Tuesday, July 9, 2019

#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၇)

#နေမင်းသခင်နှင့်သေမင်းဧကရာဇ်

     (အပိုင်း၇)

စာ​ရေးသူ ..သန့််​ဇင်​ထွန်း


        လေပြေလေညှင်းများ ညှင်းသာစွာတိုက်ခိုက်၍နေကာ အဘယ်အရပ်က ဆောင်ယူလာမှန်းမသိသည့် ပန်းရနံ့များကြောင့် ချုပ်ညရီသည်   စာပေသမားများနှင့် ချစ်သူနှစ်ဦးတို့အတွက်မူ လွန်စွာ လှပ၍ ကဗျာဆန်လှ၍ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းပေလိမ့်မည်။  ထို့ကြောင့်လည်း   နဂါးဓားဖုန်းနန်က ဤနေရာတွင် စခန်းချနားခိုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။သို့သော် ဤမျှသာယာလှသောနေရာသည် မကြာမှီအချိန်အတွင်း၌ သွေးမုန်တိုင်းအဖြစ် ပြောင်းလဲသွားမည်ကိုကား နဂါးဓားဖုန်းနန်တစ်ယောက် ကြိုသိခဲ့ပါမူ ……။

              ရွှေနဂါးအာမခံဌာနမှ အဖွဲ့သားများ တလှုပ်လှုပ်တရွရွဖြင့် တစ်ညတာနားခိုရန်နှင့် ချက်ပြုတ်စားသောက်ကြရန်အတွက် ကိုယ့်တာဝန်ကိုယ် တက်ကြွစွာ ထမ်းဆောင်နေကြ၏။          
           မြင်းလှည်းတန်းမှာ  ဆယ်စီးမျှရှိသဖြင့် ရှည်သည်ဟု မဆိုသာသော်လည်း  အတန်အသင့်တော့ ကွာဝေးလေသည်။ထို့ကြောင့်        အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူလာသူ နဂါးဓားဖုန်းနန်နှင့် လျှပ်စစ်ဓားမာလောက်ဟူတို့က အာမခံဌာမှပစ္စည်းများတင်ဆောင်လာသည့်မြင်းလှည်းများအား မြင်းတစ်စီး,စီ စီးနင်းကာ  လှည့်လည်ကြည့်ရှုရင်း  ရှေ့ဆက်ရမည့် ခရီးအကွာအဝေးနှင့် မြင်းလှည်းအိမ်များ၏ အခြေအနေအား တွက်ဆနေလေသည်။

         "လောက်ဟူ …
ဒီလှည်းဘီးက   တော်တော်ခွင်နေတာပဲ။ လမ်းကြမ်းရင် ဝန်ကို မနိုင်လောက်တော့ဘူး ထင်တယ်ကွ။ မင်း ကြည့်ကြည့်စမ်း…"

         ဖုန်းနန်၏စကားကြောင့် လျှပ်စစ်ဓား မာလောက်ဟူက မြင်းပေါ်မှ ဆင်းကာ အနီးကပ်ကြည့်ရှုလိုက်၏။
         မှန်ပေသည် …
မြင်းလှည်းဘီးမှာ  ဟိုဘက်ကဘီးနှင့်ယှဉ်လျှင် အတော်ပင် ခွေ၍နေကာ  တစ်ဖက်သို့ သိသာစွာ စောင်းနေလေသည်။

         "အေးဟ …
ဒီလှည်းပေါ်ကကောင်တွေ ဒါတောင် သတိမထားမိလို့လား … ဒါမှမဟုတ်
သိသိကြီးနဲ့များ ငါတို့ကို  လာမပြောတာလားပဲ …"

          "ဟုတ်တယ်ကွာ …
အရေးအကြောင်းဆို ဒီကောင်တွေကြောင့် ဒုက္ခရောက်မှာ နေနှင့်အုန်း ဒီကောင်။ ညစာစားပြီးမှ ပြင်ခိုင်းလိုက်မယ်။  လှည်းအမှတ် ၇နော် လောက်ဟူ။ ညစာစားချိန်ကျ ငါမေ့နေရင် သတိပေးအုန်း …"

         ဖုန်းနန်နှင့် လောက်ဟူတို့မှာ  သက်တူရွယ်တူများဖြစ်ကြပြီး  ရွှေနဂါးအာမခံဌာနတွင် ဝင်ရောက်မလုပ်ကိုင်ခင်ကတည်းက မိတ်ဆွေများ ဖြစ်ကြသည့်အလျှောက် အဖွဲ့ခေါင်းဆောင်ဟူသည့် စည်းမရှိပဲ ရင်း ရင်းရင်းနှီးနှီးခေါ်ပြော ဆက်ဆံကြလေသည်။ ထို့နောက်  မာလောက်ဟူလည်း မြင်းပေါ်ပြန်တက်ကာ ကျန်မြင်းလှည်းများအား ဆက်လက်စစ်ဆေးလိုက်ကြ၏။
      ထိုစဉ်မှာပင်ထူးခြားချက်တစ်ခုအား
ဖုန်းနန်မြင်တွေ့လိုက်ရသည်။
သူက   ညာဖက်ရှိ ခြုံနွယ်များကို ကြည့်လိုက်ရင်းမှ ……

       "လောက်ဟူရေ …
မဖတ်ခေါ်တဲ့ ကောင်တွေတော့ ရောက်လာပြီ။ အဖွဲ့သားတွေကို တပ်လှန့်လိုက်တော့ …"

         "ဟား …ဟားးး
အခုမှ တပ်လှန့်နေလည်း နောက်ကျသွားပါပြီ ဖုန်းနန်ရာ။ မင်းတို့ သယ်လာတာ ရွှေခြေင်္သေ့ရုပ် ၅၀ … ကျန်းစီးပြည်ကထွက်တဲ့ ရှားရှားပါးပါးပိုးထည် ၂လှည်း …
ရွှေချည်းသက်သက်က ပိ ဿာ၅၀ …
သက်ရှည်ဂျင်ဆင်းလို့ ခေါ်တဲ့ဆေးမြစ်က ၇ပိ ဿာကျော် …
ကွမ်ရင်မယ်တော် ကြေးရုပ်ထုက ၂လှည်း … ပို့ရမှာက နေပြည်တော်က သူဋ္ဌေးကြီးချန်းရွှင်။ ဒါပေမဲ့ အဲ့ဒီကို သွားပို့စရာမလိုတော့ဘူး။ အကုန်လုံးကို ငါတို့  သေမင်းတမာန်ဂိုဏ်းက အလှူခံလိုက်ပါ့မယ်လေ …"

          "သေမင်းတမာန်ဂိုဏ်း ဟုတ်လား။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က တစ်ဂိုဏ်းလုံး အသေဆိုးနဲ့ဘ မျိုးပြုတ်သွားတဲ့ဂိုဏ်းက ရှိသေးလို့လား။
ငါတို့လိုရွှေနဂါးအာမခံဌာနကို ဒီလိုလာခြိမ်းခြောက်လို့ရော ရမယ်ထင်သလား။ အခုထိ မျက်နှာတောင် မပြရဲပဲနဲ့ အမှောင်ထဲက လေကျယ်နေတဲ့လိပ်လိုကောင်ကများ အလှူခံတယ်လေဘာလေးနဲ့   သတ္တိရှိရင် ရှေ့ထွက်ခဲ့ဟေ့… "

         နဂါးဓား ဖုန်းနန်၏ စကားကြောင့် တစ်ဖက်မှသဘောကျသလို ရယ်လိုက်ပြီး ခနဲ့တဲ့တဲ့ တုန့်ပြန်လာ၏။

     "ဟားဟားး …
နဂါးဓား ဖုန်းနန် ဖုန်းနန်နဲ့ နာမည်ကျော်တာ ဘာကြောင့်လား မှတ်တယ်။ နှုတ်သီးကောင်းလျှာပါး မိန်းမလိုမိန်းမရ ရန်တွေ့တတ်လို့လား မသိဘူးဟေ့ …"

          ထိုအချိန်တွင်  ရန်သူများ ရောက်လာသည်ကို ရိပ်မိသော အာမခံအဖွဲ့သားများရောက်ရှိလာကာ မြင်းလှည်းများကို ဝိုင်းရံကာ အသင့်အနေအထားဖြင့်ရှိနေကြ၏။သေမင်းတမာန်ဂိုဏ်းဟု ကြွေးကြော်ထားသော ရန်သူများလည်း တစ်ဖက်တစ်ချက်စီတွင် ရောက်ရှိလာပြီးဖြစ်ပြီး အယောက်နှစ်ဆယ်ခန့်သာ ရှိသဖြင့် ရွှေနဂါးအာမခံဌာနမှ အယောက်၅၀ခန့်ပါသဖြင့် အင်အားတော့ များလှပေသည်။ သို့သော် ရန်သူ၏ အနေအထားကို မသိရသဖြင့် သူတို့ရင်ထဲတွင် ပေါ့လျော့စိတ်တော့ မရှိကြ။

           ဤတွင် သေမင်းတမာန်ဂိုဏ်းဟု ကြွေးကြော်ထားသည့် အဖွဲ့မှ ခေါင်းဆောင် ဖြစ်ဟန်တူသူက ရှေ့သို့ထွက်လာသည်။သူ၏ဟန်ပန်မှာ ပန်းခြံထဲတွင်  လေညှင်းခံလမ်းလျှောက်နေသူတစ်ယောက်ပမာရှိကာ
ယပ်တောင်တစ်ချပ်ကို  ဟန်ပါပါကိုင်ဆောင်ထားကာ စကားဆိုလေသည်။

       "ကဲ  … ဖုန်းနန်။
မင်းရဲ့ နဂါးဓားဆိုတဲ့နာမည်ကို ဝါးခြမ်းဓါးလို့ ပြောင်းမပစ်ချင်ရင်  ပစ္စည်းတွေ ထားပြီး သွားပေတော့။ ဒါ နောက်ဆုံးအခွင့်အရေးပေးခြင်းပဲ… "








          "ဟားးဟားး …
တယ်လည်း ရယ်စရာကောင်းပါလား။ ကိုင်း … သေမင်းတမာန်ဆိုတဲ့ ခွေးမျိုးတွေကို အမြစ်ဖြုတ်လိုက်ရအောင်လား ငါ့ကောင်များ… "

        နဂါးဓားဖုန်းနန်၏ တိုက်ပွဲခေါ်သံအဆုံး၌ လျှပ်စစ်ဓားမာလောက်ဟူကလည်း မြင်းပေါ်မှ ဆင်းကာ ဓားကိုဆွဲထုတ်လိုက်၏။ ထို့နောက် နှစ်ဦးသား ပူးတွဲ၍ ခေါင်းဆောင်ဖြစ်သူအား တိုက်ခိုက်လိုက်လေသည်။

          "ချွမ် … ချွမ် …"

       ဖုန်းနန်နှင့်လောက်ဟူတို့ တိုက်ခိုက်လိုက်သည်နှင့်  ခေါင်းဆောင်ဖြစ်သူ၏ဘေးမှ အသက်နှစ်ဆယ်ပင် မပြည့်တတ်သေးသော လူငယ်လေးထံမှ လှုပ်ရှားမှုက ဦးစွာ ထွက်ပေါ်လာခြင်းဖြစ်၏။ အနှီလူငယ်လေး၏ လက်ထဲတွင် ၁ပေခန့်သာရှည်သည့် ဓားငယ်လေးနှစ်လက်ကို ကိုင်ဆောင်ထားကား ဖုန်းနန်နှင့်လောက်ဟူ၏ ခုတ်ချက်နှစ်ချက်လုံးကိုပင် တစ်ပြိုင်နက် ဝင်ခုခံသွားခြင်းလည်း ဖြစ်ပေသည်။

         သို့သော် ဝါရင့်သိုင်းသမားကြီးဖြစ်သည့် ဖုန်းနန်နှင့်လောက်ဟူမှာ ဓားများလွှတ်ကျလုမတတ် ကျင်တက်သွား၏။
         "အလို …
ဒီကောင်လေးက သူ့အမေဗိုက်ထဲမှာကတည်းကများ အတွင်းအား ကျင့်လာတာလား။
ဒီလိုဆိုရင်တောင် အလွန်ဆုံးနှစ်နှစ်ဆယ် အတွင်းအားပေါ့။ခုတော့ …"

            ဖုန်းနန်တို့နှစ်ယောက်သား ဤသို့ပင် တွေးလိုက်မိကြသော်လည်း ယင်းလူငယ်လေး၏ တိုက်ကွက်တို့က ကြောက်မက်ဖွယ်ရာ ဆက်လက်၍ ထွက်ပေါ်လာသဖြင့် ဆုံးခန်းတိုင်ထိအောင် မတွေးနိုင်ကြတော့ချေ။

         ဤတွင် နဂါးဓားဖုန်းနန်က သူ၏နာမည်ကျော် နဂါးပတ်ဓားချက် ၁၈ကွက်ထဲမှ  မိုးမျှော်နဂါး သိုင်းကွက်ကိုခင်းကာ အတွင်းအားကို ခုနှစ်ဆင့်မျှ အသုံးပြုလိုက်သလို လျှပ်စစ်ဓားလောက်ဟူကလည်း  လျှပ်စီးရောင်ခြည်ဟူသော သိုင်းကွက်ဖြင့် တုန့်ပြန်တိုက်ခိုက်လိုက်ကြသည်။ နှစ်ယောက်တွဲ တိုက်ခိုက်နေကြဖြစ်သဖြင့် သူတို့၏တိက်ခိုက်မှုမှာ အပိုအလိုမရှိ အချိတ်အဆက်မိကာ သိုင်းအားအတော်ပင် ပြင်းထန်လေသည်။ သို့သော် အမည်မသိလူငယ်လေး၏ ဓားချက်တို့က လေပွေမွေ့သလို ထိုးဖောက်ဝင်ရောက်လာကာ သူတို့၏ တိုက်ကွက်တို့က  နေလာနှင်းပျောက်သည့်နှယ် ရှိလေသည်။ဤတွင် ကျန်းအဖွဲ့သားများလည်း တိုက်ခိုက်နေကြပြီဖြစ်ကာ အရေအတွက်များသော်လည်း ထက်မြက်လှသော သေမင်းတမာန်ဂိုဏ်းသားတို့၏ သိုင်းအားကြောင့် အခြေအနေက မကောင်းလှ။

        "ဒုတ် … ဒုတ် …
အား …အားး …"

           တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်လေသည်။ ထို့ကြောင့်နဂါးဓားဖုန်းနန်က သိုင်းလောကတွင် သူ့အားနာမည်တစ်လုံးရစေသည့် မုန်တိုင်းထဲမှ နဂါးဒေါသ…ဟူသောသိုင်းကွက်ဖြင့် အတွင်းအား ၉ပုံအထိသူံးကာ  တိုက်ခိုက်လိုက်ရာ  အခုအချိန်အထိ ဘေးတွင်တည်ငြိမ်စွာရပ်နေသည့် ခေါင်းဆောင်ဖြစ်သူက …
           "သေမင်းဧကရာဇ်  သခင်လေးရေ …
အဲ့ဒါ နဂါးဓားဖုန်းနန်ရဲ့ မုန်တိုင်းထဲမှ ခွေးရှုးအမျက်ဆိုတဲ့  သိုင်းကွက်ပေါ့။ ကြည့်ရတာ ထင်သလောက်လည်း မစွံပါဘူး …"ဟု ခနဲ့လိုက်လေသည်။

           ဤတွင် ဖုန်းနန်လည်း သက်စောင့်အင်အားပင် မချန်တော့ပဲ  အံတင်တင်ကြိတ်ကာ အပြင်းအထန်တိုက်ခိုက်လေတော့သည်။ သို့သော် သေမင်းဧကရာဇ်ဆိုသည့် လူငယ်လေးအား လောက်ဟူနှင့်သူ နှစ်ယောက်ပေါင်း၍ တိုက်ခိုက်သည့်တိုင် လုံးဝမထိချေ။
         လူငယ်လေး၏ တိုက်ကွက်တို့က လျှင်မြန်လွန်း၍ အတွင်းအား အပြည့်ပါလေသည်။ ထို့အပြင် ရက်စက်ကြမ်းကြုတ်လွန်းကာ  အချက်တိုင်းက သေကွင်းသေကွက်သို့သာ အချိန်တိုင်း ကြရောက်နေလေသည်။

         ဤသို့ဖြင့် အကွက်နှစ်ရာကျော်လာချိန်၌   ဖုန်းနန်၏ နဂါးဓားအား သေမင်းဧကရာဇ်မှ ဓားချင်းယှဉ်ရိုက်ကာ ချိုးပစ်လိုက်၏။အတွေ့အကြုံရင့်နေပြီဖြစ်သော ဖုန်းနန်နှင့် လောက်ဟူတို့လည်း ရှေ့သို့ဒိုင်ထိုးကာ  သေမင်းဧကရာဇ်၏ အောက်ပိုင်းအား ပြိုင်တူတိုက်ခိုက်လိုက်ကြလေသည်။ ဤတွင် သေမင်းဧကရာဇ်ဟူသည့် လူငယ်လေးက နောက်သို့ဆုတ်မသွားပဲ လေပေါ်သို့ ခုန်တက်သွားကာ ဦးစိုက်၍ ပြန်ဆင်းလာပြီး အပေါ်စီးမှနေ၍ ပြင်းထန်သော လက်ဝါးရိုက်ချက် ၈ချက်တိတိ  ရိုက်ထုတ်လာရာ  ဖုန်းနန်တို့
မည်သို့မျှ မရှောင်တိမ်းနိုင်တော့ပဲ ရင်ဝသို့ တစ်ချက်စီ အထိခံလိုက်ရလေတော့သည်။

             "ဝုန်း …ဝုန်း …ဝုန်း …
ဝုန်း ဝုန်း …
ဘုန်း …ဘုန်း …
အင့် … အီး …"

             ဖုန်းနန်တို့ နောက်ပြန်လဲကျသွားချိန်မှာပင်
ရွှေခြင်္သေ့ကျန်းရိစန်းထံမှ
" ဟေ့ကျားလက်ဝါး…"ဟူသော အော်ဟစ်သံကြီးကြောင့် ဖုန်းနန်က လှည့်ကြည့်လိုက်ရာ အနားမှ မည်သည့်အချိန်က ပျောက်သွားလိုက်မှန်း မသိလိုက်ရသည့် သေမင်းတမာန်ဂိုဏ်းခေါင်းဆောင်၏ လက်ချက်ကြောင့်
ကျားလက်ဝါး ရွှဲ့ယိမိန်းကား သေလေပြီ။ရွှေခြင်္သေ့သည်လည်း  အခြေအနေမကောင်းလှ  တစ်ကိုယ်လုံး သွေးချင်းချင်းရဲ၍ နေပေသည်။ ထိုစဉ်မှာပင် ဖုန်းနန်ထံသို့ သေမင်းဧကရာဇ်၏ အညှာအတာကင်းမဲ့သော နောက်ဆက်တွဲလက်ဝါးချက်တစ်ခု ထပ်မံရောက်ရှိလာကာ   ထိခံလိုက်ရလေသည်။ပြင်းထန်လွန်းလှသောရိုက်ရိုက်ကြောင့် သွေးတစ်ပွက်မျှ အန်ကျလာသော်လည်း  အတွေ့အကြုံရင့်ကျက်သူပီပီ သတိလစ်ဟင်းခြင်းတော့ မရှိချေ။
         
           ဤတွင် ဖုန်းနန်က  လက်ထဲမှဓားကျိုးအား သေမင်းသခင်ထံ အားကုန်သုံး၍ ပစ်ပေါက်ကာ လူပါခုန်ဝင်လိုက်ရင်းမှ "လောက်ဟူ …
လွှတ်အောင်ပြေး …"ဟူ၍လည်း  အော်ဟစ်လိုက်၏။

            ထိုအခါ လောက်ဟူလည်း  ဖုန်းနန်၏ သဘောထားကိုနားလည်စွာ အနားရှိမြင်းပေါ် ခုန်တက်လိုက်ပြီး ဒုန်းစိုင်း၍ ပြေးထွက်လာလိုက်လေတော့သည်။                  မိမိတို့အားလုံး ဒီအတိုင်း လူမသိသူမသိသေမည့်အစား  တရားခံမည်သူ မည်ဝါပါဟူ၍တော့  တစ်စုံတစ်ယောက်က  ထုတ်ဖော်နိုင်ခဲ့သင့်သည်မဟုတ်ပါလား။ဤသို့ဆိုလျှင် ဖုန်းနန်နှင့် ရွှေနဂါးအာမခံအဖွဲ့သားတို့၏ ကံကြမ္မာကား အဘယ်သို့နည်း။.






































No comments:

Post a Comment

နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၁၃)

နေမင်းသခင်​နှင့်​ ​သေမင်းဧကရာဇ်​ အပိုင်း ၁၃ စာ​ရေးသူ သန်​ဇင်​ထွန်း ​ကျောက်​စိမ်းနန်း​တော်​နှင့်​ အတိတ်​မှအမည်းစက်​များ... ​​ကျေ...