Tuesday, July 9, 2019

#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၈)

#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၈)
စာ​ရေးသူ သန့်​ဇင်​ထွန်း


           နေမင်းကြီးကား သူ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက် အနောက်ဂယာသို့ ယွန်းခဲ့ပြီဖြစ်သည်။သို့သော် တာဝန်မှ အနားယူလိုဟန် မရှိသည့်နေမင်းကြီးမှာ အသွင်အမျိုးမျိုးဖြင့် အံ့သြဖွယ်ရှိနေသည့် တိမ်တိုက်များအကြားတွင် ပုဇွန်ဆီရောင် ယှက်သမ်းစေလျက် လက်ကျန်ခွန်အားကို ဖျစ်ညစ်ကာ လောကကို အလှဆင်နေပြန်၏။ သူကား သတ္တလောကကို ချစ်မြတ်နိုးလေစွ …
     သို့တည်းမဟုတ်  လောကအပေါ် ကျေးဇူးကြီးပေစွတကား •••။

          သို့ရာတွင် မိုးထိတောင်ပေါ်မှ  လှပရှုမောဖွယ်ကောင်းလှသည့် အနှီမြင်ကွင်းအား  အရေးမစိုက်နိုင်ပဲ  ဝင်အံ့ဆဲဆဲ နေမင်းကြီးအား  ပျောက်ကွယ်သွားမှာဆိုးသည့်အလား စိုးရိမ်ကြီးစွာ
လှည့်ကြည့်လှည့်ကြည့်ဖြင့်  အလုပ်ရှုပ်နေသည့်လူသားနှစ်ဦးကား ရှိလေသည်။ ဤတွင်လူသားနှစ်ဦးဟု ဆိုသော်လည်း တစ်ဦးကား လူသားစင်စစ် မဟုတ်ပဲ ရသေ့ကြီးတစ်ပါး  ဖြစ်ချေရာ အဘယ့်အကြောင်းကြောင့်နည်းဟူသော ပုစ္ဆာမှာ အဖြေမသိက ပဟေဠိသဖွယ်သာ ဖြစ်ပေလိမ့်သည်။                      ထိုစဉ်မှာပင်
ယင်းနှစ်ဦးသားလုံး၏နှုတ်မှ   ပဟေဠိ အဖြေညှိလိုက်နှယ် စဉ်ဆက်မပြတ် ထွက်ပေါ်၍ လာ၏။
          မှန်ပေသည် …
ဤသူတို့မှာ နေမင်းပျောက်နေသဖြင့် လိုက်လံရှာဖွေနေသည့် ဓားသခင်ကြီးနှင့် နတ္ထိရသေ့ကြီးပင် ဖြစ်၏။

      "လူကလေးရေ …
နေမင်းသခင်  ဘယ်ရောက်နေလဲဟေ့ …"

        "နေမင်းသခင်ရေ .…
မင်းဘဘကြီးတို့ ခေါ်နေတယ်လေ။
ကြားရင် ပြန်ထူးပါကွယ် …"

          နတ္ထိရသေ့ကြီးနှင့် ဓါးသခင်ကြီးတို့မှာလူချင်းခွဲ၍ အော်ဟစ်ရှာဖွေကြသော်လည်း နေမင်းသခင်၏  အသံကိုမျှ မကြားရပဲ အရိပ်အခြေလည်း မတွေ့ရကား  စိုးရိမ်စိတ်တို့ တိုးပွား၍ လာလေတော့သည်။
      စိုးရိမ်စိတ်မြှင့်တက်လာသည်နှင့်
အမျှ  သူတို့၏ခေါ်သံက ပို၍ကျယ်လောင်လာကာ  လှုပ်ရှားမှုကတို့လည်း  မြန်ဆန်လာကြ၏။ ဤသို့ဖြင့်  မိုးထိတောင်တစ်ပတ်,ပတ်မိချိန်ဝယ်
နေလည်း စုန်းစုန်းချုပ်သွားပြီဖြစ်ကာ မျက်နှာချင်းအနေအထားဖြင့် ရောက်လာသော ရသေ့ကြီးအားကြည့်ကာ ဓားသခင်ကြီးက စိတ်ပူပန်စွာ စကားဆိုလိုက်၏။

       "ကျုပ်တော့ တောင်အောက်ဆင်းရှာလိုက်အုန်းမယ် ရသေ့ကြီးရာ။ ဒီကောင် ဘာစိတ်ကူးပေါက်ပြီး ဆင်းသွားတာလားပဲ။ အောက်မှာ မတွေ့ရင်တော့  ဟန်ကျူးမြို့ထဲထိ လိုက်ရမှာပဲ။ ရသေ့ကြီး ဒီကပဲ စောင့်နေလိုက်ပါဗျာ …" (ဟန်ကျူးမြို့၏ မြောက်ဘက်စပ်၌ မိုးထိတောင်ကြီးတည်ရှိကြောင့် စာစဉ်၏အစ၌ ဖော်ပြခဲ့သည်…ဤကားစကားချပ်)

         "အင်းပါဗျာ …
ကျုပ်တောင်ပေါ်ကို သေချာထပ်ရှာရင်း စောင့်နေပါ့မယ်။ ဒီနေရာမှာ လူစိမ်းသူစိမ်းကလည်း မရှိဆိုတော့ သိပ်တော့ ပူပန်စရာမရှိပါဘူးလေ။ စိတ်ပူမနေနဲ့ ဓားသခင်ကြီးရာ…  နေမင်းသခင် တစ်နေရာရာတော့  အကောင်းအတိုင်းရှိနေမှာပါ …"

           ရသေ့ကြီး၏ အားပေးစကားကြောင့် ဓါးသခင်ကြီးက ယဲ့ယဲ့မျှသာ ပြုံးလိုက်နိုင်ပြီး ဆို့နင့်စွာ  စကားဆိုရင်း တောင်အောက်သို့ ပြေးဆင်းသွားလေတော့သည်။

         "အဲ့လို ဖြစ်ပါစေလို့ပဲ ကျုပ်ဆုတောင်းနေတာပါဗျာ။ဒါပေမဲ့ လူလေးတစ်သက်လုံး တောင်အောက်ကို တစ်ခါမှ ဆင်းခဲ့ဖူးတာမဟုတ်လို့ ကျုပ်တော့  မင်္သကာဘူးဗျာ။ တောင်အောက်ကိုများ ……။ ထားပါဗျာ … ကျုပ်သွားပြီ …"
     
          ဓါးသခင်ကြီး၏  တစ်စွန်းတစသော စကားကြောင့် ရသေ့ကြီးမှာ တွေဝေသွားရကာ သတိပြုမိလိုက်ချိန်၌ ဓါးသခင်ကြီးအား မတွေ့ရတော့ချေ။ ထို့နောက် နတ္ထိရသေ့ကြီးလည်း တဲအိမ်လေးဆီသို့သွားကာ မီးအိမ်ကိုယူ၍ မိမိနှင့်နေမင်းသခင်နောက်ဆုံးတွေ့ခဲ့သည်နေရာသို့ပြန်လာကာ  ခဏမျှရပ်တန့်စဉ်းစားလိုက်ပြီးနောက် နေမင်းသခင်ထွက်သွားရာဖက်ဆီသို့ စိတ်အမှန်းဖြင့်  ခြေရာခံ၍ နှံ့နှံ့စပ်စပ်ရှာဖွေလေတော့သည်။

                    ဓားသခင်အဖိုးအိုနှင့် ရသေ့ကြီးတို့ ယောက်ယှက်ခတ်စွာ အလုပ်ရှုပ်နေချိန်၌  နေမင်းသခင်သည်လည်း အသဲခိုက်တမျှ နာကျင်မှုနှင့်အတူ ရောဂါမဟုတ်သည့် ဝေဒနာဆိုးကြီးအား ရင်ဆိုင်၍နေရလေသည်။
            သူ၏ဝမ်းဗိုက်အတွင်းမှ အူကလီစာများအား တစစီ ဆွဲယူစားသောက်ခြင်းခံရသည့်နှယ် နာကျင်လှသည့်ဒဏ်ကြောင့် ဗိုက်ကို လက်ဝါးနှစ်ဖက်ဖြင့် ဖွဖွအုပ်ကာ မလှုပ်သာမလွန့်သာ
အခြေအနေမျိုးကြောင့် သေချင်စော်ပင် နံလျက်ရှိကာ  ရှားပါးလွန်းသလောက် ပြင်းထန်သည့်အဆိပ်ရှိသည့်
သဏ္ဍာန်မြွေသည်လည်း နေမင်းသခင်၏ ဝမ်းဗိုက်တွင်းသို့ ရောက်ရှိ၍နေပြီး ပုံမှန်မဟုတ်သည့်အနေအထားကြောင့် ဒေါပွနေဟန်ရှိလေတော့သည်။
     
        ဤသို့ဆိုလျှင် နေမင်းသခင်၏ကံကြမ္မာမှာ အိုဇာတာ မကောင်းဟူ၍ပင် ဆိုမရနိုင်တော့ပေ။အဘယ့်ကြောင့်ဟူမူ သူသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် သောကြာဂြိုလ်အစီးခံ၍ နေရသည်မဟုတ်ပါလား။
         
               <> <> <> <> <>
     
           နယ်စပ်မြို့ဖြစ်သော ဟန်ကျူးသည် လူပေါင်းစုံကျက်စားရာ နယ်မြေဖြစ်သည်နှင့်အညီ ငွေရပေါက် ရလမ်းပေါများကား စီးပွားရေးအချက်အချာကြသည်ဖြစ်၍ မိုးချုပ်သည်နှင့်တစ်ပြိုက်နက် ရောင်စုံမီးအိမ်အများအပြားဖြင့် မြို့ကို အပြိုင်အဆိုင် တန်ဆာဆင်ထားကြရာ ည၏အမှောင်ဖြင့်
လိုက်ဖက် တင့်တယ်လျှက်ရှိပြီး  ဟိုမှဒီမှ ထွက်ပေါ်နေသည့်ဂီတသံများ …
ခမ်းနားကြီးကျယ်စွာ
တည်ဆောက် ပြင်ဆင်ထားသည့် စားတော်ဆက်များ … အလောင်းအစားဂေဟာများ …
ပျော်တော်ဆက်ဂေဟာများဖြင့်  လှုပ်ရှားသက်ဝင်၍ နေပေသည်။
          ထိုစဉ်မှာပင် တစ်မြို့လုံးအား
ပွတ်လောရိုက်သွားစေမည့် အဖြစ်အပျက်တစ်ခု ဆူညံစွာထွက်ပေါ်လာ၏။

         " ဟီးးး ဟီးးးဟီးး
ရွှမ်း …ရွှမ်း …
ခွပ် ခွပ် ခွပ် …
ဒုန်း … ဒုန်း …"

           မြင်းလှည်းတစ်စု ဟန်းကျူးမြို့ဝင် လမ်းမကြီးအတိုင်း ဝင်ရောက်လာခြင်းဖြစ်ပြီး
အနှီးမြင်းလှည်းသမားများမှာ မည်သူ့ကိုမှ အရေးမစိုက်ဟန်ရှိပြီး ကြာပွတ်သံ တစ်ရွှမ်းရွှမ်း ပေးလျက်ရှိကာ မြင်းကို  ဒုန်းစိုင်းပြေးလွှားစေလျက် ရှိလေသည်။

             ရွှေနဂါး စားတော်ဆက် …
အနီရောင်တွင် ရွှေအနားကွပ်ထားသည့် နဂါးရုပ်ထုကြီးနှစ်အား  ရှေ့တည့်တည့်တွင် ယှဉ်ချထားပြီး နှစ်ထပ်မျှရှိသည့် အဆောက်အဦးအတွင်းဝယ် နေ့ခင်းအလား လင်းထိန်လျက်ရှိသည့်ယင်းစားတော်ဆက်ရှေ့သို့အရောက်တွင် ရှေ့ဆုံးမှ မြင်းလှည်းမှ အသံတစ်ခုကျယ်လောင်စွာ ထွက်ပေါ်လာ၏။

         "ရပ်စမ်း …
ဟီးးးးးးဟီးး
ဝုန်း ဝုန်း …"

          ရှေ့ဆိုသည့်အသံနှင့်အတူ  မရှေးမနှောင်းမှာပင် ဒုန်းစိုင်းနှင်ခံလာရသည့်မြင်းများမှာ ဇာတ်ကြိုးကို အတင်းစောင့်ဆွဲခံလိုက်ရသဖြင့် ပဒပ်ရပ်လိုက်ကြပြီး ကျယ်လောင်စွာ မြည်ဟီးလိုက်ကြရာ  မြင်းလှည်းအိမ်တချို့မှာ လမ်းမြေပြင်ဖြင့် ထိခိုက်မိသွားဟန်ရှိကာ လှည်းအိမ်နောက်ခြေဖြင့် ရိုက်ခိုက်မိသံများ ဝုန်းခနဲထွက်ပေါ်၍ သွားပေသည်။

          ထို့နောက် ရှေ့ဆုံးမှ မြင်းလှည်းပေါ်မှ   လူငယ်လေးတစ်ဦးနှင့်အသက်၅၀ဝန်းကျင်ခန့်ရှိသော လူကြီးတစ်ဦး ဆင်းသက်လာကြ၏။ ဤတွင် လူငယ်လေးက ဆိုင်ရှေ့ရှိ နဂါးရုပ်ထုများကို ကြည့်ကာ "ထပ်တွေ့ရပြန်ပြီ ဒီနဂါးတော့ …"ဟု ရေရွတ်လိုက်ပြီး ဖနောင့်နှင့်ပြေးပေါက်ရန်ပင် ကြံရွယ်မိလိုက်လေသည်။
       သို့သော်  အမောတကောပြေးလာ၍  ကြိုဆိုသော ဆိုင်လုလင်နှင့် အတွင်းဘက်မှ စူးစမ်းနေဟန်ရှိသည့် မျက်လုံးများကြောင့် ဖနောင့်ဖြင့်တော့ မပေါက်ဖြစ်လိုက်ပေ။

           "ကြွပါ ကြွပါ …
သခင်လေးနဲ့ သခင်ကြီး။ ဟန်ကျူးမြို့ရဲ့အကောင်းဆုံး ရွှေနဂါးစားတော်ဆက်ကနေ ကြိုဆိုပါတယ်ခင်ဗျ …"

          ထိုစဉ်မှာပင် လမ်းငယ်လေးအတွင်းမှ အဘိုးတစ်ဦးရောက်ရှိလာကာ  ဆိုင်ရှေ့ရှိလူနှစ်ဦးကို ကြည့်၍ ဝေခွဲမရဖြစ်နေလေတော့သည်။

           "ဟင် …
နေမင်းသခင်က ဒီမှာ ဘယ်လိုလုပ်ရောက်နေရတာလဲ။ တစ်နေ့လည်နဲ့ ညနေပိုင်းလေးပဲ မတွေ့လိုက်ရတာနဲ့ ဒီလောက်တောင် ပြောင်းလဲသွားရတာလား …?
           ဟာ … မဟုတ်သေးပါဘူး။
တစ်ခုခုတော့ လွဲနေပြီ …"

           အဘိုးအိုက ထိုသို့ရေရွတ်လိုက်ပြီး ဆိုင်အတွင်းသို့ လိုက်ဝင်သင့်မဝင်သင့် ချီတုံ့ချီတုံ့ဖြစ်သွားကာ မိမိ၌ ခြူးတစ်ပြားမျှ မပါသည်ကို သတိရလိုက်ပြီး  ဤနေရာမှသာ အခြေအနေစောင့်ကြည့်နေလိုက်ပြီး  အတန်ကြာသည့်အထိ ပြန်ထွက်မလာတော့မှ တညတာတည်းခိုရန် သေချာသွားပြီ ဖြစ်ရာ  နတ္ထိရသေ့ကြီးရှိရာ မိုးထိတောင်သို့  ပြန်၍ မိမိကြုံတွေ့ရသည်နှင့် ရသေ့ကြီး၏ ထင်မြင်ချက်အား ရယူပြီးမှ ပြန်လာရန် ဆုံးဖြတ်လိုက်လေတော့သည်။

       စင်စစ်အားဖြင့် ယင်းလူငယ်လေးမှာ သေမင်းဧကရာဇ်မည်သော လူငယ်လေးဖြစ်ကာ နားဘေးမှလူကြီးသည်ကား သေမင်းတမာန်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်လေသည်။ အသို့ဆိုလျှင်  အဘယ်အကြောင်းကြောင့် နေမင်းသခင်နှင့် သေမင်းဧကရာဇ်မှာ နှစ်နှယ်ဆယ်နီးပါး အတူနေလာခဲ့သည့် ဓါးသခင်ကြီးလိုလူပင် အထင်မှားစေနိုင်ပါသနည်း။ သူတို့၏ ပတ်သက်မှုကား မည်သို့နည်း။

            <> <> <> <> <>
           
       တိမ်ပြာသောနေ့ …
ရာသီဥတုသည် အလွန်ပင် သာယာလှ၏။တစ်ချက်တစ်ချက်တွင် လေရိုင်းတိုက်သံများ တဝှီးဝှီးပင် ထွက်ရှိလျက်ရှိကာ တောသဘာဝ တောအလှ…ဟူ၍ တင်စားခေါ်ဝေါ်ရမည့် အလေ့ကျ ပေါက်ရောက်နေသော တောပန်းကလေးများက လေယူရာ ယိမ်းနွဲ့ကာ  နတ်ပြည်မှ နတ်သမီးလေးများကပင်  ဤတောဤတောင်သို့ အယောင်ဆောင်၍  ဝင်စားလေသည့်အလား စီချက်ညီညီ ကကြိုးသီနေမှုသည်ကား  ကဗျာဆန်လွန်းလှပေသည်။

        ပန်းလိပ်ပြာ  စုချင်းလျှံ…
သူမသည်  အသက်၂၀အရွယ်
ရှိသူဖြစ်ပြီး သူမ၏ မျက်နှာမှာ  လပြည့်ဝန်းအသွင်ရှိကာ   အနည်းငယ် ပြာလဲ့၍ ဝိုင်းစက်စက် ညို့မျက်ဝန်း… အစိမ်းရောင်ယှက်သမ်းနေသည့် မျက်ခုံးတော် စိမ်းဖန့်ဖန့် …
နီထွေးအိလျသော နှုတ်ခမ်း …
အနည်းငယ် ထင်း၍ ဖြောင့်စင်းပြေပြစ်သော နှာတံ … အက်ကွဲကြောင်းလေး ပြေးနေသည့် မေးခပ်ဟဟနှင့်  ဝါဝင်းသော အသားအရေကို ပိုင်ဆိုင်ထား၏။
       ထို့အပြင် နတ်ပန်းပုဆရာတို့  သွန်းထုထားသည့်  ရွှေစင်ယမင်းရုပ်ထုအလား မိန်းမမြတ်၏ အင်ကြန်လက္ခဏာ အရှိုက်,အဟိုက်, အမို့,အမွန်းတို့က အချိုးညီညီ တည်ရှိနေပြန်၏။

         သူမက  သာယာလွန်းလှသော ပတ်ဝန်းကျင်ကြောင့် စိတ်ပေါ့ပါးသွားပုံရကာ  ရှေးဟောင်းဘုန်းတော်ဖွဲ့ တျာချင်းတစ်ပုဒ်ကို ဆိုညည်းလိုက်ပြီး သူမ၏တန်ဖိုးကြီး ပိုးဖဲကတ္တီပါ ဝတ်စုံအား တစ်လွှာချင်း ခွာချပစ်နေရာ ဤမြင်ကွင်းအား မြင်ရသူအဖို့ ဥမ္မာဒန္တီအား မြင်၍ သိဝိမင်းရှုးသည့်ပမာ ရှုးခါ၍ပင် သွားနိုင်ပေသည်။

သို့သော် ပြစ်မျိုး မှဲ့မထင် …ဟူသော ဆိုရိုးနှင့် ဖီလာဖြစ်နေသည့် အရာတစ်ခုအားလည်း သူမထံမှ တွေ့ရလေသည်။ ၄င်းအရာကား သူမ၏ရင်ညွှန့်ထက်ဆီမှ  ပန်းရောင်သမ်း၍ ရွေးစေ့ပမာဏလောက် ရှိသော မှဲ့နီလေးတစ်လုံးပင်။


              ထို့နောက်  စုချင်းလျှံက ပါးလွားလွန်းလှသော ချွေးခံအဝတ်စလေး မလုံတလုံဖြင့် ရှေ့တည့်တည့်ဆီမှ စမ်းချောင်းလေးအတွင်းသို့ ညင်သာစွာ ဆင်းသက်လိုက်ပြီး  ရေလယ်သို့ရောက်သည်နှင့် ခန္ဓာကိုယ် အပေါ်ပိုင်းကို ရေတွင်မြှပ်စေလျက် ချွေးခံအဝတ်စလေးကို ရေညစ်ကာ ဖုန်တစ်စမျှပင် တင်ဝံ့ဟန်မရှိသည့်  သူမ၏ခန္ဓာကိုယ်တစ်လျှောက်ရှိ ကိုယ်အဂါင်္အစိတ်အပိုင်းတို့အား စိတ်တိုင်းကျ ပွတ်သပ်ဆေးကြော၍ နေလေတော့သည်။


         သို့ရာတွင် ရေထိသွားသည့် မှဲ့နီလေးမှာ  ပို၍ အရောင်တောက်လာသလိုရှိကာ နတ်သမီးတမျှ ချောမောလွန်းလှသည့် ဤမိန်းမပျိုလေးအထံတွင် တည်ရှိနေရမှုအတွက် ဂုဏ်ယူနေဟန်လည်း ရှိပေသည်။

             အနှီမိန်းမပျိုလေးသည်ကား လောကကို အလှဆင်နိုင်လွန်းပေစွ•••••။

             






























No comments:

Post a Comment

နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၁၃)

နေမင်းသခင်​နှင့်​ ​သေမင်းဧကရာဇ်​ အပိုင်း ၁၃ စာ​ရေးသူ သန်​ဇင်​ထွန်း ​ကျောက်​စိမ်းနန်း​တော်​နှင့်​ အတိတ်​မှအမည်းစက်​များ... ​​ကျေ...