Sunday, July 7, 2019
#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၅)
#နေမင်းသခင်နှင့်သေမင်းဧကရာဇ်
    (အပိုင်း၅)
        နံနက်ခင်းအာရုဏ်သည် လင်းသည်လည်းမဟုတ် ၊ မှောင်သည်လည်း မမည်ပဲ  နေ့သစ်တစ်ခုကို အစပြုရန် တာဆူလျက် ရှိပြီး … အိမ်ပြန်နောက်ကျနေသည့် ညဥ့်ငှက်တစ်ချို့နှင့်  မနက်အာရုဏ်ကို ဝီရိယကောင်းလွန်းစွာ နိုးထလာကြသည့် နေ့ပျော်ငှက်တို့၏ တိုက်ပွဲခေါ်သံများကလည်း  ဟိုတစ်စု ဒီတစ်စု ထွက်ပေါ်လျက်ရှိပေသည်။
          ယင်းအချိန်တွင် မြစိမ်းရောင်တောအုပ်ကြီးအတွင်းသို့ လူတစ်ယောက်သည်  လျှင်မြန်စွာ ဝင်ရောက်လာ၏။ သူ၏အသွင်မှာ လောနေသည်ဟု ထင်စရာရှိသော်လည်း သိုင်းသမားတစ်ယောက်အနေနှင့်ဆိုပါမူ အချိန်ကုန်သက်သာစွာ ဤရွေ့လျားနေမှုသည် အထူးဆန်း မဟုတ်ပါချေ။
      သို့သော်   တစ်နေရာအရောက်တွင်မူ အနှီလူ၏ လျှင်မြန်စွာရွေ့လျားနေသည့်  ခြေအစုံမှာ တိခနဲ ရပ်တန့်သွားလေသည်။တစ်ဆက်ထဲမှာပင်  သူ၏စိတ်ဝယ် မသိုးမသန့်ခံစားမှုတစ်ခုအား  မသက်သာစွာ ခံစားလိုက်ရလေသည်။ ထို့ကြောင့် သူက  ဝင်သက်ကိုပုံမှန်ရှူထုတ်နေရာမှ မျက်နှာကိုမော့၍  ပြင်းပြစွာ ရှူထုတ်လိုက်၏။
        "အလို … ငါရှူထုတ်လိုက်တဲ့ လေထဲမှာ သွေးညီနံ့တွေ ပါနေပါလား။
ဒါဆို ဒီနေရာမှာ ငါ့တပည့်ကြီးမိသားစု တစ်ခုခုများ ဖြစ်ခဲ့ကြလေသလား …"
          ထိုသူက မိမိရလိုက်သည့်နှင့် သဲလွန်စနှင့်အတူ တွေးလိုက်မိသော အတွေးကြောင့်  ရှေ့တူရှုသို့ လျှင်မြန်စွာ ပြေးထွက်လိုက်ပြီး
မျက်လုံးအစုံကလည်း ရှေ့နောက်ဝဲယာသို့ အစုန်အဆန် ကြည့်ရှုလေ့လာသွားရာ  ကိုက်၃၀ခန့်အရောက်တွင်မူ တိုက်ပွဲတစ်ခု၏ နိဂုံးကို မြင်တွေ့လိုက်ရလေတော့သည်။
      "ဟာ …
ဘယ်လိုဖြစ်ကြတာပါလိမ့် …"
         ထိုလူက ပြောပြောဆို်ဆိုဖြင့်ပင် အနားရှိ အလောင်းတစ်လောင်းမှ အင်္ကျီစအား ဆွဲဖြဲယူငင်လိုက်ကာ … လက်ကောက်ဝတ်ခန့်ရှိသော သစ်ကိုင်းခြောက်တစ်ခုအား ကောက်ယူလိုက်ပြီး  ထိုကိုင်း၏ထိပ်၌ အထပ်ထပ်ရစ်ပတ်ကာ ချည်နှောင်လိုက်ပြန်၏။ ထို့နောက် ခါးကြားမှ ဓါးမြှောင်ငယ်လေးအား ထုတ်ယူကာ အင်္ကျီစအား ဟိုမှဒီမှ ခြစ်ရာပေး၍ အစဖွာအောင်ပြုလိုက်ပြီး မိမိအိတ်ကပ်အတွင်းမှ မီးခတ်ကျောက်လေအား  ထုတ်ယူ၍ မီးညှိလိုက်လေသည်။
        ထိုမီးတုတ်၏အလင်းရောင်ဖြင့် ထိုလူမှာ အသက်၆၀ဝန်းကျင်ခန့်ရှိ အဘိုးအိုတစ်ယောက်ဖြစ်ပြီး ငွေရောင်လွှမ်းစ ပြုနေသော ဆံချည်မျှင်များ … မုတ်ဆိတ်ရှည်များနှင့် တည်ငြိမ်လေးနက်သော မျက်နှာအမူအရာကို ထင်ရှားစွာ တွေ့ရလေသည်။ ၄င်းအဘိုးအိုက မီးတုတ်အား  ကိုင်၍  ဟိုဟိုဒီဒီ ကြည့်ရှုလိုက်ရာ နတ်ဓားပျံအလံများနှင့် မြင်းလှည်းများနှင့်  ယာယီစခန်းချနားခိုထားရန် ပြုလုပ်ထားသည့် အဝတ်စ ဖျင်တဲတစ်ခုကိုလည်း တွေ့လိုက်ရလေသည်။
       "အွင်း …
ဒီအလံတွေနဲ့ မြင်းလှည်းတွေက နတ်ဓားပျံစံအိမ်ကဆိုတာ သေချာနေပြီ။ ဒါဆိုရင်တော့ စန်းရှောင်က ငါ့စကားအတိုင်း သူ့ဇနီးနဲ့သားလေးကို ခေါ်လာတာပေါ့။
         ဟုတ်တယ် …
သူတို့ပါလို့ပဲ ဒီကောင်က မြင်းလှည်းနဲ့လာတာ ဖြစ်မယ် …"
        အတွေးနှင့်အတူ အလောင်းကောင်များကြားသို့  အစုန်အဆုန်သွား၍ ကြည့်ရှုစစ်ဆေးလိုက်ရာ အမျိုးသမီးအလောင်းနှင့် ၁နှစ်သားအရွယ် ကလေးငယ်၏ အလောင်းတော့ မတွေ့ရချေ။ ထို့နောက် ရွက်ဖျင်ထဲနှင့် မြင်းလှည်းများအား  ရှာဖွေကြည့်သော်လည်း မတွေ့ရသဖြင့် •••••
      "ဟူးး … တော်ပါသေးတယ်။
စန်းရှောင်တို့မိသားစုတော့ မပါဘူး။ ဒီကောင်တွေ နိုင်သွားလို့ အပေါ်ရောက်နေပြီလားပဲ။ ဒီအလောင်းတွေကိုတော့ လင်းမှ ပြန်လာရှင်းရမယ် …"
         ထို့နောက် အဘိုးအိုလည်း မီးစာကုန်ခါနီးပြီဖြစ်သော မီးတုတ်အား ပစ်ချကာ မိုးထိတောင်ရှိရာသို့ ထွက်သွားလေတော့သည်။
              ဤသို့ဖြင့် အဘိုးအိုသည် မိုးထိတောင်ခြေသို့ ရောက်ရှိလာပြီး
"အင်း …တိုက်ပွဲအခြေအနေ ဒီဘက်မှာ မတွေ့ရဘူးဆိုတော့  ငါ့တပည့်ကြီးတို့ အရေးသာသွားပုံပါပဲ …" အတွေးနှင့်အတူ မိုးထိတောင်ပေါ်သို့ တက်လာကာ ခြေလှမ်းနှစ်ဆယ်လောက်ရောက်သည်နှင့် ဖန်းရှောက်၏ လက်ချက်မိသွားသည့် သူ၏အလောင်းအား တွေ့ရှိလိုက်လေသည်။
       "အို … အတွေးမှ မဆုံးသေးဘူး။အလောင်းနဲ့ လာတွေ့ပြန်ပြီ။ စန်းရှောင်တို့ ဘယ်အခြေအနေထိ ရောက်ခဲ့ကြနာပါလိမ့်။ မိုးထိတောင်ပေါ် အမြန်ဆုံးရောက်မှပဲ အတိအကျသိရတော့မှာပဲ ထင်တယ်…"
        အဘိုးအိုမှာ တည်ငြိမ်အေးဆေးဟန်ရှိသော်လည်း ကျန်းစန်ရှောင်အပေါ်တွင် အလွန်ပင် ချစ်ခင်ဟန်ရှိလေသည်။ ထို့ကြောင့် သူ၏စိတ်ဝယ် ကျန်းစန်းရှောင်တို့အတွက် စိတ်အေးသွားဟန်ဖြင့် တစ်ယောက်ထဲ ရေရွတ်လိုက်…
တစ်ခုတွေ့လိုက် စိတ်ပူပန်သွားပုံပေါ်လိုက်ဖြင့် အမျိုးမျိုး ဖြစ်ပျက်လျက်ရှိပေသည်။ ထို့ကြောင့် သူ၏စကားဆုံးသည်နှင့် မိုးထိတောင်ပေါ်သို့ ကိုယ်ဖော့ပညာကိုသုံးကာ လျှင်မြန်စွာ ပြေးတက်သွားလေတော့သည်။
အသံပင် ပြာအက်ကာ နေလေပြီ။
         အဘိုးအိုလည်း လျှင်မြန်စွာ တဲငယ်လေးအတွင်းသို့       လျှောက်ဝင်လာလိုက်ရာ  မည်သူထွန်းညှိပေးထား
ခဲ့သည် မသိသော မှိန်ပြပြဆီမီးတိုင်၏ အလင်းရောင်၌   ပက်ကန်ပက်ကန်ဖြင့် လူးလှိမ့်ကာငိုယိုနေသည့် ၁နှစ်သအရွယ် ကလေးငယ်လေးအား တွေ့လိုက်ရသဖြင့် …
        ကောက်ယူပွေ့ချီကာ ကလေးငယ်အား ချော့မြူလိုက်ပြီး အခြေအနေအား သုံးသပ်ကြည့်လိုက်၏။
           "အေ…အေ့ …အေး။
သားသားလေးက ကျန်းစန်းမင်လေးလားကွဟေ…
မင်းက လူချောလေးပါလားကွ …"
          ပါးစပ်မှလည်း ကြုံရာပြောရင်း ကလေးငယ်အား ပွတ်သပ်ချော့မြူလိုက်ရာ ကလေးငယ်မှာ မိမိ၏စကားကို နားလည်သည့်အလား  အငိုရပ်သွားကာ ပြုံးရယ်၍ လာလေတော့သည်။
           "ဟား …
မင်းကတော့ကွာ။ လူလည်လေးပဲ …"
        အဘိုးအိုလည်း အပြောင်းအလဲမြန်တတ်သည့် ကလေးသဘာဝအား သဘောကျစွာ ပြုံးလိုက်ပြီး တဲအတွင်းသို့ ထပ်မံရှာဖွေလိုက်ရာ ကလေးငယ်ငိုနေခဲ့သည့် အနီးအနားမှ စာရွက်ခေါက်လေးအား တွေ့ရလေတော့သည်။
          အဘိုးအိုလည်း ကလေးတစ်ဖက်ဖြင့် စာရွက်ခေါက်လေးအား ဖြန့်ကြည့်လိုက်ရာ  တစ်ဖက်စာမျက်နှာတွင် ••••
     "တပည့်ကြီးရေ …
ငါမရှိတုန်း မင်းတို့ရောက်နေကြရင် အဆင်ပြေသလိုသာ ကြည့်နေရင်း စားကြသောက်ကြဟေ့။ ငါမနက်ဖြန်မနက်စောစော ပြန်ရောက်မယ်…"ဟူသော မိမိရေးထားခဲ့သည့်စာဖြစ်ပြီး  တစ်ဖက်စာမျက်နှာ၌တွင်မူ  ဖန်းရှောက်ဆိုသူ၏ စာအား တွေ့ရလေသည်။
          "ဆရာကြီးခင်ဗျာ …
ကျုပ်က နတ်ဓားပျံစံအိမ်က ဖန်းရှောက်ပါ။ ကျုပ်တို့သခင်လေးကျန်းစန်းတို့မိသားစုနဲ့အတူ  ကိုယ်ရံတော်၁၅ယောက်အဖွဲ့နဲ့ ဆရာကြီးဆီကို ခရီးထွက်လာရင်း လမ်းခရီးတစ်လျှောက်လုံး ရန်သူတွေရဲ့  မသိမသာ အနှောက်အယှက်ပေးခြင်းများ ခံခဲ့ရပြီး ဒီညကျတော့   ပေါ်ပေါ်တင်တင်တိုက်ပွဲကြုံခဲ့ရပါတယ်ခင်ဗျ။ ဒီတိုက်ပွဲမကြုံခင်အချိန်တိုလေးအတွင်းမှာ သခင်လေးကျန်းစန်းက ကျုပ်ကို သခင်လေးကျန်းစန်းမင်နဲ့ သခင်မလေးဖန်းပင်းကို ဆရာကြီးရှိရာ မိုးထိတောင်ပေါ်ကို တာဝန်ယူပြီး အရောက်ပို့ပေးဖို့ ပြောခဲ့ပေမဲ့ သခင်မလေးက ငြင်းဆန်ခဲ့တာကြောင့် သခင်လေးကျန်းစန်းမင်လေးကိုပဲ ပို့ပေးခဲ့ရပါသည်။ ဒါပေမဲ့ ဆရာကြီးကိုမတွေ့ရပဲ ဆရာကြီးရဲ့ မနက်စောစော ပြန်ရောက်မယ်ဆိုတဲ့ စာကြောင့် သခင်လေးကို ဒီမှာထားခဲ့ပြီး ကျွန်တော်ကတော့ သခင်လေးကျန်းစန်းနဲ့အတူ တိုက်ပွဲပြန်ဝင်ပါတော့မယ်။ ဒီနေရာမှာ သခင်လေးကို တစ်ယောက်ထဲ စိတ်ချလက်ချပစ်ထားခဲ့လို့ တစ်စုံတစ်ရာဖြစ်ပျက်ခဲ့ပါက ကျုပ်ဖန်းရှောက်လည်း အလောင်းဖြစ်နေလောက်ပြီးမို့  ခွင့်လွှတ်ပေးပါ ဆရာကြီးခင်ဗျာ…"
                   အဘိုးအိုမှာ စာကိုဖတ်ကာ
အတန်ကြာမှ  ငေးငိုင်သွားပြီး တစ်စုံတစ်ခုတော့ အကြီးအကျယ်ပင်  မှားယွင်းသွားပြီဖြစ်ကြောင်း သိလိုက်ရလေသည်။
No comments:
Post a Comment
နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၁၃)
နေမင်းသခင်​နှင့်​ ​သေမင်းဧကရာဇ်​ အပိုင်း ၁၃ စာ​ရေးသူ သန်​ဇင်​ထွန်း ​ကျောက်​စိမ်းနန်း​တော်​နှင့်​ အတိတ်​မှအမည်းစက်​များ... ​​ကျေ...