ဆုတ်လိုက်၏။

      ထိုအခါ ဝါးတစ်ပြန်မျှအကွာအဝေးသို့ ရောက်ရှိသွားကာ လူငယ်က မျက်နှာပြင်ကိုအပေါ်သို့မော့လိုက်ပြီး လေအဝရှူသွင်းလိုက်ကာ ခန္ဓာကိုယ်အနှံ့အပြားသို့ အတွင်းအားနှင့်အတူ လှည့်ပတ်လိုက်၏။သူ၏မျက်နှာပြင်မှာလည်း သွေးမရှိတော့သကဲ့သို့ဖြူလာလိုက် …မီးကဲ့သို့ ရဲရဲနီလာလိုက်ဖြင့်ရှိနေ၏။
ထိုအခြေအနေကြောင့် ပတ်ဝန်းကျင်ရှိ လူသုံးဦးလုံးမှာ ကြောင်အသွားကြကာ မျက်လူံးအဝိုင်းသားဖြင့်သာ ငေးမောနေမိကြလေသည်။

       ဤတွင် လူငယ်၏လက်ဝါးပြင်နှစ်ဖက်မှာမူ တဖြေးဖြေးနှင့် နက်မှောင်လာသည်နှင့်အညီ သူ၏အနီးအနားရှိ သစ်ပင်ခြုံနွယ်တို့မှာလည်း နွမ်းလျခြောက်သွေ့လာကာ တခဏအတွင်းမှာပင် မီးတိုက်ခံရသည့် ခြုံနွယ်များပမာ သေဆုံးကုန်တော့သည်။ယင်းအခိုက် ယင်းလူငယ်မှ ကြောက်မက်ဖွယ်ရာအော်ဟစ်လိုက်ကာ ခြုံဘုတ်တစ်ခုအတွင်းမှ အမည်မသိလူကြီး၏နှုတ်မှလည်း အာမေဋိတ်သံတစ်ခု ထွက်ပေါ်သွားတော့သည်။

        "ဂါးး …"

   "ဟာ … သေမင်းအဆိပ် တမာန်တော်လက်ဝါး…"

       လူငယ်လေး (ဝါ) သေမင်းဧကရာဇ်ထံမှ မာန်ဖီးသံနှင့်အတူ ဘေးခြုံဘုတ်ကြီးအတွင်းမှ အမည်မသိလူကြီး၏ အထိတ်တလန့် ရေရွတ်သံမှာ ပြိုင်တူနီးပါးပင် ထွက်ပေါ်လာ၏။

      ထို့နောင် တဒင်္ဂအတွင်းမှာပင် လေတိုးသံသဲ့သဲ့နှင့်အတူ လူငယ်သုံးယောက်၏အကြားသို့ ခြုံဘုတ်အတွင်းမှ လူကြီး ရောက်ရှိလာတော့သည်။ ထိုသူက ရောက်သည်နှင့်တပြိုင်နက် စုချင်းလျှံအား စနောက်လိုက်၏။စင်စစ် ၄င်းလူကြီး၏ရည်ရွယ်ချက်မှာ  အာရုံပြောင်းစေလိုက်ခြင်းပင်။

       မှန်၏။  အထူးသဖြင့် သေမင်းအဆိပ် တမာန်တော်လက်ဝါးသည် အနှီးလူကြီးနှင့် အလွန်းအမင်း ရင်းနှီးခဲ့သော ပညာရပ်တစ်ခုမဟုတ်ပါလော …
သို့သော် ကောင်းသော ရင်းနှီးမှုတော့ မဟုတ်ခဲ့ပါပေ။

              "ဝါး … ဝါးး ဝါးး …
ငါ့တူမကြီး စုစုကတော့ တယ်မျက်နှာပွင့်ပါလား။ဒီလိုတောထဲတောင်ထဲမှာတောင် ညီအကိုနှစ်ယောက်နဲ့ … ဟင်းဟင်းဟင်းးး …"

         ဤတွင် အစောပိုင်းက နေမင်းသခင်၏ သိုင်းပညာကြောင့် သေမင်းဧကရာဇ်ကို စိုးရိမ်နေသော (စိတ်အနှောက်အယှက်ဖြစ်နေသော) စုချင်းလျှံ၏မျက်နှာမှာလည်း   မိုးဆမ်းပန်းနှယ် ဝင်းပ၍သွားလေတော့သည်။သို့ပေမဲ့ အမည်မသိလူကြီးက စကားကို ဆူံးသည်အထိ မဆိုပဲ လျော့ချသွားကာ ဟင်းဟင်းဟင်းဟု ပါးစပ်ပိတ်ကာ လည်ချောင်းမှ လာသည့်အသံဖြင့် မရယ်ချင်ရယ်ချင် ရယ်လိုက်သောကြောင့် သူမ၏မျက်နှာလေးမှာ ရဲခနဲဖြစ်သွားကာ စိတ်ကောက်ဟန်ဖြင့် ခြေကိုစောင့်၍ စကားဆိုလေတော့သည်။

     "ဟွန်း … ဦးဦးတစ်နော်။ စုစု စိတ်ဆိုးလိုက်မှာ … ဟိုတဏှာရှုးကောင်ကြောင့် စိတ်ဆိုးလွန်းလို့ သေတော့မယ်ဆိုကာမှ လာနောက်နေသေးတယ်။ ဘာညီအကိုလဲ … ဟိုဘက်က သူတောင်းစား တဏှာရှုးကောင်က သမီးရေချိုးနေတာကို ခိုးကြည့်ရုံတင် အားမရလို့ အနိုင်ကျင့်တော့မှာ သိလား …ဒီကမောင်လေးလာပေလို့သာပေါ့ …"

       စုချင်းလျှုံက ထိုလူကြီးနှင့် ရင်းနှီးပုံရပြီး အားကိုးရပြီဆိုသည့်အထာနှင့် လက်ညိုးတထိုးထိုး အမူပိုပိုဖြင့် စကားတွေ တလက်ဆက်ဆိုနေရာ ဦးဦးတစ်ဆိုသူက လက်ကို အသာအယာမြှောက်ကာ ဟန့်တားလိုက်ပြီး  အလွန်တည်ငြိမ်သော မျက်နှာထားဖြင့် ဆို၏။

       "တူမကြီး စုစု …
ဒီနှစ်ယောက်ကို သေချာကြည့်ကြည့် … မျက်နှာပေါက်ချင်း အရမ်းတူမနေဘူးလား … အမွှာညီအကိုမဟုတ်ရင်တောင် ညီအကိုအရင်းဆိုတာ သေချာတယ်…"

      "ဒါတော့ ဦးဦးရာ …
လောကမှာ လူတူမရှား နာမည်တူ မရှားပါ။ညီအကိုဆိုအုန်းတော့… တဏှာရှုးက တဏှာရှုး!!! သူရဲကောင်းက သူရဲကောင်းပါပဲ… စကားပုံတောင် ရှိသေးတာ ခြေမမကောင်း ခြေမ လက်မ,မကောင်း လက်မတဲ့… ဖြတ်သင့်ရင် ဖြတ်ရမှာပဲ မဟုတ်လား…"

       စုချင်းလျှံမှာ နေမင်းသခင်အား အလွန်ပင် မျက်မုန်းကျိုးနေဟန်တူ၏။ ထို့ကြောင့်သာ စကားလုံးအကြီးစားများဖြင့်သာ ပစ်ပေါက်ရင်း နေမင်းသခင်အား ဆုံးမနိုင်ရန်  ကြံစည်နေလေရာ ဦးဦးတစ်ဆိုသည့် လူကြီးက မျက်ခူံးပင့်ကာ နားထောင်နေရင်းမှ သဘောကျဟန်ဖြင့် ပြုံးလိုက်ပြီး စကားတုန့်ပြန်လေသည်။

        "ဒီမယ်တူမကြီးရ …
တူမကြီးပြောတာ မှန်တယ်။ ဒါပေမဲ့ သူတို့ခုနကပြောခဲ့တဲ့ စကားလုံးတွေကို သေချာပြန်စဉ်းစား တစ်ယောက်နဲ့တစ်ယောက် စတွေ့တာနဲ့ စကားလုံးကြမ်းကြမ်းတွေသုံးရင် ဒီသူငယ်လေးက  အရမ်းကာရော တိုက်ခိုက်တာပဲလေ။ နောက်အဓိကအချက်က သူတို့ ဘယ်လောက်သိုင်းကွက်တွေသူံးသုံး အားဘယ်လောက်ပြင်းပြင်း တစ်ယောက်ရဲ့သိုင်းကွက်ကို တစ်ယောက်က အလွယ်တကူ ချေဖျက်သွားနိုင်တာပဲ။ ဒီလောက်ပြင်းပြင်းထန်ထန်တိုက်ခိုက်နေရဲ့သားနဲ့ တစ်ယောက်မှာမှ ထိခိုက်မှုမရှိတာ အံ့သြစရာမကောင်းဘူးလား။ ခုနက သူတို့ အတွင်းအား အကုန်အစင်နဲ့ တိုက်ခိုက်နေကြတာနော့ တူမကြီး…"

          ဤတွင်တော့ ဦးဦးတစ်၏ စကားလုံးများမှာ တာသွားလှသည်။ တစ်ချိန်လုံး သေမင်းဧကရာဇသည်သာ လူကောင်း… နေမင်းသခင်က လူဆိုး တဏှာရှုးဟူ၍ ပုံသေမှတ်ထားသည့် စုချင်းလျှံမှာ တွေးတွေးဆဆလေးဖြစ်သွားကာ ပြန်လည်သုံးသပ်နေဟန်ဖြင့်  ငြိမ်သက်သွားတော့သည်။
          သို့ရာတွင် ဦးဦးတစ်မှာ အခြေအနေကို သဘောပေါက်သည့်အားဖြင့်အား ဆက်တိုက်ပင် စကားဆိုလိုက်ပြန်၏။

         "စုစုရေ … ဒါကို ယောင်္ကျားမာယာလို့ ခေါ်တယ်ကွ။ တစ်ယောက်က ဗီလန်လာလုပ်မယ် …နောက်လူက ဟီးရိုးလာလုပ်တယ်။ဒါပေမဲ့ ရိုးရှင်းလွန်းပါတယ်  ဒီအကွက်တွေ ဦးဦးတို့ ငယ်ငယ်တုန်းကတောင် ဘောင်မဝင်တော့ဘူး။ ဟားး ဟားး ဟားးး … "

        ဦးဦးတစ်က ငြိမ်သက်တွေဝေနေသည့် စုချင်းလျှံအား ဖိအားထပ်ပေးလိုက်ရင်းမှ နေမင်းသခင်တို့ဘက်သို့ လှည့်ကာ လှောင်ပြောင်လိုဟန်ဖြင့် အားရပါးရ ရယ်မောပစ်လိုက်၏။ ဤတွင် ညီအကို… ရုပ်ချင်းတူသည် …သိုင်းပညာချင်းက အဖွင့်နှင့်အပိတ် ညီမျှသည် …စသည့်စကားလုံးများကြောင့် တွေဝေနေကြသည့် လူငယ်သုံးယောက်လုံးမှာ လက်ရှိပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိလာတော့သည်။

           သတိဝင်လာသည်နှင့်တပြိုင်နက် သေမင်းဧကရာဇ်က လက်ရှိအခြေအနေမှ ရုန်းထွက်ရန် (မဟုတ်မှန်ကြောင်း ရှင်းပြရန်) ကြိုးစားလိုက်၏။ သို့သော် သူ၏နှုတ်မှ ထွက်မည်ရှိတုန်းပင် ဦးဦးတစ်ဆီမှ  အေးစက်စက်စကားသံတို့နှင့်အတူ








အတူ မိုက်ကန်းကန်းအကြည့်တို့ကာ အရင်ဦးစွာ ရောက်ရှိလာပြန်၏။

       "ဒီမယ် ငါ့တူတို့ …
မင်းတို့က လူငယ်တွေပဲ။ မှားတတ်တယ် ဒီတစ်ခါတော့ ရှိပါစေတော့… အခုချက်ချင်း ထွက်သွားကြ။ ငါ့နောက်မှာ ကျောက်စိမ်းသခင်ကြီးနဲ့တကွ လက်ရွေးစင်ဂိုဏ်းသားတွေ ပါလာကြတယ်။ ဘာမှ ပြောမနေချင်တော့ဘူး။အမြန်ဆုံးသာ ထွက်သွားကြပေတော့။ဒါ … နောက်ဆုံးအခွင့်အရေးပေးခြင်းပဲ …"

           သူ၏စကားဆူံးသည်နှင်ါ သိုင်းကွက်ခင်းဟန်ပြင်လိုက်သော ဦးဦးတစ်၏အမူအရာကြောင့် သေမင်းဧကရာဇ်မှာ စိတ်လျော့လိုက်ဟန်ဖြင့် လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ "အချိန်မတန်သေးလို့ နေနှင့်အုန်းပေါ့ …"ဟူသည့် အတွေးနှင့် စုချင်းလျှံအား တစ်ချက်ကြည့်ကာ လျှင်မြန်စွာ ပြေးထွက်သွားတော့သည်။

           " ရွှမ်း… "

      ဓါးဆွဲထုတ်လိုက်သည့်အသံပင် ဖြစ်သည်။ မည်သူနည်းဟူမူ… တစ်ယောက်တည်း ငူငူကြီးကျန်ခဲ့သည့် နေမင်းသခင်အား အကြည့်စိမ်းစိမ်းကြီးများဖြင့်စူးစိုက်ကြည့်နေသည့် စုချင်းလျှံ !!!!
        မှန်၏ … သေမင်းဧကရာဇ်၏အရိပ်ပျောက်သည့်အထိ ငေးကြည့်နေမိသည့် နေမင်းသခင်အား ဘယ်ကြောင့်ရယ်မသိ သူမအနေဖြင့် အလိုလိုနေရင်း မုန်းတီးမိသည့်ကိုး။

           ထိုအနေအထားနှင့် ထိုအမူအရာကြောင့် နေမင်းသခင်သည်လည်း ဦးနောက်သို့အတင်းပေးပို့လာသည့် အတွေးများနှင့်အတူ လည်ချောင်းဝသို့ ထစ်ဆို့လာသည့် စကားလုံးတို့အား  တံတွေးတို့နှင့်အတူ ပြန်လည်မျိုချရင်း ခြေဦးတည့်ရာသို့ ထွက်ခွာလာရတော့သည်။နှလုံးသားမှာတော့ စွဲမြဲစွာ ••••••
      ကျောက်စိမ်းသခင်မလေး …
စုချင်းလျှံ …
ရှက်ရဲရဲနှင့်မျက်နှာလှလှလေး …
ရေရွဲစိုနေသည့် ကိုယ်လုံးလေးနှင့် ထင်းနေသည့် ရင်သားလှလှထက်မှ မှဲ့သီးနီနီလေး …

       "အို … ဘယ်တော့မှ မမေ့ဘူးကွယ် …"





















No comments:

Post a Comment

နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၁၃)

နေမင်းသခင်​နှင့်​ ​သေမင်းဧကရာဇ်​ အပိုင်း ၁၃ စာ​ရေးသူ သန်​ဇင်​ထွန်း ​ကျောက်​စိမ်းနန်း​တော်​နှင့်​ အတိတ်​မှအမည်းစက်​များ... ​​ကျေ...