စာရေးသူ....သန့်ဇင်ထွန်း
tz 8589946blogspot.com
(အပိုင်း၃)
အချိန်နှင့် ဒီရေကို လူကိုမစောင့်… ဟူသောဆိုရိုးရှိသည့်အတိုင်း ဥတုသုံးလီသည် လျှင်မြန်စွာပင် ကုန်ဆုံးခဲ့လေပြီ•••
အနှီသုံးရာသီအတွင်း အချိန်၏ နောက်ကောက်ချခြင်းကို ခံလိုက်ရသူများ ရှိသကဲ့သို့ အချိန်နှင့်တပြေးညီ အမှီလိုက်နေခဲ့သူများလည်း ရှိ၏။
၎င်းလူနှစ်မျိုးနှစ်စားအနက် ဒုတိယအမျိုးအစားထဲတွင် နတ်ဓားပျံစံအိမ်၏
အနာဂတ်အရှင်သခင်ဖြစ်သူ ကျန်းစန်းရှောင်တစ်ယောက်လည်း ပါဝင်သည်၏ ဆိုရပေမည်။
အဘယ့်ကြောင့်ဆိုသော်
သူနှင့်ဝေဟင်ရဲတိုက်သခင်မလေးဖြစ်သူ ဖန်ပင်းပင်းတို့မှ သားဦးကလေးပင် ရရှိကာ ၁နှစ်ပြည့်ခဲ့ပြီ ဖြစ်သောကြောင့်တည်း။
ယနေ့ …
သားဖြစ်သူ၏ မွေးနေ့ကို အကြောင်းပြုကာ
နတ်ဓားပျံကျန်းစန်းရှောင်တစ်ယောက် အလုပ်ရှုပ်နေလေသည်။ အစောပိုင်းက
သားဖြစ်သူ၏မွေးနေ့အား မိမိတို့စံအိမ်အတွင်းမှာပင် ခမ်းခမ်းနားနားကျင်းပမည်ဟု စိတ်ကူးထားသော်လည်း မိုးထိတောင်ပေါ်ရှိ ဆရာသခင်ဖြစ်သူထံမှ သားဖြစ်သူနှင့် မယားဖြစ်သူအား မြင်တွေ့လိုသည်ဟူ၍ စာလွှာရောက်ရှိလာမှုကြောင့်
ဆရာ့စကား မပယ်ရှားတတ်သူပီပီ အစီအစဉ်ပြောင်းကာ
မိုးထိတောင်ပေါ်သို့ သားနဲ့ဇနီးအား ခေါ်ဆောင်သွားရန်
ပြင်ဆင်နေရခြင်းပင် ဖြစ်၏။
သို့ရာတွင် သားဖြစ်သူမှာ ငယ်ရွယ်လွန်းသဖြင့် ခရီးစဉ်တစ်လျှောက်လုံးအတွက် အစစအရာရာ သတိထားကာ စီမံခန့်ခွဲမှုကို ကိုယ်တိုင်ပြုလုပ်နေရသဖြင့် လိုအပ်သည်ထက် ပိုမိုပင်ပန်းကာ အချိန်များစွာ ပေးလိုက်ရပြီးမှ
မိမိအစီစဉ်အားမိမိ
သဘောကျကျေနပ်သွားကာ နောက်နေ့မနက်စောစောတွင် ခရီးထွက်နိုင်ရန် အိပ်စက်အနားယူလိုက်လေတော့သည်။
<> <> <> <> <>
စိမ်းမြရောင် တောအုပ် …
ထိုတောအုပ်အတွင်းသို့ မြင်းလှည်းတစ်စု ဖြည်းဖြည်းမှန်မှန် ဝင်လာနေ၏။ထိုမြင်းလှည်းအုပ်စုသည်
အနီရင့်ရင့်ပိတ်စပေါ်၌ လေခွင်းနေသည့် ဓားပျံတစ်ခုအား ရွှေချည်မျှင်ဖြင့် ခမ်းနားစွာ ရေးထိုးထားသည့် အမှတ်အသားပါ အလံငယ်များအား ဝံကြွားစွာ လွင့်ထူထားလေသည်။
စင်စစ် ယင်းမြင်းလှည်းအုပ်စုသည် နတ်ဓားပျံစံအိမ်မှ မိုးထိတောင်သို့ခရီးနှင်လာသော
ကျန်းစန်းရှောင်ဦးဆောင်သည့် အဖွဲ့ပင် ဖြစ်ပေသည်။
ကျန်းစန်းရှောင်တို့ ခရီးထွက်လာသည်မှာ ရက်သတ္တပတ် ၁ခုပင် ကြာမြှင့်ခဲ့ပြီဖြစ်ကာ မိုးထိတောင်ခြေရှိ မြစိမ်းရောင်တောအုပ်အစပ်သို့တိုင် ရောက်ရှိလာခဲ့လေပြီ ဖြစ်ပေသည်။
လမ်းခရီးတစ်လျှောက် အနှောက်အယှက်ကြီးကြီးမားမား မကြုံခဲ့ရသော်လည်း အန္တရာယ်၏အငွေ့အသက်နှင့် မကောင်းသော နိမိတ်တို့အား တစ်စွန်းတစ်စ မြင်တွေ့ခဲ့ရသောကြောင့် ကျန်းစန်းရှောင် နည်းနည်းမှ သတိမလွှတ်ရဲခဲ့ပေ။
သို့ရာတွင် ကံကြမ္မာဆိုးဟူသည်ကား မဖိတ်ခေါ်သော်လည်း ရောက်လာတတ်သည့် အရာပင် မဟုတ်ပါလော ••••
[ မိတ်ဆွေ… လောကဓံဟူသည်ကား အကောင်း,အဆိုး အကြောင်း,အကျိုးတို့ဖြင့် ဖွဲ့စည်းထားသော အရာဖြစ်ပေသည်။ထို့ကဲ့သို့ ကျင်လည်ရာဘုံကို လိုက်၍ ဒုက္ခ,သုခတို့ လွှမ်းခြုံထားကိုပင် ဘဝ ••• တစ်နည်းအားဖြင့် လောကဓမ္မ (လောကဓံ) ဟူ၍ တွင်ခေါ်ခြင်းလည်း ဖြစ်၏။ထို့ကြောင့် အချိန်ရှိခိုက် လုံးလစိုက်၍ #ထန်းသီးကြွေခိုက်_ကျီးနင်းခိုက် •••
မဖြစ်ကြစေရန် အထူးသတိပြု နေထိုင်ကြရပေမည် ]
အထက်က ဆိုခဲ့သည့်စကားအတိုင်း မဖိတ်ခေါ်သော ကံကြမ္မာဆိုးကာ အင်းနှင့်အားနှင့် အလုံးအထည်ဖြင့်ပင် ကျရောက်လာပေတော့မည်။
အဘယ့်ကြောင့်ဆိုသော် ဤမြမစိမ်းရောင်တောအုပ်အတွင်း၌ ကျန်းစန်းရှောင်၏ မြင်းလှည်းအုပ်စုသာ ရှိသည်မဟုတ်ပါ။
ညဝတ်စုံများကို ဝတ်ဆင်ထားပြီး ဒေါသရောင်များလွှမ်းနေသည့် နီကျင့်ကျင့်မျက်လုံးတစ်ခုထဲသာ ဖော်၍ လက်နက်များ ကိုင်ဆောင်ကာ ချောင်းမြောင်းနေသော လူအယောက်၅ဝခန့်လည်း ရောက်ရှိနေခဲ့သောကြောင့်ပင် ဖြစ်၏။
ဤတွင် ကျန်းစန်းရှောင်တစ်ယောက်ကား တစ်ဘဝလုံး နောင်တရစေမည့် ဆုံးဖြတ်ချက်တစ်ခုအား မှားယွင်းစွာ ချမှတ်လိုက်လေသည်။
သူ၏အတွေးမှာ ယခုရောက်ရှိနေသော မြစိမ်းရောင်တောအုပ်ကို
ကျော်ပြီးသည်နှင့်
မိုးထိတောင်ခြေသို့ရောက်ပြီဖြစ်သောကြောင့် စိုးရိမ်စိတ်လျော့သွားကာ တစ်လမ်းလုံး မိမိနှင့်အဖွဲ့သားအားလုံး စိတ်ပန်းလူပန်းဖြစ်ထားသဖြင့် တစ်ညတာမျှ အနားယူလိုက်လျှင် ဆရာသခင်ကို လန်းလန်းဆန်းဆန်းနှင့် ဂါရဝပြု တွေ့ဆုံနိုင်မည်ဟူသော အတွေးဖြစ်ရာ အပြစ်ဟူ၍ မဆိုသာသော်လည်း စစ်စစ်အားဖြင့် ကြမ္မာဆိုးအား ကြိုက်သည့်အချိန်၌ ကြိုက်သည့်အနေအထားဖြင့် ဝင်လာပါဟု လက်ယပ်ခေါ်လိုက်သည်နှင့် ဆင်တူသွားလေတော့သည်။
သို့သော် အတွေ့အကြုံရှိသိုင်းသမားပီပီ သတိတော့ ကပ်ထားပါသေးသည်။
"ကဲ …
ညီနောင်တို့။ ဒီတောအုပ်အစွန် တောင်ခြေကို ရောက်ရင် ဒီတစ်ညတော့ စခန်းချပြီး နားကြမယ်ဟေ့…"
ကျန်းစန်းရှောင်၏ အော်သံကြောင့် နတ်ဓားပျံစံအိမ်မှ သိုင်းသမားတို့မှာ ပြုံးပျော်သွားကြပြီး နှုတ်မှလည်း တဟေးဟေး တဝါးဝါးအသံများ ထွက်ပေါ်လာကြလေသည်။
(အော် … မသိတော့ ခက်တယ်ဆိုတာ ဒါမျိုးပါလားနော် :3 ဤကား စာရေးသူ ဖျင်ယားခြင်း (ဝါ ) သိလိုစိတ်ကို ကလိခြင်း)
"ဟေး … ဒါမှ ငါတို့သခင်နတ်ဓားပျံကွ…"
"ဝါးဟားးးဟားးး …
ဒါပဲ။မူးအောင်သောက်ပြီး အိပ်ရေးဝဝ အိပ်ပစ်မယ်…"
"ဟေ့ …ဟေ့ဟေ့ အနားယူရတော့မယ်။
ဟေ့ …အနားယူရတော့မယ် …"
မည်မျှပင် အနားယူလိုကြသည်တော့ မသိ။ သိုင်းသမားများဖြစ်လင့်ကစား သီချင်းလေးညည်းကာ ကွေးအောင် ကလိုက်သည့်သူပင် ပါရှိလေသည်။
ဤတွင် စံအိမ်တော်မှ ထွက်လာကတည်းက တစ်လမ်းလုံး မလှမ်းမကမ်းမှ နေ၍ မျက်နှာစိမ်းမြင်းစီးသမားများ ဒုန်းစုန်းဖြတ်ကျော်သွားခြင်း …
ရန်စလိုဟန်ဖြင့် လှောင်ပြောင်သရော်ဟန်သည့် စကားများ ပြောဆိုသွားကြခြင်း …
အဆိုးဆုံးအနေဖြင့် လမ်းအား သစ်ပင်များ လှဲ၍ ပိတ်ခြင်းနှင့်
#မနက်ဖြန်နေထွက်ချိန်ဟာ ငါ့အတွက်အောင်ပွဲဖြစ်၍ သင့်အတွက် သင်္ချိုင်းသာ ဖြစ်စေမည်။
ပုံ/ငြို့သူကလဲ့စား •••
ဟူသော လမ်းတစ်နေရာမှ မှင်အနက်ရောင်ဖြင့် ရေးထိုးထားသည့် ပိုးပဝါတစ်ထည်မှ ကဗျာလိုလို စာလိုလို ကြုံးဝါးချက်တစ်ခုကြောင့် အစအရာရာ အထူးသတိထားခဲ့ရသည်ဖြစ်ပြီး နေ့နေ့ညည မအိပ်မနေ စောင့်ကြပ်လာခဲ့ရသောကြောင့် သူတို့အားလုံး ပင်ပန်းနေပြီဖြစ်ကာ
ကျန်းစန်းရှောင်ကိုယ်တိုင်လည်း သည်းမခံနိုင်လောက်အောင် လူပင်ပန်းစိတ်ပင်ပန်းဖြစ်ချေလွန်းသဖြင့် မသိစိတ်မှ ဖြစ်ချင်ရာဖြစ် ယှဉ်ဆိုင်ယှဉ်ပြိုင်၍ အနိုင်ကြဲလိုသောကြောင့် အနားယူရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်ချေသည်။
ည …
မှိတ်ပြပြ လရောင်အောက်တွင် မီးဖိုအသီးသီးဖိုကာ ရိက္ခာအဖြစ် သယ်ယူလာသော အသားခြောက်များကိုစားကာ အဖွဲ့သားတချို့ သေရည်နှင့် မြိုက်နေသည်ကိုကြည့်ကာ အခုချိန်မှာသာ ရန်သူဝင်လာလျှင် … ဟူသော အတွေးဖြင့်
ကျန်းစန်းရှောင်၏ စိတ်ထဲ
လေးလံနေလေသည်။သို့သော် မသောက်ကြရန်လည်း အမိန့်မပေးရက်ချေ။
မိမိစိတ်ဝယ် အခုပင် မိုးထိတောင်ပေါ် ပြေးတက်လိုစိတ်ပေါ်လာသော်လည်း အိပ်ပျော်နေသည့် အဖွဲ့အား တစ်ချို့အားလည်း မနှိုးလို …
နွမ်းလျစွာ အိပ်ပျော်နေသည့် ဇနီးချောနှင့် အိပ်ပျော်နေသည့်တိုင် ပြုံးရောင်သမ်းနေသည့် သားငယ်၏ မျက်နှာလေးကို မြင်ယောင်ကာ တောင်စဉ်ရေးမရသော အတွေးတို့အား မျိုချပစ်လိုက်ကာ မျက်စိစုံမှိတ်လိုက်စဉ်မှာပင်
မိမိတို့ယာယီစခန်းဆီသို့ တရွှေ့ရွှေ့ချဉ်းကပ်လာသော ခြေသံများကို ကြားလိုက်ရလေသည်။
ခန့်မှန်းချေအားဖြင့် လူ၃၀နှင့်အထက် ရှိမည်ဖြစ်ပြီး ခြေသံများမှာ ပေါ့ပါးလွန်းလှသဖြင့်
လာနေသောသူများသည် မိမိ၏သိုင်းပညာထက် မပိုသည့်တိုင် မိမိအောက်တော့ နိမ့်ကျမည်မဟုတ်နိုင်မှန်းလည်း အတပ်သိလိုက်သည်။
ထို့အပြင် ယခုလို ညအချိန်မတော် ရောက်ရှိလာသော
လူများမှာ မိတ်ဆွေလုံးဝ မဖြစ်နိုင်ပါချေ။ ထိုတွင် မိမိတို့လူများမှာ နတ်ဓားပျံစံအိမ်မှ ထိပ်တန်းကိုယ်ရံတော်များဖြစ်သော်လည်း လူအင်အားကား မိမိပါထည့်တွက်ပါမှ ၁၆ယောက်သာရှိသည်မို့
အင်အားမမျှပါချေ။ ထို့ကြောင့် ကိုယ်ရံတော်များနှင့် ဇနီးသည် ဖန်ပင်းပင်းအား တိုးတိုးတိတ်တိတ်
နှိုးလိုက်ပြီး ရန်သူရောက်နေကြောင်း အတိပေးလိုက်၏။
ဤသည်မှာ ကျန်းစန်းရှောင်က လျှပ်တပြက်အချိန်အတွင်း အတွေးနှင့် ဇယ်ဆက်သလို လှုပ်ရှားပြုမူလိုက်ခြင်းဖြစ်ပြီး သားဖြစ်သူနှင့် ဇနီးဖြစ်သူအတွက် မိမိက အသက်အသေခံကာ ခုခံကာကွယ်နေခဲ့မည်ည်ဖြစ်ကာ ဇနီးသည်နှင့်သားဖြစ်သူအား
ကိုယ်ရံတော်ငါးယောက်နှင့်အတူ မိုးထိတောင်ပေါ်သို့ ထွက်ပြေးစေရာ … ဖန်ပင်းပင်းက မိမိအားထား၍ လုံးဝထွက်မသွားနိုင်ကြောင်း
ပြတ်သားစွာ ဆိုသဖြင့် အချိန်မဖြုန်းတော့ပဲ ကိုယ်ရံတော်တွေထဲမှ သိုင်းပညာအကောင်းဆုံးဖြစ်သူ
ဖန်းရှောက်အား လေးနက်စွာ ကြည့်ကာ အနားသို့ခေါ်လိုက်၏။
"ဖန်းရှောက် …
ဒီနားကို လာပါအုန်း …"
"အမိန့်ရှိပါ သခင်လေး …"
အသံနှင့်အတူ အနားသို့ ရောက်ရှိလာသော ဖန်းရှောက်အား စေ့စေ့ကြည့်ကာ ကျန်းစန်းရှောင်က တည်ငြိမ်စွာ ဆက်၍စကားဆိုလိုက်၏။
"ဖန်းရှောက် …
မင်းကို တာဝန်တစ်ခုပေးမယ်။
တာဝန်ယူပြီး ကျေပွန်အောင် ထမ်းဆောင်ပေးနိုင်မလား …"
"ဟုတ်ကဲ့ သခင်လေး။
ကျုပ်ဖန်းရှောက်ရဲ့ အသက်ကိုတောင် မငဲ့ကွက်ပဲ ထမ်းဆောင်ပါ့မယ် …"
ဖန်းရှောက်၏ ရင်ထဲမှ လာသောစကားကြောင့် ကျန်းစန်းရှောင်က ကျေနပ်ယုံကြည်သွားပြီး ဖန်းရှောက်၏ ပခုံးအ ဖျစ်ညစ်ကာ ပွေ့ဖက်လိုက်ကာ••••
"ဒါဆို ကျုပ်သား ကျန်းစန်မင်းကို ခေါ်ပြီး မိုးထိတောင်ပေါ်က ကျုပ်ဆရာဆီ အခုသွားပါ …"
"ဟင် …
သခင်လေးရဲ့ အန္တရယ်ကျ …"
ဖန်းရှောက်၏ စကားပင် မဆုံးလိုက်။
ကျန်းစန်းရှောင်ထံမှ "ဒါ အမိန့်ပဲ …"ဟုသော စကားသံပြတ်ပြတ်နှင့်အတူ လက်တစ်ဖက်ဝှေ့ယမ်းပြလိုက်ရာ …
ဖန်းရှောက်မည်သို့မှ စောဒက မတတ်ဝံ့တော့ပဲ။ကျန်းစန်းရှောင်၏ အမိန့်အတိုင်း သခင်လေးကျန်းစန်မင်းအား
ကျောတွင် အဝတ်စဖြင့် မြဲအောင်သိုင်းချည်လိုက်ပြီး
ဆောင်ဓားအား လက်တစ်ဖက်မှ အားပါပါဆုပ်ကိုင်ကာ
ယာယီစခန်း၏ နောက်ကျောဖက်မှ မိုးထိတောင်
ကြီးဆီသို့ အားကုန်သုံးကာ ပြေးလွှားသွားလေတော့သည်။
ဖန်းရှောက်ထွက်သွားသည်နှင့် ကျန်းစန်းရှောင်မှ ရန်သူများ မိမိတို့ဘက်သို့ အာရုံစိုက်စေရန် ကျယ်လောင်စွာအော်ဟစ်လိုက်လေတော့သည်။
"ရန်သူ …ရန်သူ။
ရန်သူတွေ ရောက်လာပြီ။
.
.
No comments:
Post a Comment