#နေမင်းသခင်နှင့်သေမင်းဧကရာဇ်
(အပိုင်း၉)
စာရေးသူ သန့်ဇင်ထွန်း
ပတ်ဝန်းကျင်တစ်ခုလုံး သာယာလျက်ရှိပြီး နေပူရှိန်နွေးနွေးလေးကြောင့် သူ ပျော်ရွှင်သွား၏။ ဟုတ်ပေသည် … ခြောက်သွေ့သော မြေသားပြင်နှင့် ဖြန့်ကျက်ထားသည့်အလင်းရောင် စက်ကွင်း၏အပူရှိန်သည် သူ၏လွတ်မြှောက်ခြင်း သင်္ကေတပင် မဟုတ်ပါလား ••••
သူက ဂူပေါက်ဝကို ပိတ်ဆို့ထားသည့် ခြုံဘုတ်ကြီးအတွင်းမှ တိုးထွက်လိုက်ပြီး မိမိရောက်နေသည့်နေရာအား ဆန်းစစ်လေ့လာကြည့်လိုက်သည်။ သို့သော် သူ မသဲကွဲပေ။ မိမိလာခဲ့သော နောက်ကျောဘက်ကို ပြန်ကြည့်လိုက်သောအခါတွင်မှတော့ ကြီးမားမောက်စောက်လွန်းသည့် မိုးထိတောင်ကြီးကို တွေ့ရ၏။
"အင်း … ငါရောက်နေတာ မိုးထိတောင်ကြီးရဲ့ အောက်ခြေ ချောက်ကမ်းပါးအတွင်းဘက်မှာ ဖြစ်မယ်။ ဘာဖြစ်ဖြစ် ငါဘေးမသီရန်မခပဲ ထွက်လာနိုင်တာ ဝမ်းသာစရာပါပဲလေ …"
စင်စစ် သူသည် တစ်ခါတစ်ခါ ထထနာတတ်သည့် ဝမ်းတွင်းမှဝေဒနာကြောင့် ဂူတွင်းမှာပင် အသက်အဆုံးမခံနိုင်သဖြင့် ဂူတွင်းမှ လှိုဏ်ခေါင်းများအတွင်း ဝင်မိဝင်ရာဝင်လာရင်းမှ တောင်ခြေသို့ ကံကောင်းထောက်မစွာ ရောက်ရှိလာသည့် နေမင်းသခင်ပင် ဖြစ်ပေသည်။
ဤတွင် သဏ္ဍာန်မဲ့မြွေဟူသော
အနှီးသတ္တဝါသည် နေမင်းသခင်၏ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိနေသော်လည်း တောင်လယ်ရှိ ဂူအတွင်းတွင် နေမင်းသမင်အမှတ်တမဲ့စားလို နီရဲရဲသစ်သီးနှင့် နွယ်ပင်ဟု ယူဆကာ စားလည်းစား၍ ကိုက်ချေကာ ဒဏ်ရာကိုပင် အုံလိုက်သေးသည့်အပင်မှာ ရေခဲညွန့်ခေါ် ရှားပါးဆေးဖက်ဝင်အပင်ဖြစ်သောကြောင့် သဏ္ဍာန်မဲ့မြွေသည်လည်း အစာအတွက်အဆင်ပြေသွားကာ နေမင်းသခင်တစ်ယောက် သေကံမရောက် သက်မပျောက်ပဲ ဖြစ်သွားခြင်း ဖြစ်၏။သို့မဟုတ်ပါက အကောင်းအဆိုးဒွန်တွဲကာ ရှားပါးသလောက် ပြင်းထန်လွန်းသော အစွမ်းအာနိသင်ရှိသည့် သဏ္ဍာန်မဲ့မြွေ၏ သောင်းကျန်းမှုကြောင့် နေမင်းသခင်ကား လှိုဏ်ဂူထဲမှာပင် လူမသိသာမသိ အသက်ပျောက်ရပေလိမ့်မည်။အခုတော့ ••••
"ဝါး … ရှေ့မှာ စမ်းချောင်းလေးပါလား။ ဒီလိုရေမျိုး မချိုးဖူးသေးတာနဲ့ အတော်ပဲ။ဟားး ဟားး … "
နေမင်းသခင်မှာ မိုးထိတောင်ပေါ်တွင် တစ်သက်နဲ့တစ်ကိုယ် မိုးရွာချိန်တွင်သာ ရေလုံလုံလောက်လောက်ချိုးဖူးပြီး ကျန်အကျန်များတွင် လက်ယက်တွင်းပမာ တူးထားသည့် တွင်းငယ်လေးအတွင်းသို့ နှင်းခဲများ ရေခဲများအား နေရောင်၌ အရည်ပျော်စေ၍ ၄င်းရေဖြင့်သာ ကိုယ်လက်ဆေးကြောခြင်းအမှုကို ပြုရသည့်ဖြစ်ရာ စမ်းချောင်းကို တွေ့သည့်အခါ ဟန်ပင်မဆောင်နိုင်တော့ချေ။ထို့ကြောင့် အပေါ်ဝတ်အင်္ကျီလေးအား ချွတ်ကာ စမ်းချောင်းအတွင်းသို့ ခုန်ချပစ်လိုက်လေတော့သည်။
"ဝုန်း …
ဟားး ဟားး …
ရေအဝ ချိုးပစ်ရမယ်ကွ …
ယေ့ ယေ့ ဝါးးးဟားဟားး …"
နေမင်းသခင်က ခုန်ချပြီးသည်နှင့် ရေထဲတွင် ခုန်ပေါက်အော်ဟစ်၍ ပတ်ဝန်းကျင်အား လုံးလုံးပင် သတိမပြုမမူမိပဲရှိသော်လည်း တစ်ကိုယ်တည်းရှိသည်အမှတ်နှင့် ရေစိမ်ချိုးနေသည့် စုချင်းလျှံမှာတော့ ဝုန်းဆိုသည့်အသံနှင့်အတူ ယောင်္ကျားတစ်ယောက်၏ အသံကြောင့် လန့်ဖြန့်ကာ အတန်ကြာသည့်အထိ ငေးကြောင်သွားပြီးမှ ဒေါသတကြီးဖြင့် စွပ်စွဲပြောဆိုလိုက်၏။
"ရှင် …ရှင် …
ရှင်လူယုတ်မာ။ တဏှာရှုးကောင် … အောက်တန်းကျလှချည်းလား ဟင်…"
ထိုတွင် တစ်ယောက်ထဲ ပျော်မြူးနေသည့်နေမင်းသခင်မှာ မိမိနားဘေးမှ ခက်ထန်မာကျောစွာထွက်ပေါ်သည့် စကားသံကြောင့် လန့်၍ပင် သွားကာ ဘေးဘီကို လျှင်မြန်စွာကြည့်လိုက်ရာ ဆံနွယ်တစ်ထွေကြီးအား ကျောက်စိမ်းရောင်ဆံထိုးတစ်ချောင်းဖြင့် ထိုးစိုက်ထားပြီး ဒေါသရောင်ဖြင့် ရဲရဲတောက်နေသည့် ကျားသစ်မလေးအလား မာန်ဖီးနေသာမျက်နှာလေးနှင့်အတူ မိမိရင်ဘတ်အား ဒိုင်းခနဲထိမှန်သွားသည့်နှယ် အောင့်တက်သွားစေသည့် နဂါးမာန်မျက်စောင်း … ဝင်းဝါစိုစွတ်နေသည့် အသားအရေနှင့် အနည်းငယ်ရှည်သယောင်ရှိသည့် လည်ပင်းဖြူလွလွလေး …ထို့အပြင် လက်နှစ်ဖက်ဖြင့် မိမိကိုယ်ကို ပိုင်းဖက်ယှက်သန်းထားသည့်ကြားမှ ထင်းနေသည့် အနီရင့်ရင့်မှဲ့ရှင်သီးလေးနှင့် ခပ်မို့မို့အသားစိုင် အပိုင်းအစများ … အထူးသဖြင့် သူမမျက်နှာတွင် အမုန်းတွေ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသဖြင့် ••••
"ဟင် …
ဒါ ဒါ ဘိုးဘိုးပြောပြဖူးတဲ့ ဒဏ္ဍာရီထဲက လူတစ်ပိုင်းငါးတစ်ပိုင်းဆိုတဲ့ သတ္တဝါဆိုတာများလား မသိဘူး။
ဘိုးဘိုးပြောတာတော့ ဒီလိုကောင်တွေက လူကိုတွေ့ရင် မုန်းလွန်းလို့ ကိုက်သတ်တာဆိုလား … "နေမင်းသခင်မှာ ထိုကဲ့သို့ ယုတ္တိမဲ့စွာတွေးလိုက်မိပြီး ထိတ်လန့်တုန်လှုပ်သွားကာ စုချင်းလျှံအား ထပ်မံ၍ အစုန်အဆန်ကြည့်ရှုစစ်ဆေးလိုက်၏။
ဤတွင် စုချင်းလျှံမှာ မိမိအား မျက်လုံးအပြူးသားဖြင့် အငမ်းမရကြည့်နေသည့် လူရမ်းကားအား အစိမ်းလိုက်ဝါးစားချင်ပင် ပေါက်လာကာ စိတ်ထဲပေါ်လာသည့်အတိုင်း ခြိမ်းခြောက်အော်ဟစ်လိုက်၏။ "ရှင် … ရှင် ပြောလေဆိုးလေးပါလား။
အခုချက်ချင်း ထွက်သွားစမ်း … ကျောက်စိမ်းနန်းတော်သခင်မကို ဘာအောက်မေ့နေလဲ … ရှင့်ကို နှုတ်နှုတ် နှုတ်နှုတ်စင်းပြီး ချက်စားပစ်လိုက်မယ် သေနာကျ တဏှာရှုးကောင်…"
"ငါ …ငါ …ငါ …
မ …မ …မဟုတ်… ကျုပ် …ကျုပ်ကျွန်တော် မ… မသိ …
လိုက် …လို့ပါဗျာ …"
ဤကဲ့သို့ နေမင်းသခင်၏နှုတ်မှ အဆင်မချောစွာ တုန့်ပြန်လိုက်ကာ မီးဝင်းဝင်းတောက်နေသည့် သူမ၏မျက်လုံးအစုံအား ရင်မဆိုင်နိုင်တော့သဖြင့် ကမ်းပေါ်သို့ပြန်တက်လာလိုက်ပြီး သူ၏အပေါ်ဝတ်အင်္ကျီလေးအား ကောက်ယူလိုက်၏။ သို့ရာတွင် ထွက်ခွာသွားရန် သင့် မသင့် ချီတုန့်ချီတုန့်ဖြစ်ကာ စုချင်းလျှံအား ကျောပေးလျက်အနေအထားဖြင့်ပင် ရပ်တန့်နေလိုက်မိသည်။စိတ်ထဲတွင်တော့ "သူမသည် လူသားစစ်စစ်ပါလား…" ဟူသော အတွေးတို့ဖြင့် အကြောင်းမဲ့ မောဟိုက်တုန်ရီကာ နေလေတော့သည်။
<> <> <> <> <>
ကျောက်စိမ်းနန်းတော် …
ကျောက်စိမ်းနန်းတော်သည် သိုင်းလောက၌ အဖြူတစ်ဝက် အနက်တစ်ပိုင်းဖြင့် နန်းတော်…ဟု ဆိုသော်ငြား သိုင်းဂိုဏ်းလည်းမဟုတ် … ရဲတိုက်လည်းမမည် …စံအိမ်လည်း မကျနှင့် ခွကျကျအနေအထားဖြင့် ပဟေဠိဆန်စွာ ထင်ရှားကျော်ကြားလေသည်။ သို့သော် ကျောက်စိမ်းနန်းတော်၏ တည်နေရာအား သိရှိသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။
ဤသို့ဆိုလျှင် အဘယ့်ကြောင့် ကျောက်စိမ်းနန်းတော်သည် သိုင်းလောက၌ ထင်ရှားကျော်ကြား၍ နေပါသနည်း။ ရှင်းပါအံ့••••
သိုင်းလောက၏ ခေါင်းကိုင်ဖခင်ဖြစ်သည့် ရှောင်လင်ကျောင်းတော်အတွင်း၌ အေးချမ်းစွာ တရားအားထုတ်လိုသည့် အဖြူရောင်သိုင်းပညာရှင်ကြီးများနှင့် အထိမ်းသိမ်းခံ သို့မဟုတ် အသိတရားရကာ လက်နက်ချအလင်းဝင်လိုသော အနက်ရောင် သိုင်းပညာရှင်ကြီးများရှိသကဲ့သို့ပင် ကျောင်းစိမ်းနန်းတော်အတွင်း၌လည်း တောခိုဇာတ်မြှပ်လိုသည့် အဖြူရောင် /အနက်ရောင် သိုင်းသမားကြီးများ ရှိခြင်း ••••
သိုင်းလောကအရေးတော်ပုံများ၌
ကျောက်စိမ်းနန်းတော်မှ ကောင်းသည်ကိုရော မကောင်းသည်ကိုပါ ဝင်ရောက်စွတ်ဖက်တတ်ခြင်း •••••
ထို့နောင် ကျောက်စိမ်းနန်းတော်မှ သိုင်းသမားတို့သည် သိုင်းလောကဂိုဏ်းပေါင်းစုံမှ ပညာရပ်များအား အသုံးပြုနိုင်သည့်အပြင် ကျောက်စိမ်းနန်းတော်၏ မူပိုင်သိုင်းပညာများဖြစ်သော ကျောက်စိမ်းလက်ဝါးသိုင်း ၆၄ကွက် … ကျောက်စိမ်းဓါးဝင်္ကပါသိုင်း … ကျောက်စိမ်းရောင်ခြည်သံစဉ်လှိုင်းသိုင်း… ကျောက်စိမ်းမိုးမြေအတွင်းအားပညာရပ်တို့သည် အထူးပင် ထက်မြက်၍ ကောင်းမွန်လှပေသည်။ထို့ကြောင့်လည်း ၄င်းတို့နှင့် ထိပ်တိုက်ဆုံသည့် မည်သူမဆို အရှုံးနှင့်သာ ရင်ဆိုင်ကြရခြင်းသည်လည်း ကျောက်စိမ်းနန်းတော်၏ ထင်ရှားသော အချက်တစ်ခုဖြစ်၏။ သို့ရာတွင်
ကျောက်စိမ်းနန်းတော်မှ သိုင်းသမားတို့သည် မည်သည့်အခါကမှ ပေါ်ပေါ်ထင်ထင်လှုပ်ရှားနေထိုင်လေ့ မရှိပဲ အဆုံးသတ်တွင်မှ သင်္ကေတတစ်မျိုးမျိုးဖြင့် ထုတ်ဖော်ပြသခဲ့လေ့ရှိကာ ကျောက်စိမ်းနန်းတော်မှဟူ၍ သိရှိရသောအခါ ၄င်းသိုင်းသမားတို့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်၍ သွားကြပြီးဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ကျောက်စိမ်းနန်းတော်မှ သိုင်းသမားတို့သည် မြေပြန့် သိုင်းလောကကြီးအတွင်း၌ အသွင်အမျိုးဖြင့် တည်ရှိနေထိုင်ကြသလို အချိန်မရွေးလည်း ပြောင်းရွေ့၍ လှုပ်ရှားနေထိုင်တတ်ကြကာ မြေပြန့်ထိပ်သီးသူဖုန်းစားဂိုဏ်းကြီးပမာ သတင်းအဆက်အသွယ်နှင့် စုဖွဲ့မှု အင်အားကောင်းလှပေသည်။သို့သော် ၄င်းတို့သည် အဘယ့်ကြောင့် ဤ၍ ဤမျှ ပုန်းကွယ်လျှို့ဝှက်စွာ တည်ရှိနေကြပါသနည်းဟူ၍ အမေးရှိလာလျှင်မူ ကျောက်စိမ်းနန်းတော်ရှင်ကိုယ်တိုင်ကပင် အဖြေပေးနိုင်လိမ့်မည်မဟုတ်ပါချေ ••••။
ယနေ့ ကျောက်စိမ်းနန်းတော်၏အတွင်း
ခန်းမဆောင်တစ်နေရာ၌ အသက် ၉၀ခန့်မျှရှိပြီးဖြစ်သော အဘိုးအိုတစ်ယောက် လမ်းလျှောက်နေ၏။ သူ၏ဟန်ပန်ကမူ အေးဆေးတည်ငြိမ်လှကာ မျက်လူံးစူးရှခြင်း … နားထင်နှစ်ဖက် ချိုင့်ခွက်ခြင်းကင်းသဖြင့် သိုင်းပညာ မတတ်ဟု ထင်စရာရှိသော်လည်း သူ၏အထံမှ ဓားတစ်ချောင်း၏အငွေ့အသက်နှင့်အတူ အမျိုးအမည်ဖော်ပြရန်ခက်ခဲသော စွမ်းအင်တစ်မျိုးဖြန့်ကျက်၍ ထွက်ပေါ်နေလေသည်။ ထိုအခိုက် ယင်းခန်းမအတွင်းသို့ အသက်နှစ်ဆယ်ခန့်ရှိ လူငယ်လေးတစ်ယောက်ဝင်ရောက်လာကာ အဘိုးအိုအား ဦးညွှတ်အရိုအသေပေးလိုက်ကာ စကားဆိုလိုက်လေသည်။
"ကျန်းနန်က အဖွဲ့ခေါင်းဆောင်ဆ်ီက အစီရင်ခံစာ ရောက်လာပါတယ် သခင်ကြီး …"
ထိုအခါ သခင်ကြီးဆိုသည့်အဘိုးအိုက လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ကာ ခပ်အေးအေးအမူအရာဖြင့် ပြုံး၍ တုန့်ပြန်စကားဆိုလိုက်၏။
"အေးအေး …
သူက ဘာတဲ့လဲကွ …"
ထိုအခါက လူငယ်လေးက သူ့လက်ထဲမှ စာရွက်ခေါက်လေးအား ဖြန့်ကာ ရေရွှတ်အစီရင်ခံလိုက်လေသည်။
"ရွှေနဂါးအာမခံဌာန တိုက်ခိုက်ခံရ …
နဂါးဓား … ကျားလက်ဝါး … ရွှေခြင်္သေ့သိုင်းသမားကြီး သုံးဦးနှင့်အတူ အာမခံအဖွဲ့သား ၅၀လုံး သေဆုံး …
လျှပ်စစ်ဓား မာလောက်ဟူတစ်ယောက်သာ လွတ်မြှောက် …
သေမင်းတမာန်ဂိုဏ်း
ပြန်လည်ထွက်ပေါ်…
သေမင်းဧကရာဇ်သိုင်းကျမ်း၏သတင်းနှင့် သေမင်းဧကရာဇ်နာမည်ရှိ အသက်၂၀ခန့်လူငယ်တစ်ယောက် နာမည်ထွက်လာ …
ဂိုဏ်းပေါင်းစုံ အစည်းအဝေးအား ကျန်းနန်၌ပြုလုပ်ရန် ပြင်ဆင်နေ …"
Tuesday, July 9, 2019
#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၈)

စာရေးသူ သန့်ဇင်ထွန်း
နေမင်းကြီးကား သူ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက် အနောက်ဂယာသို့ ယွန်းခဲ့ပြီဖြစ်သည်။သို့သော် တာဝန်မှ အနားယူလိုဟန် မရှိသည့်နေမင်းကြီးမှာ အသွင်အမျိုးမျိုးဖြင့် အံ့သြဖွယ်ရှိနေသည့် တိမ်တိုက်များအကြားတွင် ပုဇွန်ဆီရောင် ယှက်သမ်းစေလျက် လက်ကျန်ခွန်အားကို ဖျစ်ညစ်ကာ လောကကို အလှဆင်နေပြန်၏။ သူကား သတ္တလောကကို ချစ်မြတ်နိုးလေစွ …
သို့တည်းမဟုတ် လောကအပေါ် ကျေးဇူးကြီးပေစွတကား •••။
သို့ရာတွင် မိုးထိတောင်ပေါ်မှ လှပရှုမောဖွယ်ကောင်းလှသည့် အနှီမြင်ကွင်းအား အရေးမစိုက်နိုင်ပဲ ဝင်အံ့ဆဲဆဲ နေမင်းကြီးအား ပျောက်ကွယ်သွားမှာဆိုးသည့်အလား စိုးရိမ်ကြီးစွာ
လှည့်ကြည့်လှည့်ကြည့်ဖြင့် အလုပ်ရှုပ်နေသည့်လူသားနှစ်ဦးကား ရှိလေသည်။ ဤတွင်လူသားနှစ်ဦးဟု ဆိုသော်လည်း တစ်ဦးကား လူသားစင်စစ် မဟုတ်ပဲ ရသေ့ကြီးတစ်ပါး ဖြစ်ချေရာ အဘယ့်အကြောင်းကြောင့်နည်းဟူသော ပုစ္ဆာမှာ အဖြေမသိက ပဟေဠိသဖွယ်သာ ဖြစ်ပေလိမ့်သည်။ ထိုစဉ်မှာပင်
ယင်းနှစ်ဦးသားလုံး၏နှုတ်မှ ပဟေဠိ အဖြေညှိလိုက်နှယ် စဉ်ဆက်မပြတ် ထွက်ပေါ်၍ လာ၏။
မှန်ပေသည် …
ဤသူတို့မှာ နေမင်းပျောက်နေသဖြင့် လိုက်လံရှာဖွေနေသည့် ဓားသခင်ကြီးနှင့် နတ္ထိရသေ့ကြီးပင် ဖြစ်၏။
"လူကလေးရေ …
နေမင်းသခင် ဘယ်ရောက်နေလဲဟေ့ …"
"နေမင်းသခင်ရေ .…
မင်းဘဘကြီးတို့ ခေါ်နေတယ်လေ။
ကြားရင် ပြန်ထူးပါကွယ် …"
နတ္ထိရသေ့ကြီးနှင့် ဓါးသခင်ကြီးတို့မှာလူချင်းခွဲ၍ အော်ဟစ်ရှာဖွေကြသော်လည်း နေမင်းသခင်၏ အသံကိုမျှ မကြားရပဲ အရိပ်အခြေလည်း မတွေ့ရကား စိုးရိမ်စိတ်တို့ တိုးပွား၍ လာလေတော့သည်။
စိုးရိမ်စိတ်မြှင့်တက်လာသည်နှင့်
အမျှ သူတို့၏ခေါ်သံက ပို၍ကျယ်လောင်လာကာ လှုပ်ရှားမှုကတို့လည်း မြန်ဆန်လာကြ၏။ ဤသို့ဖြင့် မိုးထိတောင်တစ်ပတ်,ပတ်မိချိန်ဝယ်
နေလည်း စုန်းစုန်းချုပ်သွားပြီဖြစ်ကာ မျက်နှာချင်းအနေအထားဖြင့် ရောက်လာသော ရသေ့ကြီးအားကြည့်ကာ ဓားသခင်ကြီးက စိတ်ပူပန်စွာ စကားဆိုလိုက်၏။
"ကျုပ်တော့ တောင်အောက်ဆင်းရှာလိုက်အုန်းမယ် ရသေ့ကြီးရာ။ ဒီကောင် ဘာစိတ်ကူးပေါက်ပြီး ဆင်းသွားတာလားပဲ။ အောက်မှာ မတွေ့ရင်တော့ ဟန်ကျူးမြို့ထဲထိ လိုက်ရမှာပဲ။ ရသေ့ကြီး ဒီကပဲ စောင့်နေလိုက်ပါဗျာ …" (ဟန်ကျူးမြို့၏ မြောက်ဘက်စပ်၌ မိုးထိတောင်ကြီးတည်ရှိကြောင့် စာစဉ်၏အစ၌ ဖော်ပြခဲ့သည်…ဤကားစကားချပ်)
"အင်းပါဗျာ …
ကျုပ်တောင်ပေါ်ကို သေချာထပ်ရှာရင်း စောင့်နေပါ့မယ်။ ဒီနေရာမှာ လူစိမ်းသူစိမ်းကလည်း မရှိဆိုတော့ သိပ်တော့ ပူပန်စရာမရှိပါဘူးလေ။ စိတ်ပူမနေနဲ့ ဓားသခင်ကြီးရာ… နေမင်းသခင် တစ်နေရာရာတော့ အကောင်းအတိုင်းရှိနေမှာပါ …"
ရသေ့ကြီး၏ အားပေးစကားကြောင့် ဓါးသခင်ကြီးက ယဲ့ယဲ့မျှသာ ပြုံးလိုက်နိုင်ပြီး ဆို့နင့်စွာ စကားဆိုရင်း တောင်အောက်သို့ ပြေးဆင်းသွားလေတော့သည်။
"အဲ့လို ဖြစ်ပါစေလို့ပဲ ကျုပ်ဆုတောင်းနေတာပါဗျာ။ဒါပေမဲ့ လူလေးတစ်သက်လုံး တောင်အောက်ကို တစ်ခါမှ ဆင်းခဲ့ဖူးတာမဟုတ်လို့ ကျုပ်တော့ မင်္သကာဘူးဗျာ။ တောင်အောက်ကိုများ ……။ ထားပါဗျာ … ကျုပ်သွားပြီ …"
ဓါးသခင်ကြီး၏ တစ်စွန်းတစသော စကားကြောင့် ရသေ့ကြီးမှာ တွေဝေသွားရကာ သတိပြုမိလိုက်ချိန်၌ ဓါးသခင်ကြီးအား မတွေ့ရတော့ချေ။ ထို့နောက် နတ္ထိရသေ့ကြီးလည်း တဲအိမ်လေးဆီသို့သွားကာ မီးအိမ်ကိုယူ၍ မိမိနှင့်နေမင်းသခင်နောက်ဆုံးတွေ့ခဲ့သည်နေရာသို့ပြန်လာကာ ခဏမျှရပ်တန့်စဉ်းစားလိုက်ပြီးနောက် နေမင်းသခင်ထွက်သွားရာဖက်ဆီသို့ စိတ်အမှန်းဖြင့် ခြေရာခံ၍ နှံ့နှံ့စပ်စပ်ရှာဖွေလေတော့သည်။
ဓားသခင်အဖိုးအိုနှင့် ရသေ့ကြီးတို့ ယောက်ယှက်ခတ်စွာ အလုပ်ရှုပ်နေချိန်၌ နေမင်းသခင်သည်လည်း အသဲခိုက်တမျှ နာကျင်မှုနှင့်အတူ ရောဂါမဟုတ်သည့် ဝေဒနာဆိုးကြီးအား ရင်ဆိုင်၍နေရလေသည်။
သူ၏ဝမ်းဗိုက်အတွင်းမှ အူကလီစာများအား တစစီ ဆွဲယူစားသောက်ခြင်းခံရသည့်နှယ် နာကျင်လှသည့်ဒဏ်ကြောင့် ဗိုက်ကို လက်ဝါးနှစ်ဖက်ဖြင့် ဖွဖွအုပ်ကာ မလှုပ်သာမလွန့်သာ
အခြေအနေမျိုးကြောင့် သေချင်စော်ပင် နံလျက်ရှိကာ ရှားပါးလွန်းသလောက် ပြင်းထန်သည့်အဆိပ်ရှိသည့်
သဏ္ဍာန်မြွေသည်လည်း နေမင်းသခင်၏ ဝမ်းဗိုက်တွင်းသို့ ရောက်ရှိ၍နေပြီး ပုံမှန်မဟုတ်သည့်အနေအထားကြောင့် ဒေါပွနေဟန်ရှိလေတော့သည်။
ဤသို့ဆိုလျှင် နေမင်းသခင်၏ကံကြမ္မာမှာ အိုဇာတာ မကောင်းဟူ၍ပင် ဆိုမရနိုင်တော့ပေ။အဘယ့်ကြောင့်ဟူမူ သူသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် သောကြာဂြိုလ်အစီးခံ၍ နေရသည်မဟုတ်ပါလား။
<> <> <> <> <>
နယ်စပ်မြို့ဖြစ်သော ဟန်ကျူးသည် လူပေါင်းစုံကျက်စားရာ နယ်မြေဖြစ်သည်နှင့်အညီ ငွေရပေါက် ရလမ်းပေါများကား စီးပွားရေးအချက်အချာကြသည်ဖြစ်၍ မိုးချုပ်သည်နှင့်တစ်ပြိုက်နက် ရောင်စုံမီးအိမ်အများအပြားဖြင့် မြို့ကို အပြိုင်အဆိုင် တန်ဆာဆင်ထားကြရာ ည၏အမှောင်ဖြင့်
လိုက်ဖက် တင့်တယ်လျှက်ရှိပြီး ဟိုမှဒီမှ ထွက်ပေါ်နေသည့်ဂီတသံများ …
ခမ်းနားကြီးကျယ်စွာ
တည်ဆောက် ပြင်ဆင်ထားသည့် စားတော်ဆက်များ … အလောင်းအစားဂေဟာများ …
ပျော်တော်ဆက်ဂေဟာများဖြင့် လှုပ်ရှားသက်ဝင်၍ နေပေသည်။
ထိုစဉ်မှာပင် တစ်မြို့လုံးအား
ပွတ်လောရိုက်သွားစေမည့် အဖြစ်အပျက်တစ်ခု ဆူညံစွာထွက်ပေါ်လာ၏။
" ဟီးးး ဟီးးးဟီးး
ရွှမ်း …ရွှမ်း …
ခွပ် ခွပ် ခွပ် …
ဒုန်း … ဒုန်း …"
မြင်းလှည်းတစ်စု ဟန်းကျူးမြို့ဝင် လမ်းမကြီးအတိုင်း ဝင်ရောက်လာခြင်းဖြစ်ပြီး
အနှီးမြင်းလှည်းသမားများမှာ မည်သူ့ကိုမှ အရေးမစိုက်ဟန်ရှိပြီး ကြာပွတ်သံ တစ်ရွှမ်းရွှမ်း ပေးလျက်ရှိကာ မြင်းကို ဒုန်းစိုင်းပြေးလွှားစေလျက် ရှိလေသည်။
ရွှေနဂါး စားတော်ဆက် …
အနီရောင်တွင် ရွှေအနားကွပ်ထားသည့် နဂါးရုပ်ထုကြီးနှစ်အား ရှေ့တည့်တည့်တွင် ယှဉ်ချထားပြီး နှစ်ထပ်မျှရှိသည့် အဆောက်အဦးအတွင်းဝယ် နေ့ခင်းအလား လင်းထိန်လျက်ရှိသည့်ယင်းစားတော်ဆက်ရှေ့သို့အရောက်တွင် ရှေ့ဆုံးမှ မြင်းလှည်းမှ အသံတစ်ခုကျယ်လောင်စွာ ထွက်ပေါ်လာ၏။
"ရပ်စမ်း …
ဟီးးးးးးဟီးး
ဝုန်း ဝုန်း …"
ရှေ့ဆိုသည့်အသံနှင့်အတူ မရှေးမနှောင်းမှာပင် ဒုန်းစိုင်းနှင်ခံလာရသည့်မြင်းများမှာ ဇာတ်ကြိုးကို အတင်းစောင့်ဆွဲခံလိုက်ရသဖြင့် ပဒပ်ရပ်လိုက်ကြပြီး ကျယ်လောင်စွာ မြည်ဟီးလိုက်ကြရာ မြင်းလှည်းအိမ်တချို့မှာ လမ်းမြေပြင်ဖြင့် ထိခိုက်မိသွားဟန်ရှိကာ လှည်းအိမ်နောက်ခြေဖြင့် ရိုက်ခိုက်မိသံများ ဝုန်းခနဲထွက်ပေါ်၍ သွားပေသည်။
ထို့နောက် ရှေ့ဆုံးမှ မြင်းလှည်းပေါ်မှ လူငယ်လေးတစ်ဦးနှင့်အသက်၅၀ဝန်းကျင်ခန့်ရှိသော လူကြီးတစ်ဦး ဆင်းသက်လာကြ၏။ ဤတွင် လူငယ်လေးက ဆိုင်ရှေ့ရှိ နဂါးရုပ်ထုများကို ကြည့်ကာ "ထပ်တွေ့ရပြန်ပြီ ဒီနဂါးတော့ …"ဟု ရေရွတ်လိုက်ပြီး ဖနောင့်နှင့်ပြေးပေါက်ရန်ပင် ကြံရွယ်မိလိုက်လေသည်။
သို့သော် အမောတကောပြေးလာ၍ ကြိုဆိုသော ဆိုင်လုလင်နှင့် အတွင်းဘက်မှ စူးစမ်းနေဟန်ရှိသည့် မျက်လုံးများကြောင့် ဖနောင့်ဖြင့်တော့ မပေါက်ဖြစ်လိုက်ပေ။
"ကြွပါ ကြွပါ …
သခင်လေးနဲ့ သခင်ကြီး။ ဟန်ကျူးမြို့ရဲ့အကောင်းဆုံး ရွှေနဂါးစားတော်ဆက်ကနေ ကြိုဆိုပါတယ်ခင်ဗျ …"
ထိုစဉ်မှာပင် လမ်းငယ်လေးအတွင်းမှ အဘိုးတစ်ဦးရောက်ရှိလာကာ ဆိုင်ရှေ့ရှိလူနှစ်ဦးကို ကြည့်၍ ဝေခွဲမရဖြစ်နေလေတော့သည်။
"ဟင် …
နေမင်းသခင်က ဒီမှာ ဘယ်လိုလုပ်ရောက်နေရတာလဲ။ တစ်နေ့လည်နဲ့ ညနေပိုင်းလေးပဲ မတွေ့လိုက်ရတာနဲ့ ဒီလောက်တောင် ပြောင်းလဲသွားရတာလား …?
ဟာ … မဟုတ်သေးပါဘူး။
တစ်ခုခုတော့ လွဲနေပြီ …"
အဘိုးအိုက ထိုသို့ရေရွတ်လိုက်ပြီး ဆိုင်အတွင်းသို့ လိုက်ဝင်သင့်မဝင်သင့် ချီတုံ့ချီတုံ့ဖြစ်သွားကာ မိမိ၌ ခြူးတစ်ပြားမျှ မပါသည်ကို သတိရလိုက်ပြီး ဤနေရာမှသာ အခြေအနေစောင့်ကြည့်နေလိုက်ပြီး အတန်ကြာသည့်အထိ ပြန်ထွက်မလာတော့မှ တညတာတည်းခိုရန် သေချာသွားပြီ ဖြစ်ရာ နတ္ထိရသေ့ကြီးရှိရာ မိုးထိတောင်သို့ ပြန်၍ မိမိကြုံတွေ့ရသည်နှင့် ရသေ့ကြီး၏ ထင်မြင်ချက်အား ရယူပြီးမှ ပြန်လာရန် ဆုံးဖြတ်လိုက်လေတော့သည်။
စင်စစ်အားဖြင့် ယင်းလူငယ်လေးမှာ သေမင်းဧကရာဇ်မည်သော လူငယ်လေးဖြစ်ကာ နားဘေးမှလူကြီးသည်ကား သေမင်းတမာန်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်လေသည်။ အသို့ဆိုလျှင် အဘယ်အကြောင်းကြောင့် နေမင်းသခင်နှင့် သေမင်းဧကရာဇ်မှာ နှစ်နှယ်ဆယ်နီးပါး အတူနေလာခဲ့သည့် ဓါးသခင်ကြီးလိုလူပင် အထင်မှားစေနိုင်ပါသနည်း။ သူတို့၏ ပတ်သက်မှုကား မည်သို့နည်း။
<> <> <> <> <>
တိမ်ပြာသောနေ့ …
ရာသီဥတုသည် အလွန်ပင် သာယာလှ၏။တစ်ချက်တစ်ချက်တွင် လေရိုင်းတိုက်သံများ တဝှီးဝှီးပင် ထွက်ရှိလျက်ရှိကာ တောသဘာဝ တောအလှ…ဟူ၍ တင်စားခေါ်ဝေါ်ရမည့် အလေ့ကျ ပေါက်ရောက်နေသော တောပန်းကလေးများက လေယူရာ ယိမ်းနွဲ့ကာ နတ်ပြည်မှ နတ်သမီးလေးများကပင် ဤတောဤတောင်သို့ အယောင်ဆောင်၍ ဝင်စားလေသည့်အလား စီချက်ညီညီ ကကြိုးသီနေမှုသည်ကား ကဗျာဆန်လွန်းလှပေသည်။
ပန်းလိပ်ပြာ စုချင်းလျှံ…
သူမသည် အသက်၂၀အရွယ်
ရှိသူဖြစ်ပြီး သူမ၏ မျက်နှာမှာ လပြည့်ဝန်းအသွင်ရှိကာ အနည်းငယ် ပြာလဲ့၍ ဝိုင်းစက်စက် ညို့မျက်ဝန်း… အစိမ်းရောင်ယှက်သမ်းနေသည့် မျက်ခုံးတော် စိမ်းဖန့်ဖန့် …
နီထွေးအိလျသော နှုတ်ခမ်း …
အနည်းငယ် ထင်း၍ ဖြောင့်စင်းပြေပြစ်သော နှာတံ … အက်ကွဲကြောင်းလေး ပြေးနေသည့် မေးခပ်ဟဟနှင့် ဝါဝင်းသော အသားအရေကို ပိုင်ဆိုင်ထား၏။
ထို့အပြင် နတ်ပန်းပုဆရာတို့ သွန်းထုထားသည့် ရွှေစင်ယမင်းရုပ်ထုအလား မိန်းမမြတ်၏ အင်ကြန်လက္ခဏာ အရှိုက်,အဟိုက်, အမို့,အမွန်းတို့က အချိုးညီညီ တည်ရှိနေပြန်၏။
သူမက သာယာလွန်းလှသော ပတ်ဝန်းကျင်ကြောင့် စိတ်ပေါ့ပါးသွားပုံရကာ ရှေးဟောင်းဘုန်းတော်ဖွဲ့ တျာချင်းတစ်ပုဒ်ကို ဆိုညည်းလိုက်ပြီး သူမ၏တန်ဖိုးကြီး ပိုးဖဲကတ္တီပါ ဝတ်စုံအား တစ်လွှာချင်း ခွာချပစ်နေရာ ဤမြင်ကွင်းအား မြင်ရသူအဖို့ ဥမ္မာဒန္တီအား မြင်၍ သိဝိမင်းရှုးသည့်ပမာ ရှုးခါ၍ပင် သွားနိုင်ပေသည်။
သို့သော် ပြစ်မျိုး မှဲ့မထင် …ဟူသော ဆိုရိုးနှင့် ဖီလာဖြစ်နေသည့် အရာတစ်ခုအားလည်း သူမထံမှ တွေ့ရလေသည်။ ၄င်းအရာကား သူမ၏ရင်ညွှန့်ထက်ဆီမှ ပန်းရောင်သမ်း၍ ရွေးစေ့ပမာဏလောက် ရှိသော မှဲ့နီလေးတစ်လုံးပင်။
ထို့နောက် စုချင်းလျှံက ပါးလွားလွန်းလှသော ချွေးခံအဝတ်စလေး မလုံတလုံဖြင့် ရှေ့တည့်တည့်ဆီမှ စမ်းချောင်းလေးအတွင်းသို့ ညင်သာစွာ ဆင်းသက်လိုက်ပြီး ရေလယ်သို့ရောက်သည်နှင့် ခန္ဓာကိုယ် အပေါ်ပိုင်းကို ရေတွင်မြှပ်စေလျက် ချွေးခံအဝတ်စလေးကို ရေညစ်ကာ ဖုန်တစ်စမျှပင် တင်ဝံ့ဟန်မရှိသည့် သူမ၏ခန္ဓာကိုယ်တစ်လျှောက်ရှိ ကိုယ်အဂါင်္အစိတ်အပိုင်းတို့အား စိတ်တိုင်းကျ ပွတ်သပ်ဆေးကြော၍ နေလေတော့သည်။
သို့ရာတွင် ရေထိသွားသည့် မှဲ့နီလေးမှာ ပို၍ အရောင်တောက်လာသလိုရှိကာ နတ်သမီးတမျှ ချောမောလွန်းလှသည့် ဤမိန်းမပျိုလေးအထံတွင် တည်ရှိနေရမှုအတွက် ဂုဏ်ယူနေဟန်လည်း ရှိပေသည်။
အနှီမိန်းမပျိုလေးသည်ကား လောကကို အလှဆင်နိုင်လွန်းပေစွ•••••။

#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၇)
#နေမင်းသခင်နှင့်သေမင်းဧကရာဇ်
(အပိုင်း၇)
စာရေးသူ ..သန့််ဇင်ထွန်း
လေပြေလေညှင်းများ ညှင်းသာစွာတိုက်ခိုက်၍နေကာ အဘယ်အရပ်က ဆောင်ယူလာမှန်းမသိသည့် ပန်းရနံ့များကြောင့် ချုပ်ညရီသည် စာပေသမားများနှင့် ချစ်သူနှစ်ဦးတို့အတွက်မူ လွန်စွာ လှပ၍ ကဗျာဆန်လှ၍ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းပေလိမ့်မည်။ ထို့ကြောင့်လည်း နဂါးဓားဖုန်းနန်က ဤနေရာတွင် စခန်းချနားခိုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။သို့သော် ဤမျှသာယာလှသောနေရာသည် မကြာမှီအချိန်အတွင်း၌ သွေးမုန်တိုင်းအဖြစ် ပြောင်းလဲသွားမည်ကိုကား နဂါးဓားဖုန်းနန်တစ်ယောက် ကြိုသိခဲ့ပါမူ ……။
ရွှေနဂါးအာမခံဌာနမှ အဖွဲ့သားများ တလှုပ်လှုပ်တရွရွဖြင့် တစ်ညတာနားခိုရန်နှင့် ချက်ပြုတ်စားသောက်ကြရန်အတွက် ကိုယ့်တာဝန်ကိုယ် တက်ကြွစွာ ထမ်းဆောင်နေကြ၏။
မြင်းလှည်းတန်းမှာ ဆယ်စီးမျှရှိသဖြင့် ရှည်သည်ဟု မဆိုသာသော်လည်း အတန်အသင့်တော့ ကွာဝေးလေသည်။ထို့ကြောင့် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူလာသူ နဂါးဓားဖုန်းနန်နှင့် လျှပ်စစ်ဓားမာလောက်ဟူတို့က အာမခံဌာမှပစ္စည်းများတင်ဆောင်လာသည့်မြင်းလှည်းများအား မြင်းတစ်စီး,စီ စီးနင်းကာ လှည့်လည်ကြည့်ရှုရင်း ရှေ့ဆက်ရမည့် ခရီးအကွာအဝေးနှင့် မြင်းလှည်းအိမ်များ၏ အခြေအနေအား တွက်ဆနေလေသည်။
"လောက်ဟူ …
ဒီလှည်းဘီးက တော်တော်ခွင်နေတာပဲ။ လမ်းကြမ်းရင် ဝန်ကို မနိုင်လောက်တော့ဘူး ထင်တယ်ကွ။ မင်း ကြည့်ကြည့်စမ်း…"
ဖုန်းနန်၏စကားကြောင့် လျှပ်စစ်ဓား မာလောက်ဟူက မြင်းပေါ်မှ ဆင်းကာ အနီးကပ်ကြည့်ရှုလိုက်၏။
မှန်ပေသည် …
မြင်းလှည်းဘီးမှာ ဟိုဘက်ကဘီးနှင့်ယှဉ်လျှင် အတော်ပင် ခွေ၍နေကာ တစ်ဖက်သို့ သိသာစွာ စောင်းနေလေသည်။
"အေးဟ …
ဒီလှည်းပေါ်ကကောင်တွေ ဒါတောင် သတိမထားမိလို့လား … ဒါမှမဟုတ်
သိသိကြီးနဲ့များ ငါတို့ကို လာမပြောတာလားပဲ …"
"ဟုတ်တယ်ကွာ …
အရေးအကြောင်းဆို ဒီကောင်တွေကြောင့် ဒုက္ခရောက်မှာ နေနှင့်အုန်း ဒီကောင်။ ညစာစားပြီးမှ ပြင်ခိုင်းလိုက်မယ်။ လှည်းအမှတ် ၇နော် လောက်ဟူ။ ညစာစားချိန်ကျ ငါမေ့နေရင် သတိပေးအုန်း …"
ဖုန်းနန်နှင့် လောက်ဟူတို့မှာ သက်တူရွယ်တူများဖြစ်ကြပြီး ရွှေနဂါးအာမခံဌာနတွင် ဝင်ရောက်မလုပ်ကိုင်ခင်ကတည်းက မိတ်ဆွေများ ဖြစ်ကြသည့်အလျှောက် အဖွဲ့ခေါင်းဆောင်ဟူသည့် စည်းမရှိပဲ ရင်း ရင်းရင်းနှီးနှီးခေါ်ပြော ဆက်ဆံကြလေသည်။ ထို့နောက် မာလောက်ဟူလည်း မြင်းပေါ်ပြန်တက်ကာ ကျန်မြင်းလှည်းများအား ဆက်လက်စစ်ဆေးလိုက်ကြ၏။
ထိုစဉ်မှာပင်ထူးခြားချက်တစ်ခုအား
ဖုန်းနန်မြင်တွေ့လိုက်ရသည်။
သူက ညာဖက်ရှိ ခြုံနွယ်များကို ကြည့်လိုက်ရင်းမှ ……
"လောက်ဟူရေ …
မဖတ်ခေါ်တဲ့ ကောင်တွေတော့ ရောက်လာပြီ။ အဖွဲ့သားတွေကို တပ်လှန့်လိုက်တော့ …"
"ဟား …ဟားးး
အခုမှ တပ်လှန့်နေလည်း နောက်ကျသွားပါပြီ ဖုန်းနန်ရာ။ မင်းတို့ သယ်လာတာ ရွှေခြေင်္သေ့ရုပ် ၅၀ … ကျန်းစီးပြည်ကထွက်တဲ့ ရှားရှားပါးပါးပိုးထည် ၂လှည်း …
ရွှေချည်းသက်သက်က ပိ ဿာ၅၀ …
သက်ရှည်ဂျင်ဆင်းလို့ ခေါ်တဲ့ဆေးမြစ်က ၇ပိ ဿာကျော် …
ကွမ်ရင်မယ်တော် ကြေးရုပ်ထုက ၂လှည်း … ပို့ရမှာက နေပြည်တော်က သူဋ္ဌေးကြီးချန်းရွှင်။ ဒါပေမဲ့ အဲ့ဒီကို သွားပို့စရာမလိုတော့ဘူး။ အကုန်လုံးကို ငါတို့ သေမင်းတမာန်ဂိုဏ်းက အလှူခံလိုက်ပါ့မယ်လေ …"
"သေမင်းတမာန်ဂိုဏ်း ဟုတ်လား။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က တစ်ဂိုဏ်းလုံး အသေဆိုးနဲ့ဘ မျိုးပြုတ်သွားတဲ့ဂိုဏ်းက ရှိသေးလို့လား။
ငါတို့လိုရွှေနဂါးအာမခံဌာနကို ဒီလိုလာခြိမ်းခြောက်လို့ရော ရမယ်ထင်သလား။ အခုထိ မျက်နှာတောင် မပြရဲပဲနဲ့ အမှောင်ထဲက လေကျယ်နေတဲ့လိပ်လိုကောင်ကများ အလှူခံတယ်လေဘာလေးနဲ့ သတ္တိရှိရင် ရှေ့ထွက်ခဲ့ဟေ့… "
နဂါးဓား ဖုန်းနန်၏ စကားကြောင့် တစ်ဖက်မှသဘောကျသလို ရယ်လိုက်ပြီး ခနဲ့တဲ့တဲ့ တုန့်ပြန်လာ၏။
"ဟားဟားး …
နဂါးဓား ဖုန်းနန် ဖုန်းနန်နဲ့ နာမည်ကျော်တာ ဘာကြောင့်လား မှတ်တယ်။ နှုတ်သီးကောင်းလျှာပါး မိန်းမလိုမိန်းမရ ရန်တွေ့တတ်လို့လား မသိဘူးဟေ့ …"
ထိုအချိန်တွင် ရန်သူများ ရောက်လာသည်ကို ရိပ်မိသော အာမခံအဖွဲ့သားများရောက်ရှိလာကာ မြင်းလှည်းများကို ဝိုင်းရံကာ အသင့်အနေအထားဖြင့်ရှိနေကြ၏။သေမင်းတမာန်ဂိုဏ်းဟု ကြွေးကြော်ထားသော ရန်သူများလည်း တစ်ဖက်တစ်ချက်စီတွင် ရောက်ရှိလာပြီးဖြစ်ပြီး အယောက်နှစ်ဆယ်ခန့်သာ ရှိသဖြင့် ရွှေနဂါးအာမခံဌာနမှ အယောက်၅၀ခန့်ပါသဖြင့် အင်အားတော့ များလှပေသည်။ သို့သော် ရန်သူ၏ အနေအထားကို မသိရသဖြင့် သူတို့ရင်ထဲတွင် ပေါ့လျော့စိတ်တော့ မရှိကြ။
ဤတွင် သေမင်းတမာန်ဂိုဏ်းဟု ကြွေးကြော်ထားသည့် အဖွဲ့မှ ခေါင်းဆောင် ဖြစ်ဟန်တူသူက ရှေ့သို့ထွက်လာသည်။သူ၏ဟန်ပန်မှာ ပန်းခြံထဲတွင် လေညှင်းခံလမ်းလျှောက်နေသူတစ်ယောက်ပမာရှိကာ
ယပ်တောင်တစ်ချပ်ကို ဟန်ပါပါကိုင်ဆောင်ထားကာ စကားဆိုလေသည်။
"ကဲ … ဖုန်းနန်။
မင်းရဲ့ နဂါးဓားဆိုတဲ့နာမည်ကို ဝါးခြမ်းဓါးလို့ ပြောင်းမပစ်ချင်ရင် ပစ္စည်းတွေ ထားပြီး သွားပေတော့။ ဒါ နောက်ဆုံးအခွင့်အရေးပေးခြင်းပဲ… "
"ဟားးဟားး …
တယ်လည်း ရယ်စရာကောင်းပါလား။ ကိုင်း … သေမင်းတမာန်ဆိုတဲ့ ခွေးမျိုးတွေကို အမြစ်ဖြုတ်လိုက်ရအောင်လား ငါ့ကောင်များ… "
နဂါးဓားဖုန်းနန်၏ တိုက်ပွဲခေါ်သံအဆုံး၌ လျှပ်စစ်ဓားမာလောက်ဟူကလည်း မြင်းပေါ်မှ ဆင်းကာ ဓားကိုဆွဲထုတ်လိုက်၏။ ထို့နောက် နှစ်ဦးသား ပူးတွဲ၍ ခေါင်းဆောင်ဖြစ်သူအား တိုက်ခိုက်လိုက်လေသည်။
"ချွမ် … ချွမ် …"
ဖုန်းနန်နှင့်လောက်ဟူတို့ တိုက်ခိုက်လိုက်သည်နှင့် ခေါင်းဆောင်ဖြစ်သူ၏ဘေးမှ အသက်နှစ်ဆယ်ပင် မပြည့်တတ်သေးသော လူငယ်လေးထံမှ လှုပ်ရှားမှုက ဦးစွာ ထွက်ပေါ်လာခြင်းဖြစ်၏။ အနှီလူငယ်လေး၏ လက်ထဲတွင် ၁ပေခန့်သာရှည်သည့် ဓားငယ်လေးနှစ်လက်ကို ကိုင်ဆောင်ထားကား ဖုန်းနန်နှင့်လောက်ဟူ၏ ခုတ်ချက်နှစ်ချက်လုံးကိုပင် တစ်ပြိုင်နက် ဝင်ခုခံသွားခြင်းလည်း ဖြစ်ပေသည်။
သို့သော် ဝါရင့်သိုင်းသမားကြီးဖြစ်သည့် ဖုန်းနန်နှင့်လောက်ဟူမှာ ဓားများလွှတ်ကျလုမတတ် ကျင်တက်သွား၏။
"အလို …
ဒီကောင်လေးက သူ့အမေဗိုက်ထဲမှာကတည်းကများ အတွင်းအား ကျင့်လာတာလား။
ဒီလိုဆိုရင်တောင် အလွန်ဆုံးနှစ်နှစ်ဆယ် အတွင်းအားပေါ့။ခုတော့ …"
ဖုန်းနန်တို့နှစ်ယောက်သား ဤသို့ပင် တွေးလိုက်မိကြသော်လည်း ယင်းလူငယ်လေး၏ တိုက်ကွက်တို့က ကြောက်မက်ဖွယ်ရာ ဆက်လက်၍ ထွက်ပေါ်လာသဖြင့် ဆုံးခန်းတိုင်ထိအောင် မတွေးနိုင်ကြတော့ချေ။
ဤတွင် နဂါးဓားဖုန်းနန်က သူ၏နာမည်ကျော် နဂါးပတ်ဓားချက် ၁၈ကွက်ထဲမှ မိုးမျှော်နဂါး သိုင်းကွက်ကိုခင်းကာ အတွင်းအားကို ခုနှစ်ဆင့်မျှ အသုံးပြုလိုက်သလို လျှပ်စစ်ဓားလောက်ဟူကလည်း လျှပ်စီးရောင်ခြည်ဟူသော သိုင်းကွက်ဖြင့် တုန့်ပြန်တိုက်ခိုက်လိုက်ကြသည်။ နှစ်ယောက်တွဲ တိုက်ခိုက်နေကြဖြစ်သဖြင့် သူတို့၏တိက်ခိုက်မှုမှာ အပိုအလိုမရှိ အချိတ်အဆက်မိကာ သိုင်းအားအတော်ပင် ပြင်းထန်လေသည်။ သို့သော် အမည်မသိလူငယ်လေး၏ ဓားချက်တို့က လေပွေမွေ့သလို ထိုးဖောက်ဝင်ရောက်လာကာ သူတို့၏ တိုက်ကွက်တို့က နေလာနှင်းပျောက်သည့်နှယ် ရှိလေသည်။ဤတွင် ကျန်းအဖွဲ့သားများလည်း တိုက်ခိုက်နေကြပြီဖြစ်ကာ အရေအတွက်များသော်လည်း ထက်မြက်လှသော သေမင်းတမာန်ဂိုဏ်းသားတို့၏ သိုင်းအားကြောင့် အခြေအနေက မကောင်းလှ။
"ဒုတ် … ဒုတ် …
အား …အားး …"
တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်လေသည်။ ထို့ကြောင့်နဂါးဓားဖုန်းနန်က သိုင်းလောကတွင် သူ့အားနာမည်တစ်လုံးရစေသည့် မုန်တိုင်းထဲမှ နဂါးဒေါသ…ဟူသောသိုင်းကွက်ဖြင့် အတွင်းအား ၉ပုံအထိသူံးကာ တိုက်ခိုက်လိုက်ရာ အခုအချိန်အထိ ဘေးတွင်တည်ငြိမ်စွာရပ်နေသည့် ခေါင်းဆောင်ဖြစ်သူက …
"သေမင်းဧကရာဇ် သခင်လေးရေ …
အဲ့ဒါ နဂါးဓားဖုန်းနန်ရဲ့ မုန်တိုင်းထဲမှ ခွေးရှုးအမျက်ဆိုတဲ့ သိုင်းကွက်ပေါ့။ ကြည့်ရတာ ထင်သလောက်လည်း မစွံပါဘူး …"ဟု ခနဲ့လိုက်လေသည်။
ဤတွင် ဖုန်းနန်လည်း သက်စောင့်အင်အားပင် မချန်တော့ပဲ အံတင်တင်ကြိတ်ကာ အပြင်းအထန်တိုက်ခိုက်လေတော့သည်။ သို့သော် သေမင်းဧကရာဇ်ဆိုသည့် လူငယ်လေးအား လောက်ဟူနှင့်သူ နှစ်ယောက်ပေါင်း၍ တိုက်ခိုက်သည့်တိုင် လုံးဝမထိချေ။
လူငယ်လေး၏ တိုက်ကွက်တို့က လျှင်မြန်လွန်း၍ အတွင်းအား အပြည့်ပါလေသည်။ ထို့အပြင် ရက်စက်ကြမ်းကြုတ်လွန်းကာ အချက်တိုင်းက သေကွင်းသေကွက်သို့သာ အချိန်တိုင်း ကြရောက်နေလေသည်။
ဤသို့ဖြင့် အကွက်နှစ်ရာကျော်လာချိန်၌ ဖုန်းနန်၏ နဂါးဓားအား သေမင်းဧကရာဇ်မှ ဓားချင်းယှဉ်ရိုက်ကာ ချိုးပစ်လိုက်၏။အတွေ့အကြုံရင့်နေပြီဖြစ်သော ဖုန်းနန်နှင့် လောက်ဟူတို့လည်း ရှေ့သို့ဒိုင်ထိုးကာ သေမင်းဧကရာဇ်၏ အောက်ပိုင်းအား ပြိုင်တူတိုက်ခိုက်လိုက်ကြလေသည်။ ဤတွင် သေမင်းဧကရာဇ်ဟူသည့် လူငယ်လေးက နောက်သို့ဆုတ်မသွားပဲ လေပေါ်သို့ ခုန်တက်သွားကာ ဦးစိုက်၍ ပြန်ဆင်းလာပြီး အပေါ်စီးမှနေ၍ ပြင်းထန်သော လက်ဝါးရိုက်ချက် ၈ချက်တိတိ ရိုက်ထုတ်လာရာ ဖုန်းနန်တို့
မည်သို့မျှ မရှောင်တိမ်းနိုင်တော့ပဲ ရင်ဝသို့ တစ်ချက်စီ အထိခံလိုက်ရလေတော့သည်။
"ဝုန်း …ဝုန်း …ဝုန်း …
ဝုန်း ဝုန်း …
ဘုန်း …ဘုန်း …
အင့် … အီး …"
ဖုန်းနန်တို့ နောက်ပြန်လဲကျသွားချိန်မှာပင်
ရွှေခြင်္သေ့ကျန်းရိစန်းထံမှ
" ဟေ့ကျားလက်ဝါး…"ဟူသော အော်ဟစ်သံကြီးကြောင့် ဖုန်းနန်က လှည့်ကြည့်လိုက်ရာ အနားမှ မည်သည့်အချိန်က ပျောက်သွားလိုက်မှန်း မသိလိုက်ရသည့် သေမင်းတမာန်ဂိုဏ်းခေါင်းဆောင်၏ လက်ချက်ကြောင့်
ကျားလက်ဝါး ရွှဲ့ယိမိန်းကား သေလေပြီ။ရွှေခြင်္သေ့သည်လည်း အခြေအနေမကောင်းလှ တစ်ကိုယ်လုံး သွေးချင်းချင်းရဲ၍ နေပေသည်။ ထိုစဉ်မှာပင် ဖုန်းနန်ထံသို့ သေမင်းဧကရာဇ်၏ အညှာအတာကင်းမဲ့သော နောက်ဆက်တွဲလက်ဝါးချက်တစ်ခု ထပ်မံရောက်ရှိလာကာ ထိခံလိုက်ရလေသည်။ပြင်းထန်လွန်းလှသောရိုက်ရိုက်ကြောင့် သွေးတစ်ပွက်မျှ အန်ကျလာသော်လည်း အတွေ့အကြုံရင့်ကျက်သူပီပီ သတိလစ်ဟင်းခြင်းတော့ မရှိချေ။
ဤတွင် ဖုန်းနန်က လက်ထဲမှဓားကျိုးအား သေမင်းသခင်ထံ အားကုန်သုံး၍ ပစ်ပေါက်ကာ လူပါခုန်ဝင်လိုက်ရင်းမှ "လောက်ဟူ …
လွှတ်အောင်ပြေး …"ဟူ၍လည်း အော်ဟစ်လိုက်၏။
ထိုအခါ လောက်ဟူလည်း ဖုန်းနန်၏ သဘောထားကိုနားလည်စွာ အနားရှိမြင်းပေါ် ခုန်တက်လိုက်ပြီး ဒုန်းစိုင်း၍ ပြေးထွက်လာလိုက်လေတော့သည်။ မိမိတို့အားလုံး ဒီအတိုင်း လူမသိသူမသိသေမည့်အစား တရားခံမည်သူ မည်ဝါပါဟူ၍တော့ တစ်စုံတစ်ယောက်က ထုတ်ဖော်နိုင်ခဲ့သင့်သည်မဟုတ်ပါလား။ဤသို့ဆိုလျှင် ဖုန်းနန်နှင့် ရွှေနဂါးအာမခံအဖွဲ့သားတို့၏ ကံကြမ္မာကား အဘယ်သို့နည်း။.

#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၆)
#နေမင်းသခင်နှင့်သေမင်းဧကရာဇ်
(အပိုင်း၆)
အတန်ကြာသည့်အထိ နောက်ဆက်တွဲစကားသံများထွက်ပေါ်မလာပဲ ငြိမ်ကျသွားသည့် ဓားသခင်ကြီးကိုကြည့်ကာ နတ္ထိရသေ့ကြီးက စကားစရှာ၍ လှုပ်နိုးလိုက်လေသည်။
"ဘယ်လိုလဲ ဓါးသခင်ကြီးရ …
အတိတ်ဆိုးတွေကြားမှာ လှောင်ပိတ်မိသွားတာလား …"
ထိုအခါတွင်မှ ဓါးသခင်ကြီးက အိပ်မက်မှ လန့်နိုးသူတစ်ယောက်ပမာ လက်ရှိပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိလာ၏။ထို့နောက် စိတ်မသက်သာဟန်ဖြင့် မချိပြုံးလေးပြုံးကာ သူကြုံခဲ့ရသည့် အနေအထားတစ်ခုကို ဖွင့်ပြောလေသည်။
" အဲ့ဒီနောက်တော့ ကျုပ်လည်း ဘာလုပ်ရမလဲဖြစ်သွားတာပေါ့။ပြီးတော့ ဖန်းရှောက်ဆိုတဲ့သူက သေသွားလား ရှင်သွားလားလည်း မသိ, ကျုပ်တပည့်ကြီး စန်းရှောင်နဲ့ ဇနီးသည်ကိုလည်း မတွေ့… ကျုပ်လက်ထဲမှာလည်း ၁နှစ်သားအရွယ် ကလေးက တစ်ဖက်ဆိုတော့ကား စိတ်သွားတိုင်းလည်း ကိုယ်မပါနိုင်တော့ဘူးပေါ့ဗျာ… "
ဤတွင် နတ္ထိရသေ့ကြီးက ထောက်ခံပြောဆိုလိုက်ကာ သူသိလိုသည့် နောက်ဆက်တွဲကို စကားအစ်ထုတ်လိုက်၏။
"ဟုတ်တာပေါ့ဗျာ …
ဓါးသခင်ကြီးတော့ မသိဘူး။ကျုပ်သာ အဲ့ဒီအခြေအနေကို ကလေးတစ်ဖက်နဲ့ကြုံခဲ့ရရင်တောင် ဟိုဟာ မလုပ်တတ်,ဒီဟာ လုပ်မတတ်နဲ့ အဲ့ဒီကလေး သေမလားပဲ …"
"ဒါနဲ့ ဓါးသခင်ကြီး …
ကျန်းစန်းရှောင်တို့ ဇနီးမောင်နှံကရော ဘယ်လိုဖြစ်သွားလဲဗျ။ ပြောပြပါအုန်း …"
အစောပိုင်းက ရသေ့ကြီး၏ ကလေးငယ်တစ်ဖက်နဲ့ ဟိုမလုပ်တတ် ဒီဟာ လုပ်မတတ်…ဆိုသည့် စကားကြောင့် ပြုံးရောင်သမ်းသွားသည့် ဓါးသခင်ကြီး၏ မျက်နှာမှာ ရသေ့ကြီး၏ နောက်ဆက်တွဲ မေးခွန်းကြောင့် ပြန်လည် မှေးမှိန်သွားလေသည်။ပြီးနောက် သူက သက်ပြင်းတစ်ချက်ကို ခပ်မာမာချရင်း မနားတမ်း စကားဆိုလိုက်၏။
"ဟူးး …
ဘာမှ ကျုပ်လည်း မသိခဲ့ပါဘူးဗျာ။
ကလေးကို ကျောကလွယ်ပြီး တောင်အောက်ပြန်ဆင်း… အလောင်းတွေကို သေချာပြန်စစ်ဆေးတယ်။ အနီးအနားပတ်လည်ကိုလည်း ခြေရာချင်းထပ်အောင် ရှာတာပဲ။
ဒါပေမဲ့ ဘာဆိုဘာမှ မတွေ့ခဲ့ရဘူး။ တပည့်ဖြစ်သူဇနီးမောင်နှံဆိုတာကလည်း အစအနကို ပျောက်ရောပဲ။
အဲ့ဒီနောက်တော့ ကျုပ်လည်း နတ်ဓားပျံစံအိမ်ကို လူကြုံနဲ့အကြောင်းကြားပြီး ခေါ်လိုက်ရတာပေါ့။
ဒါပေမဲ့လည်းဗျာ … ဒီနေ့အထိတော့ ဘာမှထူးမလာပါဘူး။ နတ်ဓားပျစံအိမ်သခင်ကြီးတို့လူစု ရောက်လာကြတယ်။ စန်းရှောင်ရဲ့သားလေးကို ကျုပ်ကပဲ စောင့်ရှောက်ထားပြီး စန်းရှောင်ဆီက မရလိုက်တဲ့ သိုင်းပညာအမွေကို ဆက်လက်ပေးဖို့နဲ့ တောင်းပန်ပြီး စန်းရှောင်တို့သတင်းရရင် ကျုပ်ကို အကြောင်းကြားပါ့မယ်လို့ … အရေးဆိုလာတော့ ကျုပ်က လက်ခံလိုက်ရတာပေါ့။နတ်ဓားပျံစံအိမ်အတွင်းမှာလည်း လတ်တလော အနှောက်အယှက်တွေက မကြာခဏကြုံနေရတယ်ဆိုတာ ကျုပ်က သတင်းရထားတာကိုဗျ။ အဲ့ဒီနောက်ပိုင်းတော့ နတ်ဓားပျံစံအိမသခင်ကြီးဆီက စာတော့ မကြာမကြာ ရောက်ပါတယ်။လူကတော့ တစ်ခေါက်မှ ထပ်မရောက်လာတော့ဘူး …"
ထိုအခါတွင်မှ နတ္ထိရသေ့ကြီးမှာ နေမင်းသခင်၏ ဇစ်မြစ်နှင့် ဓါးသခင်ကြီးထံ ရောက်ရှိနေပုံကို နားလည်သွားကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဓါးသခင်ကြီးပြောထားသမျှကို ပြန်သုံးသပ်ကြည့်လိုက်ပြီးနောက် အတန်ကြာမှ စကားလမ်းကြောင်းပြောင်း၍ ဆိုလိုက်၏။
"အင်းဗျာ …
ကျုပ်တို့စကားကောင်းနေတာနဲ့ မွန်းတောင် လွဲခါနီးပြီပဲ။ ဒါနဲ့ နေမင်းသခင်လေးရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ပါလားဗျ …"
"ဟား …ဟားး။
ဒီကိစ္စက နက်နဲတယ်။ဒါပေမဲ့ ကျုပ်ကောင်းကောင်းသိပါတယ်ဗျာ …"
ရသေ့ကြီး၏ စကားကြောင့် ဓါးသခင်ကြီးက ရယ်မောလိုက်ပြီး "သူတစ်ယောက်သာ သိသည်ဆိုသည့်…" အထာမျိုးဖြင့် စကားတုန့်ပြန်လာလေရာ … ရသေ့ကြီးက မိမိ၏စကားမှာ ရယ်စရာမရှိပါပဲ ရယ်၍ ထူးဆန်းသလို ပြောလာသည့် ဓါးသခင်ကြီး၏ စကားကြောင့် ကြောင်အအ,ပင် ဖြစ်သွားလေသည်။
ထိုတွင်မှ ရသေ့ကြီး၏အမူအရာကြောင့် ဓါးသခင်ကြီးမှာ ရယ်ချင်စိတ်ကို အတင်းမျိုသိပ်ထားသည့် ပုံမျိုးဖြင့် သူသာသိသည့် နေမင်းသခင်၏ လျို့ဝှက်ချက်ကို ဖွင့်ဟလိုက်ရင်းမှ ဟန်မဆောင်နိုင်စွာ ရယ်မောလိုက်ပြန်သည်။
" ဒါက ဒီလိုဗျ ဓါးသခင်ကြီးရ။ နေမင်းသခင်က ဘယ်မှသွားတာ မဟုတ်ဘူး။အစောပိုင်းက ရသေ့ကြီးနဲ့ချတာ သူ မနိုင်လို့ရှက်ပြီး တစ်နေရာရာမှာ သိုင်းသွားလေ့ကျင့်နေတာပဲ ဖြစ်မယ်။ နေမင်းသခင်က သိပ်အရှက်ကြီးတာ …
ဘယ်လောက် အရှက်ကြီးလဲဆိုရင် ကျုပ်နဲ့ချလို့ မနိုင်ရင်တောင် ဒီကောင်ရှက်ပြီး တစ်နေရာရာ သွားပုန်းပြီး သိုင်းလေ့ကျင့်နေရောဗျို့။
ဟားး … ဟားး … ဟားး …"
ရသေ့ကြီးလည်း ဤတွင်မှ နေမင်းသခင်ကို မတွေ့ရသည့်အကြောင်းနှင့် ဓါးသခင်ကြီး၏ ထူးထူးဆန်းဆန်းအပြုအမူအား သဘောပေါက်သွားကာ သူပါ လိုက်၍ ရယ်မောလေတော့သည်။
"ဖြစ်မှ ဖြစ်ရလေဗျာ …
ဟား …ဟားး …ဟားးး "
ယင်းအချိန်ဝယ် နေမင်းသခင်မှာ ဓါးသခင်ကြီး ထင်မှတ်သကဲ့သို့မဟုတ်ပဲ မိုးထိတောင်ကြီး၏ တောင်ခုလတ်ရှိ ဂူတစ်ခုဝယ် ဒုက္ခကြုံလျက် ရှိပေသည်။
"အားး …
ကျွတ် …ကျွတ်…ကျွတ်။
ငါ့နောက်စေ့တော့ ကွဲသွားပြီထင်တယ်
နာလိုက်တာ … "
ဟုတ်ပေသည် …
နေမင်းသခင်မှာ သတိပြန်ရလျှင် ရခြင်း နာကျင်မှုဒဏ်ကြောင့် ညည်းတွားလိုက်ရင်းမှ လက်ဖြင့် သူ၏နောက်စေ့အား ပွတ်သပ်ကြည့်လိုက်ရာ ကွဲထားသည့်ခပ်နက်နက်ဒဏ်ရာကို တွေ့ရပြီး အသဲခိုက်တမျှ နာကျင်မှုနှင့်အတူ ခပ်စပ်စပ်ခံစားမှုကိုလည်း ခံစားလိုက်ရလေသည်။
"အွင်း …
ဒီလောက်သွေးတွေအများကြီးထွက်နေတာ စပ်မှာပေါ့။
ခါတိုင်းထိခိုက်မိရင်တော့ ဝူရှားရွှက်ကို ကြိတ်ပြီး ဆေးစည်းရတယ်။ ဝူရှားပင်တွေကလည်း တောင်ပေါ်မှာဆိုတော့ ငါ ဘာလုပ်ရပါ့မလဲ …"
"ဟာကြာ …
မထူးပါဘူး။ တွေ့တဲ့အရွှက် ကြိတ်ပြီးအုံလိုက်တာပဲ ကောင်းတယ် …"
နေမင်းသခင်က လုပ်သလို မဖြစ်သည့်အဆုံး ဖြစ်သလိုလုပ်ရန်သာ ဆုံးဖြတ်လိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် နောက်စေ့ကိုအုပ်ကာ ဂူအတွင်းသို့ လှည်ပတ်ရှာဖွေကြည့်လိုက်သည်။
ဂူဖြစ်တည်နေပုံက ဆန်းလှ၏။ လူတွေ ဖန်တီးထားသည်လား … သဘာဝပေလားဟူ၍ပင် တစ်ကိုယ်တည်း မေးခွန်းထုတ်နေမိလေသည်။ မိမိရောက်ရှိလာသည့် တောင်ခုလတ်မှနေ၍ အတွင်း၌ လှိုဏ်ခေါင်းများသဖွယ် ဖြာထွက်နေသည့် လမ်းသွယ်များ … ဤတွင် အချို့လမ်းများမှာ ရှေ့ဆက်လျှောက်လို့မရအောင် လမ်းဆုံးသွားပြီး အချို့လမ်းကြောင်းများမှာ အတန်ကြာသည့်အထိ လမ်းဆုံးကို မတွေ့ရချေ။ ထို့ကြောင့် နေမင်းသခင်လည်း လမ်းပျောက်မှာ စိုးရိမ်ကာ အရဲကိုး၍ မဝင်ရဲသေးချေ။နောက်တွင်မှ တဖြေးဖြေး လေ့လာကာ ထွက်ပေါက်ရှာမည်ဟု တွေးလိုက်ပြီး လတ်တလောတွင်တော့ ယခုအချိန်သာ ဒီတောင်ကြီး ပြိုကျရင်… ဟူ၍ ယုတ္တိတန်စွာ တွေးနေမိတော့သည်။
သို့သော် နေမင်းသခင် ကံကောင်းပါသည်။ တစ်နှစ်ပတ်လူံး နှင်းများဝေနေတတ်သည့် မိုးထိတောင်ကြီးရှိ ဤလှိုဏ်ဂူ လှိုဏ်ခေါင်းအတွင်းဝယ် ရောင်ပြန်ကျောက်များ နေရာအနှံ့တွင် ရှိနေပြီး အအေးဓာတ်ကြောင့် တချို့နံရံများတွင် ရေများစိမ့်ကျ၍နေကာ မက်မန်းသီးနှယ် ရဲရဲနီနေသည့် သစ်သီးများနှင့် အမျိုးအမည်မသိ နွယ်ပင်တစ်မျိုးအားလည်း လှိုဏ်ဂူ၏ နေရာအတော်များများတွင် တွေ့ရသဖြင့် နေဖို့စားဖို့တော့ ပူစရာမရှိပါချေ။
ဤတွင် နေမင်းသခင်က
နွယ်ပင်မှ အရွက်တချို့ကို ခူးကာ ကျေညက်အောင် ဝါးလိုက်ပြီး သူ၏နောက်စေ့အား အုံလိုက်ကာ အင်္ကျီစကို အနည်းငယ်ဖြဲကာ ဆေးစည်းလိုက်၏။ ထို့နောက် သစ်သီးတစ်လုံးကို ခူးကာ ကိုက်စားကြည့်လိုက်ရာ အနည်းငယ် ဖန်၍ အရည်ရွှမ်းသည်ကို တွေ့ရလေသည်။
"အွင်း … နည်းနည်းဖန်တယ်ဆိုတော့ အဆိပ်အတောက်တော့ မဖြစ်လောက်ပါဘူး။ ခါးတဲ့အရာတွေက ဆေးဘက်ဝင်တယ်လို့ ဘဘပြောဖူးသားပဲ …"
နေမင်းသခင်က နောက်ထပ် ရွေးချယ်စရာမရှိသည့် အနေအထားအား ဤသို့မှတ်ချက်၍ ဆုံးဖြတ်လိုက်ကာ
နောက်ထပ် သစ်သီးအနည်းငယ် ခူးယူလိုက်ပြီး မိမိလာခဲ့သည့်လမ်းအတိုင်း ပြန်လှည့်လာလိုက်တော့သည်။
<> <> <> <> <> <> <>
သိုင်းလောက …
သိုင်းလောကဟူသည် မည်သည့်အတွက် ရှိနေပါသနည်းဟု အမေးရှိသော် မည်သူမျှ ရေရေရာရာ ဖြေဆိုနိုင်မည်မဟုတ်ပေ။
သို့သော် သိုင်းလောက, သိုင်းရပ်ဝန်းသည်ကား သိုင်းသမားထုအတွက် ရပ်တည်ချက်အမျိုးအမျိုး … အကြောင်းအမျိုးအမျိုးဖြင့် ဖြစ်တည်လျက်ရှိသည်သာ ဖြစ်၏။
ကျန်းနန်မြို့ …
ကျန်းနန်မြို့သို့ ကုန်း,ရေနှစ်တန်ဖြင့် သွားလာနိုင်သည်ဖြစ်ပြီး စီးပွားရေးအချက်အချာကျကာ သိုင်းသမားများ အမြဲတမေ ဝင်ထွက်နေသည့် မြို့တစ်မြို့လည်း ဖြစ်ပေသည်။ မြို့တွင်း၌ နာမည်ကျော်အာမခံဌာနများ …
ဝါရင့်သိုင်းဂုရုကြီးများ…
ရှိသည့်အတွက်လည်း သိုင်းပညာ၌ ရေခံမြေခံကောင်းမွန်လှကာ တက်သစ်စလူငယ်သိုင်းသမား အများအပြား ထွက်ပေါ်ရာမြို့လည်း ဖြစ်၏။ ထို့အပြင် ကျန်းနန်မြို့စားကြီးသည်လည်း သိုင်းပညာကို အထူးနှစ်ခြိုက်သူဖြစ်ကာ သူ၏မွေးနေ့ရက်သို့ရောက်တိုင်း
သိုင်းပြိုင်ပွဲများ ကျင်းပပေးလေ့ရှိသဖြင့် သိုင်းသမားထု၏ ချစ်ခင်ရင်းနှီးမှုကို ရရှိထားလေသည်။
ယနေ့ …
ကျန်းနန်မြို့၏လယ်လမ်းမကြီးအတိုင်း မြို့၏နာမည်ကျော် အာမခံဌာနကြီးတစ်ခုဖြစ်သော ရွှေနဂါးအာမခံဌာနမှ မြင်းလှည်းတစ်စု ဖြေးဖြေးမှန်မှန် ထွက်ခွာလာ၏။
ရွှေနဂါးအာမခံဌာနမှာ
နှစ်ခဲ့သော နှစ်နှစ်ဆယ်လောက်က နဂါးလက်ဝါး ၃၂ကွက်ဖြင့် လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့သော ဝါရင့်အဖြူရောင်သိုင်းသမားကြီးချန်းပိုင်က ထူထောင်ထားခြင်း ဖြစ်ပြီး သူ၏လက်အောက်၌ နဂါးဓား ဖုန်းနန် … လျှပ်စစ်ဓား မာလောက်ဟူ… ရွှေခြင်္သေ့ ကျန်းရိစန်း … ကျားလက်ဝါး ရွှဲ့ယိမိန်း …ဟူသော ခေတ်ပြိုင်ဝါရင့် သိုင်းသမားကြီးများလည်း ရှိလေရာ တော်ရုံအနက်ရောင်သိုင်းသမားတော ရွှေနဂါးအာမခံပစ္စည်းဆိုသည်နှင့် မျက်စောင်းပင် မထိုးဝံ့အောင် ရှိလေသည်။

Sunday, July 7, 2019
#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၅)
#နေမင်းသခင်နှင့်သေမင်းဧကရာဇ်
(အပိုင်း၅)
နံနက်ခင်းအာရုဏ်သည် လင်းသည်လည်းမဟုတ် ၊ မှောင်သည်လည်း မမည်ပဲ နေ့သစ်တစ်ခုကို အစပြုရန် တာဆူလျက် ရှိပြီး … အိမ်ပြန်နောက်ကျနေသည့် ညဥ့်ငှက်တစ်ချို့နှင့် မနက်အာရုဏ်ကို ဝီရိယကောင်းလွန်းစွာ နိုးထလာကြသည့် နေ့ပျော်ငှက်တို့၏ တိုက်ပွဲခေါ်သံများကလည်း ဟိုတစ်စု ဒီတစ်စု ထွက်ပေါ်လျက်ရှိပေသည်။
ယင်းအချိန်တွင် မြစိမ်းရောင်တောအုပ်ကြီးအတွင်းသို့ လူတစ်ယောက်သည် လျှင်မြန်စွာ ဝင်ရောက်လာ၏။ သူ၏အသွင်မှာ လောနေသည်ဟု ထင်စရာရှိသော်လည်း သိုင်းသမားတစ်ယောက်အနေနှင့်ဆိုပါမူ အချိန်ကုန်သက်သာစွာ ဤရွေ့လျားနေမှုသည် အထူးဆန်း မဟုတ်ပါချေ။
သို့သော် တစ်နေရာအရောက်တွင်မူ အနှီလူ၏ လျှင်မြန်စွာရွေ့လျားနေသည့် ခြေအစုံမှာ တိခနဲ ရပ်တန့်သွားလေသည်။တစ်ဆက်ထဲမှာပင် သူ၏စိတ်ဝယ် မသိုးမသန့်ခံစားမှုတစ်ခုအား မသက်သာစွာ ခံစားလိုက်ရလေသည်။ ထို့ကြောင့် သူက ဝင်သက်ကိုပုံမှန်ရှူထုတ်နေရာမှ မျက်နှာကိုမော့၍ ပြင်းပြစွာ ရှူထုတ်လိုက်၏။
"အလို … ငါရှူထုတ်လိုက်တဲ့ လေထဲမှာ သွေးညီနံ့တွေ ပါနေပါလား။
ဒါဆို ဒီနေရာမှာ ငါ့တပည့်ကြီးမိသားစု တစ်ခုခုများ ဖြစ်ခဲ့ကြလေသလား …"
ထိုသူက မိမိရလိုက်သည့်နှင့် သဲလွန်စနှင့်အတူ တွေးလိုက်မိသော အတွေးကြောင့် ရှေ့တူရှုသို့ လျှင်မြန်စွာ ပြေးထွက်လိုက်ပြီး
မျက်လုံးအစုံကလည်း ရှေ့နောက်ဝဲယာသို့ အစုန်အဆန် ကြည့်ရှုလေ့လာသွားရာ ကိုက်၃၀ခန့်အရောက်တွင်မူ တိုက်ပွဲတစ်ခု၏ နိဂုံးကို မြင်တွေ့လိုက်ရလေတော့သည်။
"ဟာ …
ဘယ်လိုဖြစ်ကြတာပါလိမ့် …"
ထိုလူက ပြောပြောဆို်ဆိုဖြင့်ပင် အနားရှိ အလောင်းတစ်လောင်းမှ အင်္ကျီစအား ဆွဲဖြဲယူငင်လိုက်ကာ … လက်ကောက်ဝတ်ခန့်ရှိသော သစ်ကိုင်းခြောက်တစ်ခုအား ကောက်ယူလိုက်ပြီး ထိုကိုင်း၏ထိပ်၌ အထပ်ထပ်ရစ်ပတ်ကာ ချည်နှောင်လိုက်ပြန်၏။ ထို့နောက် ခါးကြားမှ ဓါးမြှောင်ငယ်လေးအား ထုတ်ယူကာ အင်္ကျီစအား ဟိုမှဒီမှ ခြစ်ရာပေး၍ အစဖွာအောင်ပြုလိုက်ပြီး မိမိအိတ်ကပ်အတွင်းမှ မီးခတ်ကျောက်လေအား ထုတ်ယူ၍ မီးညှိလိုက်လေသည်။
ထိုမီးတုတ်၏အလင်းရောင်ဖြင့် ထိုလူမှာ အသက်၆၀ဝန်းကျင်ခန့်ရှိ အဘိုးအိုတစ်ယောက်ဖြစ်ပြီး ငွေရောင်လွှမ်းစ ပြုနေသော ဆံချည်မျှင်များ … မုတ်ဆိတ်ရှည်များနှင့် တည်ငြိမ်လေးနက်သော မျက်နှာအမူအရာကို ထင်ရှားစွာ တွေ့ရလေသည်။ ၄င်းအဘိုးအိုက မီးတုတ်အား ကိုင်၍ ဟိုဟိုဒီဒီ ကြည့်ရှုလိုက်ရာ နတ်ဓားပျံအလံများနှင့် မြင်းလှည်းများနှင့် ယာယီစခန်းချနားခိုထားရန် ပြုလုပ်ထားသည့် အဝတ်စ ဖျင်တဲတစ်ခုကိုလည်း တွေ့လိုက်ရလေသည်။
"အွင်း …
ဒီအလံတွေနဲ့ မြင်းလှည်းတွေက နတ်ဓားပျံစံအိမ်ကဆိုတာ သေချာနေပြီ။ ဒါဆိုရင်တော့ စန်းရှောင်က ငါ့စကားအတိုင်း သူ့ဇနီးနဲ့သားလေးကို ခေါ်လာတာပေါ့။
ဟုတ်တယ် …
သူတို့ပါလို့ပဲ ဒီကောင်က မြင်းလှည်းနဲ့လာတာ ဖြစ်မယ် …"
အတွေးနှင့်အတူ အလောင်းကောင်များကြားသို့ အစုန်အဆုန်သွား၍ ကြည့်ရှုစစ်ဆေးလိုက်ရာ အမျိုးသမီးအလောင်းနှင့် ၁နှစ်သားအရွယ် ကလေးငယ်၏ အလောင်းတော့ မတွေ့ရချေ။ ထို့နောက် ရွက်ဖျင်ထဲနှင့် မြင်းလှည်းများအား ရှာဖွေကြည့်သော်လည်း မတွေ့ရသဖြင့် •••••
"ဟူးး … တော်ပါသေးတယ်။
စန်းရှောင်တို့မိသားစုတော့ မပါဘူး။ ဒီကောင်တွေ နိုင်သွားလို့ အပေါ်ရောက်နေပြီလားပဲ။ ဒီအလောင်းတွေကိုတော့ လင်းမှ ပြန်လာရှင်းရမယ် …"
ထို့နောက် အဘိုးအိုလည်း မီးစာကုန်ခါနီးပြီဖြစ်သော မီးတုတ်အား ပစ်ချကာ မိုးထိတောင်ရှိရာသို့ ထွက်သွားလေတော့သည်။
ဤသို့ဖြင့် အဘိုးအိုသည် မိုးထိတောင်ခြေသို့ ရောက်ရှိလာပြီး
"အင်း …တိုက်ပွဲအခြေအနေ ဒီဘက်မှာ မတွေ့ရဘူးဆိုတော့ ငါ့တပည့်ကြီးတို့ အရေးသာသွားပုံပါပဲ …" အတွေးနှင့်အတူ မိုးထိတောင်ပေါ်သို့ တက်လာကာ ခြေလှမ်းနှစ်ဆယ်လောက်ရောက်သည်နှင့် ဖန်းရှောက်၏ လက်ချက်မိသွားသည့် သူ၏အလောင်းအား တွေ့ရှိလိုက်လေသည်။
"အို … အတွေးမှ မဆုံးသေးဘူး။အလောင်းနဲ့ လာတွေ့ပြန်ပြီ။ စန်းရှောင်တို့ ဘယ်အခြေအနေထိ ရောက်ခဲ့ကြနာပါလိမ့်။ မိုးထိတောင်ပေါ် အမြန်ဆုံးရောက်မှပဲ အတိအကျသိရတော့မှာပဲ ထင်တယ်…"
အဘိုးအိုမှာ တည်ငြိမ်အေးဆေးဟန်ရှိသော်လည်း ကျန်းစန်ရှောင်အပေါ်တွင် အလွန်ပင် ချစ်ခင်ဟန်ရှိလေသည်။ ထို့ကြောင့် သူ၏စိတ်ဝယ် ကျန်းစန်းရှောင်တို့အတွက် စိတ်အေးသွားဟန်ဖြင့် တစ်ယောက်ထဲ ရေရွတ်လိုက်…
တစ်ခုတွေ့လိုက် စိတ်ပူပန်သွားပုံပေါ်လိုက်ဖြင့် အမျိုးမျိုး ဖြစ်ပျက်လျက်ရှိပေသည်။ ထို့ကြောင့် သူ၏စကားဆုံးသည်နှင့် မိုးထိတောင်ပေါ်သို့ ကိုယ်ဖော့ပညာကိုသုံးကာ လျှင်မြန်စွာ ပြေးတက်သွားလေတော့သည်။
၎င်းအဘိုးအိုမှာ တောင်ပေါ် ရောက်ရှိချိန်အထိ ဘာထူးခြားချက်မှ မတွေ့ရတော့သော်လည်း သူနေထိုင်ရာ တဲငယ်လေးအတွင်းမှ ကလေးငိုသံသဲ့သဲ့မျှ ကြားလိုက်ရလေသည်။ ကလေးငယ်မှာ မည်မျှကြာအောင် ငိုထားလေသည်မသိ …
အသံပင် ပြာအက်ကာ နေလေပြီ။
အဘိုးအိုလည်း လျှင်မြန်စွာ တဲငယ်လေးအတွင်းသို့ လျှောက်ဝင်လာလိုက်ရာ မည်သူထွန်းညှိပေးထား
ခဲ့သည် မသိသော မှိန်ပြပြဆီမီးတိုင်၏ အလင်းရောင်၌ ပက်ကန်ပက်ကန်ဖြင့် လူးလှိမ့်ကာငိုယိုနေသည့် ၁နှစ်သအရွယ် ကလေးငယ်လေးအား တွေ့လိုက်ရသဖြင့် …
ကောက်ယူပွေ့ချီကာ ကလေးငယ်အား ချော့မြူလိုက်ပြီး အခြေအနေအား သုံးသပ်ကြည့်လိုက်၏။
"အေ…အေ့ …အေး။
သားသားလေးက ကျန်းစန်းမင်လေးလားကွဟေ…
မင်းက လူချောလေးပါလားကွ …"
ပါးစပ်မှလည်း ကြုံရာပြောရင်း ကလေးငယ်အား ပွတ်သပ်ချော့မြူလိုက်ရာ ကလေးငယ်မှာ မိမိ၏စကားကို နားလည်သည့်အလား အငိုရပ်သွားကာ ပြုံးရယ်၍ လာလေတော့သည်။
"ဟား …
မင်းကတော့ကွာ။ လူလည်လေးပဲ …"
အဘိုးအိုလည်း အပြောင်းအလဲမြန်တတ်သည့် ကလေးသဘာဝအား သဘောကျစွာ ပြုံးလိုက်ပြီး တဲအတွင်းသို့ ထပ်မံရှာဖွေလိုက်ရာ ကလေးငယ်ငိုနေခဲ့သည့် အနီးအနားမှ စာရွက်ခေါက်လေးအား တွေ့ရလေတော့သည်။
အဘိုးအိုလည်း ကလေးတစ်ဖက်ဖြင့် စာရွက်ခေါက်လေးအား ဖြန့်ကြည့်လိုက်ရာ တစ်ဖက်စာမျက်နှာတွင် ••••
"တပည့်ကြီးရေ …
ငါမရှိတုန်း မင်းတို့ရောက်နေကြရင် အဆင်ပြေသလိုသာ ကြည့်နေရင်း စားကြသောက်ကြဟေ့။ ငါမနက်ဖြန်မနက်စောစော ပြန်ရောက်မယ်…"ဟူသော မိမိရေးထားခဲ့သည့်စာဖြစ်ပြီး တစ်ဖက်စာမျက်နှာ၌တွင်မူ ဖန်းရှောက်ဆိုသူ၏ စာအား တွေ့ရလေသည်။
"ဆရာကြီးခင်ဗျာ …
ကျုပ်က နတ်ဓားပျံစံအိမ်က ဖန်းရှောက်ပါ။ ကျုပ်တို့သခင်လေးကျန်းစန်းတို့မိသားစုနဲ့အတူ ကိုယ်ရံတော်၁၅ယောက်အဖွဲ့နဲ့ ဆရာကြီးဆီကို ခရီးထွက်လာရင်း လမ်းခရီးတစ်လျှောက်လုံး ရန်သူတွေရဲ့ မသိမသာ အနှောက်အယှက်ပေးခြင်းများ ခံခဲ့ရပြီး ဒီညကျတော့ ပေါ်ပေါ်တင်တင်တိုက်ပွဲကြုံခဲ့ရပါတယ်ခင်ဗျ။ ဒီတိုက်ပွဲမကြုံခင်အချိန်တိုလေးအတွင်းမှာ သခင်လေးကျန်းစန်းက ကျုပ်ကို သခင်လေးကျန်းစန်းမင်နဲ့ သခင်မလေးဖန်းပင်းကို ဆရာကြီးရှိရာ မိုးထိတောင်ပေါ်ကို တာဝန်ယူပြီး အရောက်ပို့ပေးဖို့ ပြောခဲ့ပေမဲ့ သခင်မလေးက ငြင်းဆန်ခဲ့တာကြောင့် သခင်လေးကျန်းစန်းမင်လေးကိုပဲ ပို့ပေးခဲ့ရပါသည်။ ဒါပေမဲ့ ဆရာကြီးကိုမတွေ့ရပဲ ဆရာကြီးရဲ့ မနက်စောစော ပြန်ရောက်မယ်ဆိုတဲ့ စာကြောင့် သခင်လေးကို ဒီမှာထားခဲ့ပြီး ကျွန်တော်ကတော့ သခင်လေးကျန်းစန်းနဲ့အတူ တိုက်ပွဲပြန်ဝင်ပါတော့မယ်။ ဒီနေရာမှာ သခင်လေးကို တစ်ယောက်ထဲ စိတ်ချလက်ချပစ်ထားခဲ့လို့ တစ်စုံတစ်ရာဖြစ်ပျက်ခဲ့ပါက ကျုပ်ဖန်းရှောက်လည်း အလောင်းဖြစ်နေလောက်ပြီးမို့ ခွင့်လွှတ်ပေးပါ ဆရာကြီးခင်ဗျာ…"
အဘိုးအိုမှာ စာကိုဖတ်ကာ
အတန်ကြာမှ ငေးငိုင်သွားပြီး တစ်စုံတစ်ခုတော့ အကြီးအကျယ်ပင် မှားယွင်းသွားပြီဖြစ်ကြောင်း သိလိုက်ရလေသည်။

#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၄)
#နေမင်းသခင်နှင့်သေမင်းဧကရာဇ်
(အပိုင်း၎)
တိုက်ပွဲ …
အတ္တ,မာနတို့ဖြင့်
အသက်နှင့်အသက်ကိုအရင်းပြုကာ အနိုင်အရှုံးဆုံးဖြတ်မည့် တိုက်ပွဲ။
သေချာသည်ကတော့ မနိုင်သူက ရှုံးပေလိမ့်မည်။
ကျန်းစန်းရှောင်၏ အော်သံကြောင့် ကိုယ်ရံတော်သိုင်းသမားတစ်ချို့မှာ စိတ်လွတ်ကိုယ်လွတ်မူးမှောက်ကာနေလင့်ကစား သိုင်းသမားပီပီ ဖျတ်လတ်စွာ နှိုးထလာကြပြီး အမြဲတမ်း ကိုယ်နှင့်မကွာ
ထားရှိသည့်လက်နက်ကြီးငယ်များကို ဆွဲထုတ်လိုက်ကြပြီး သံယောင်လိုက်၍ ပါးစပ်မှလည်း တစ်ယောက်တစ်ပေါက် ကြုံးဝါးလိုက်ကြလေသည်။
"တိုက်ဟေ့ …
ရန်သူတွေကို အမြစ်ဖြုတ်ပစ် …"
"ချကွာ …
ဒီကောင်တွေ သေသင့်တာ ကြာပြီ …"
"ခွေးသားတွေကို အသေသတ်…"
"ဟိုက်စ် …ယားးစ်
ယိစ် …
ဝုန်းး … ဝုန်း … "
ဤသို့ဖြင့် တိတ်ဆိတ်သော အကာလအခါကြီးဝယ် မြစိမ်းရောင်တောအုပ်အတွင်း၌ သရဲသဘက်စီးသည့်နှယ် အသံနက်ကြီးများဖြင့် အပြန်အလှန် ကြုံးဝါးအော်ဟစ်ကာ လရောင်ဆမ်း၍ပင် မလှမပ,အကျည်းတန်လှသော သွေးချောင်းစီးတိုက်ပွဲတစ်ခုကား အရှိန်အဟုန်ပြင်းစွာ ဖြစ်ပေါ်လာပေတော့သည်။
"ဟိတ် …
ဖြောင်း … ဖြောင်း … ဖြောင်း
ဘုန်း … ဘုန်း …"
"အားး …
အမယ်လေးး … "
"တိုက် …
အကုန်လုံးကို ငရဲပြည်ပို့ပစ် …"
နတ်ဓားပျံအုပ်စု၏ ပင်မ တိုက်ပွဲဝင်သူရဲကောင်းကား ကျန်းစန်းရှောင်သာ ဖြစ်ပေသည်။
မှန်၏ …ကျန်းစန်းရှောင်သည် နတ်ဓားပျံဟူသော ဝိသေသနှင့်အညီ
ဓါးရှည်တစ်လက်ကို ညာလက်ဖြင့်ကိုင်ဆွဲကာ ရန်သူများ၏ တိုက်ကွက်ကို ခုခံလျက်ရှိပြီး …
ဘယ်ဘက်မှ လက်နက်ပုန်းဓားပျံလေးများဖြင့်၎င်း … လက်ဝါးရိုက်ချက်များဖြင့်၎င်း …
ထိုးဖောက်တိုက်ခိုက်လျက်ရှိရာ သူထိုးဖောက်လာရာ ရန်သူ၏ အလယ်လမ်းကြောင်းကား ဆင်သွားရာ လမ်းဖြစ်… ဆိုသကဲ့သို့ပင်။
ဤ၌ ထူးခြားသည်ကား
ကျန်းစန်းရှောင်၏ သိုင်းပညာမှာ ရန်သူများထက် ပို၍ မမြှင့်မားခြင်းပင် ဖြစ်၏။ ထိုကဲ့သို့ အဆင့်မကွာလှသော ရန်သူအုပ်စုတွင်းသို့ လေမုန်တိုင်းနှယ် ဝင်ရောက်တိုက်ခိုက်နိုင်သည်ကား အဘယ့်ကြောင့်နည်း။
ထပ်၍ ရှင်းပါအံ့ …
ဤအရာမှာ အရေးကြုံသော် ကိုယ့်အသက်ကိုပင် မငဲ့ကွက်ပဲ
ခေါင်းဆောင်တစ်ယောက်၏ အရည်အချင်းနှင့် ဇနီးနှင့်သားအတွက် …ဟူသော အိမ်ထောင်ဦးစီးကောင်းတစ်ယောက်၏ ဂုဏ်အင်ပင် ဖြစ်ပေတော့သည်။
ဤတွင် ကျန်းစန်းရှောင်၏ ခေါင်းဆောင်ကောင်းမှုကြောင့် ရန်သူတို့မှာ စတင်တိုက်ခိုက်ရန် ချဉ်းကပ်လာခဲ့သည်မှာ မှန်သော်လည်း ဦးစွာ တိုက်ခိုက်ခဲ့သည်မှာ နတ်ဓားပျံအုပ်စုသာ ဖြစ်၍ ရန်သူများ စုစုစည်းစည်းမဖြစ်နိုင်သေးချိန် ကျန်းစန်းရှောင်၏ အသက်ကိုပင်မငဲ့သော တိုက်ခိုက်မှုကြောင့် အရေးသာနေသော်လည်း သားဖြစ်သူကျန်းစန်းမင်လေးနှင့်မိုးထိတောင်ပေါ်သို့ ထွက်ပြေးလာသူ ဖန်းရှောက်သည်ကား ………
ရန်သူခေါင်းဆောင်မှာ မိုးထိတောင်ပေါ်တွင် နတ်ဓားပျံကျန်းစန်းရှောင်၏ ဆရာရှိသည်ဟူ၍ သိထားသောကြောင့် အခြေအနေစောင့်ကြည့်ရန် ညွန်းကြားခံထားသဖြင့် ကင်းသမား ၃ယောက်နှင့် ဖန်းရှောက်မှာ ထိပ်တိုက်တိုးသွားခြင်း ဖြစ်သည်။
၃ယောက် ၁ယောက်တိုက်ပွဲကား … တစ်ဖတ်သက်ဆန်လွန်းလှသည်။
ကျန်းစန်းမင်လေးကို ကျောတွင်ပိုးထားရသဖြင့် ဖန်ရှောက်၏ အားနည်းချက်မှာ ထင်ရှားလွန်းရကား ရန်သူ၃ယောက်၏ ဓားချက်တို့သည် ဖန်းရှောက်၏ ကျောပြင်သို့သာ အညှာတာကင်းမဲ့စွာ ကျရောက်နေလေတော့သည်။
"ဝှစ် … ဝှစ် …
ထန် … ထန် …
ဟူးး …"
ဖန်းရှောက် အပြင်းအထန်ခုခံရင်း ကိုယ်ဖော့ပညာကိုသုံးကာ မြန်နိုင်သမျှ မြန်အောင် ရွေ့လျားနေ၏။ သူ၏ ဓားချက်မှာ ရှင်းသည်။ ရှောင်တိမ်းရင်း ပြေးပေါက်ရှာရမည်ဖြစ်၍ အားမာန်တော့ သိပ်မပါလှ။ သို့သော် အဓိက,သေကွင်းသေကွက်ကိုသာ တိုက်ရိုက်ထောက်ဓားချက်များဖြစ်သဖြင့် ရန်သူများ ပေါ့ဆ၍တော့ မရချေ။
ဤတွင် ဖန်းရှောက်သည် နတ်ဓါးပျံစံအိမ်၏ ကိုယ်ရံတော်အမှတ်တစ် …
ကိုယ်ရံတော်များထဲတွင် သိုင်းပညာ အကောင်းဆုံး …ဟူသော အရည်အချင်းသည် တိုက်ကွက်နှစ်ဆယ်ကျော်ဟူသော အချိန်အတိုင်းအတာ၌ ပေါ်လွင်လာပြီ ဖြစ်သည်။ ရန်သူ၏တိုက်ကွက်ကို ဖန်းရှောက်နားလည်စ ပြုလေပြီ။ ဤသည်ကပင် သူ၏ ပညာခန်းအစ •••••
ဖန်းရှောက်ခန္ဓာကိုယ်ကို ရွေ့လျားရင်းမှ သိုင်းအား အပျော့ဆုံးဟု … ယူဆရသည့် ညာအစွန်မျှ လူအား ကျောပေးကာ ဘယ်ဘက်မှ ရန်သူထံသို့ လျက်တပြတ်တိုးကပ်လိုက်ပြီး … အတွင်းအားအပြည့်ပါသည့် ဓါးချက် ၃ချက်ကို ရန်သူ၏လည်ပင်း …
ရင်ဘတ်… ဝမ်းဗိုက်ဆီသို့ ထိုးသွင်းလိုက်ရာ ထိုရန်သူမှာ နောက်သို့ခုန်အဆုတ် ဖန်းရှောက် ညာခြေကို ရှေ့သို့တစ်လှမ်းတက်လိုက်ပြီး မျှော်လင့်ထားသည့်အတိုင်း ညာဘက်အစွန်မှ ရန်သူမှ ဟာကွက်ကြီးကြီးမားမားပေါ်နေသည့် မိမိ၏ ကျောပြင်အား ထိုးချလာချိန်၌ တက်ထားသည့် ညာခြေကိုပင် ပတ်လည်ဝိုက်ကာ ကိုယ်ကိုယ် လှည့်လိုက်ပြီး ထိုင်ချကာ ဓါးချက်နှင့်အတူ ရှေ့သို့အနည်းငယ် ငိုက်လာသည့် ရန်သူ့ရင်ဝအား ပင့်ဓါးတစ်ချက် ထိထိမိမိပစ်သွင်းလိုက်လေရာ ••••
"ဟူး … ဟူး …
ဝှစ် ဝှစ် ဝှစ် …
ဝှမ်းးး

Wednesday, July 3, 2019
#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၃)
#နေမင်းသခင်နှင့်သေမင်းဧကရာဇ်
စာရေးသူ....သန့်ဇင်ထွန်း
tz 8589946blogspot.com
(အပိုင်း၃)
အချိန်နှင့် ဒီရေကို လူကိုမစောင့်… ဟူသောဆိုရိုးရှိသည့်အတိုင်း ဥတုသုံးလီသည် လျှင်မြန်စွာပင် ကုန်ဆုံးခဲ့လေပြီ•••
အနှီသုံးရာသီအတွင်း အချိန်၏ နောက်ကောက်ချခြင်းကို ခံလိုက်ရသူများ ရှိသကဲ့သို့ အချိန်နှင့်တပြေးညီ အမှီလိုက်နေခဲ့သူများလည်း ရှိ၏။
၎င်းလူနှစ်မျိုးနှစ်စားအနက် ဒုတိယအမျိုးအစားထဲတွင် နတ်ဓားပျံစံအိမ်၏
အနာဂတ်အရှင်သခင်ဖြစ်သူ ကျန်းစန်းရှောင်တစ်ယောက်လည်း ပါဝင်သည်၏ ဆိုရပေမည်။
အဘယ့်ကြောင့်ဆိုသော်
သူနှင့်ဝေဟင်ရဲတိုက်သခင်မလေးဖြစ်သူ ဖန်ပင်းပင်းတို့မှ သားဦးကလေးပင် ရရှိကာ ၁နှစ်ပြည့်ခဲ့ပြီ ဖြစ်သောကြောင့်တည်း။
ယနေ့ …
သားဖြစ်သူ၏ မွေးနေ့ကို အကြောင်းပြုကာ
နတ်ဓားပျံကျန်းစန်းရှောင်တစ်ယောက် အလုပ်ရှုပ်နေလေသည်။ အစောပိုင်းက
သားဖြစ်သူ၏မွေးနေ့အား မိမိတို့စံအိမ်အတွင်းမှာပင် ခမ်းခမ်းနားနားကျင်းပမည်ဟု စိတ်ကူးထားသော်လည်း မိုးထိတောင်ပေါ်ရှိ ဆရာသခင်ဖြစ်သူထံမှ သားဖြစ်သူနှင့် မယားဖြစ်သူအား မြင်တွေ့လိုသည်ဟူ၍ စာလွှာရောက်ရှိလာမှုကြောင့်
ဆရာ့စကား မပယ်ရှားတတ်သူပီပီ အစီအစဉ်ပြောင်းကာ
မိုးထိတောင်ပေါ်သို့ သားနဲ့ဇနီးအား ခေါ်ဆောင်သွားရန်
ပြင်ဆင်နေရခြင်းပင် ဖြစ်၏။
သို့ရာတွင် သားဖြစ်သူမှာ ငယ်ရွယ်လွန်းသဖြင့် ခရီးစဉ်တစ်လျှောက်လုံးအတွက် အစစအရာရာ သတိထားကာ စီမံခန့်ခွဲမှုကို ကိုယ်တိုင်ပြုလုပ်နေရသဖြင့် လိုအပ်သည်ထက် ပိုမိုပင်ပန်းကာ အချိန်များစွာ ပေးလိုက်ရပြီးမှ
မိမိအစီစဉ်အားမိမိ
သဘောကျကျေနပ်သွားကာ နောက်နေ့မနက်စောစောတွင် ခရီးထွက်နိုင်ရန် အိပ်စက်အနားယူလိုက်လေတော့သည်။
<> <> <> <> <>
စိမ်းမြရောင် တောအုပ် …
ထိုတောအုပ်အတွင်းသို့ မြင်းလှည်းတစ်စု ဖြည်းဖြည်းမှန်မှန် ဝင်လာနေ၏။ထိုမြင်းလှည်းအုပ်စုသည်
အနီရင့်ရင့်ပိတ်စပေါ်၌ လေခွင်းနေသည့် ဓားပျံတစ်ခုအား ရွှေချည်မျှင်ဖြင့် ခမ်းနားစွာ ရေးထိုးထားသည့် အမှတ်အသားပါ အလံငယ်များအား ဝံကြွားစွာ လွင့်ထူထားလေသည်။
စင်စစ် ယင်းမြင်းလှည်းအုပ်စုသည် နတ်ဓားပျံစံအိမ်မှ မိုးထိတောင်သို့ခရီးနှင်လာသော
ကျန်းစန်းရှောင်ဦးဆောင်သည့် အဖွဲ့ပင် ဖြစ်ပေသည်။
ကျန်းစန်းရှောင်တို့ ခရီးထွက်လာသည်မှာ ရက်သတ္တပတ် ၁ခုပင် ကြာမြှင့်ခဲ့ပြီဖြစ်ကာ မိုးထိတောင်ခြေရှိ မြစိမ်းရောင်တောအုပ်အစပ်သို့တိုင် ရောက်ရှိလာခဲ့လေပြီ ဖြစ်ပေသည်။
လမ်းခရီးတစ်လျှောက် အနှောက်အယှက်ကြီးကြီးမားမား မကြုံခဲ့ရသော်လည်း အန္တရာယ်၏အငွေ့အသက်နှင့် မကောင်းသော နိမိတ်တို့အား တစ်စွန်းတစ်စ မြင်တွေ့ခဲ့ရသောကြောင့် ကျန်းစန်းရှောင် နည်းနည်းမှ သတိမလွှတ်ရဲခဲ့ပေ။
သို့ရာတွင် ကံကြမ္မာဆိုးဟူသည်ကား မဖိတ်ခေါ်သော်လည်း ရောက်လာတတ်သည့် အရာပင် မဟုတ်ပါလော ••••
[ မိတ်ဆွေ… လောကဓံဟူသည်ကား အကောင်း,အဆိုး အကြောင်း,အကျိုးတို့ဖြင့် ဖွဲ့စည်းထားသော အရာဖြစ်ပေသည်။ထို့ကဲ့သို့ ကျင်လည်ရာဘုံကို လိုက်၍ ဒုက္ခ,သုခတို့ လွှမ်းခြုံထားကိုပင် ဘဝ ••• တစ်နည်းအားဖြင့် လောကဓမ္မ (လောကဓံ) ဟူ၍ တွင်ခေါ်ခြင်းလည်း ဖြစ်၏။ထို့ကြောင့် အချိန်ရှိခိုက် လုံးလစိုက်၍ #ထန်းသီးကြွေခိုက်_ကျီးနင်းခိုက် •••
မဖြစ်ကြစေရန် အထူးသတိပြု နေထိုင်ကြရပေမည် ]
အထက်က ဆိုခဲ့သည့်စကားအတိုင်း မဖိတ်ခေါ်သော ကံကြမ္မာဆိုးကာ အင်းနှင့်အားနှင့် အလုံးအထည်ဖြင့်ပင် ကျရောက်လာပေတော့မည်။
အဘယ့်ကြောင့်ဆိုသော် ဤမြမစိမ်းရောင်တောအုပ်အတွင်း၌ ကျန်းစန်းရှောင်၏ မြင်းလှည်းအုပ်စုသာ ရှိသည်မဟုတ်ပါ။
ညဝတ်စုံများကို ဝတ်ဆင်ထားပြီး ဒေါသရောင်များလွှမ်းနေသည့် နီကျင့်ကျင့်မျက်လုံးတစ်ခုထဲသာ ဖော်၍ လက်နက်များ ကိုင်ဆောင်ကာ ချောင်းမြောင်းနေသော လူအယောက်၅ဝခန့်လည်း ရောက်ရှိနေခဲ့သောကြောင့်ပင် ဖြစ်၏။
ဤတွင် ကျန်းစန်းရှောင်တစ်ယောက်ကား တစ်ဘဝလုံး နောင်တရစေမည့် ဆုံးဖြတ်ချက်တစ်ခုအား မှားယွင်းစွာ ချမှတ်လိုက်လေသည်။
သူ၏အတွေးမှာ ယခုရောက်ရှိနေသော မြစိမ်းရောင်တောအုပ်ကို
ကျော်ပြီးသည်နှင့်
မိုးထိတောင်ခြေသို့ရောက်ပြီဖြစ်သောကြောင့် စိုးရိမ်စိတ်လျော့သွားကာ တစ်လမ်းလုံး မိမိနှင့်အဖွဲ့သားအားလုံး စိတ်ပန်းလူပန်းဖြစ်ထားသဖြင့် တစ်ညတာမျှ အနားယူလိုက်လျှင် ဆရာသခင်ကို လန်းလန်းဆန်းဆန်းနှင့် ဂါရဝပြု တွေ့ဆုံနိုင်မည်ဟူသော အတွေးဖြစ်ရာ အပြစ်ဟူ၍ မဆိုသာသော်လည်း စစ်စစ်အားဖြင့် ကြမ္မာဆိုးအား ကြိုက်သည့်အချိန်၌ ကြိုက်သည့်အနေအထားဖြင့် ဝင်လာပါဟု လက်ယပ်ခေါ်လိုက်သည်နှင့် ဆင်တူသွားလေတော့သည်။
သို့သော် အတွေ့အကြုံရှိသိုင်းသမားပီပီ သတိတော့ ကပ်ထားပါသေးသည်။
"ကဲ …
ညီနောင်တို့။ ဒီတောအုပ်အစွန် တောင်ခြေကို ရောက်ရင် ဒီတစ်ညတော့ စခန်းချပြီး နားကြမယ်ဟေ့…"
ကျန်းစန်းရှောင်၏ အော်သံကြောင့် နတ်ဓားပျံစံအိမ်မှ သိုင်းသမားတို့မှာ ပြုံးပျော်သွားကြပြီး နှုတ်မှလည်း တဟေးဟေး တဝါးဝါးအသံများ ထွက်ပေါ်လာကြလေသည်။
(အော် … မသိတော့ ခက်တယ်ဆိုတာ ဒါမျိုးပါလားနော် :3 ဤကား စာရေးသူ ဖျင်ယားခြင်း (ဝါ ) သိလိုစိတ်ကို ကလိခြင်း)
"ဟေး … ဒါမှ ငါတို့သခင်နတ်ဓားပျံကွ…"
"ဝါးဟားးးဟားးး …
ဒါပဲ။မူးအောင်သောက်ပြီး အိပ်ရေးဝဝ အိပ်ပစ်မယ်…"
"ဟေ့ …ဟေ့ဟေ့ အနားယူရတော့မယ်။
ဟေ့ …အနားယူရတော့မယ် …"
မည်မျှပင် အနားယူလိုကြသည်တော့ မသိ။ သိုင်းသမားများဖြစ်လင့်ကစား သီချင်းလေးညည်းကာ ကွေးအောင် ကလိုက်သည့်သူပင် ပါရှိလေသည်။
ဤတွင် စံအိမ်တော်မှ ထွက်လာကတည်းက တစ်လမ်းလုံး မလှမ်းမကမ်းမှ နေ၍ မျက်နှာစိမ်းမြင်းစီးသမားများ ဒုန်းစုန်းဖြတ်ကျော်သွားခြင်း …
ရန်စလိုဟန်ဖြင့် လှောင်ပြောင်သရော်ဟန်သည့် စကားများ ပြောဆိုသွားကြခြင်း …
အဆိုးဆုံးအနေဖြင့် လမ်းအား သစ်ပင်များ လှဲ၍ ပိတ်ခြင်းနှင့်
#မနက်ဖြန်နေထွက်ချိန်ဟာ ငါ့အတွက်အောင်ပွဲဖြစ်၍ သင့်အတွက် သင်္ချိုင်းသာ ဖြစ်စေမည်။
ပုံ/ငြို့သူကလဲ့စား •••
ဟူသော လမ်းတစ်နေရာမှ မှင်အနက်ရောင်ဖြင့် ရေးထိုးထားသည့် ပိုးပဝါတစ်ထည်မှ ကဗျာလိုလို စာလိုလို ကြုံးဝါးချက်တစ်ခုကြောင့် အစအရာရာ အထူးသတိထားခဲ့ရသည်ဖြစ်ပြီး နေ့နေ့ညည မအိပ်မနေ စောင့်ကြပ်လာခဲ့ရသောကြောင့် သူတို့အားလုံး ပင်ပန်းနေပြီဖြစ်ကာ
ကျန်းစန်းရှောင်ကိုယ်တိုင်လည်း သည်းမခံနိုင်လောက်အောင် လူပင်ပန်းစိတ်ပင်ပန်းဖြစ်ချေလွန်းသဖြင့် မသိစိတ်မှ ဖြစ်ချင်ရာဖြစ် ယှဉ်ဆိုင်ယှဉ်ပြိုင်၍ အနိုင်ကြဲလိုသောကြောင့် အနားယူရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်ချေသည်။
ည …
မှိတ်ပြပြ လရောင်အောက်တွင် မီးဖိုအသီးသီးဖိုကာ ရိက္ခာအဖြစ် သယ်ယူလာသော အသားခြောက်များကိုစားကာ အဖွဲ့သားတချို့ သေရည်နှင့် မြိုက်နေသည်ကိုကြည့်ကာ အခုချိန်မှာသာ ရန်သူဝင်လာလျှင် … ဟူသော အတွေးဖြင့်
ကျန်းစန်းရှောင်၏ စိတ်ထဲ
လေးလံနေလေသည်။သို့သော် မသောက်ကြရန်လည်း အမိန့်မပေးရက်ချေ။
မိမိစိတ်ဝယ် အခုပင် မိုးထိတောင်ပေါ် ပြေးတက်လိုစိတ်ပေါ်လာသော်လည်း အိပ်ပျော်နေသည့် အဖွဲ့အား တစ်ချို့အားလည်း မနှိုးလို …
နွမ်းလျစွာ အိပ်ပျော်နေသည့် ဇနီးချောနှင့် အိပ်ပျော်နေသည့်တိုင် ပြုံးရောင်သမ်းနေသည့် သားငယ်၏ မျက်နှာလေးကို မြင်ယောင်ကာ တောင်စဉ်ရေးမရသော အတွေးတို့အား မျိုချပစ်လိုက်ကာ မျက်စိစုံမှိတ်လိုက်စဉ်မှာပင်
မိမိတို့ယာယီစခန်းဆီသို့ တရွှေ့ရွှေ့ချဉ်းကပ်လာသော ခြေသံများကို ကြားလိုက်ရလေသည်။
ခန့်မှန်းချေအားဖြင့် လူ၃၀နှင့်အထက် ရှိမည်ဖြစ်ပြီး ခြေသံများမှာ ပေါ့ပါးလွန်းလှသဖြင့်
လာနေသောသူများသည် မိမိ၏သိုင်းပညာထက် မပိုသည့်တိုင် မိမိအောက်တော့ နိမ့်ကျမည်မဟုတ်နိုင်မှန်းလည်း အတပ်သိလိုက်သည်။
ထို့အပြင် ယခုလို ညအချိန်မတော် ရောက်ရှိလာသော
လူများမှာ မိတ်ဆွေလုံးဝ မဖြစ်နိုင်ပါချေ။ ထိုတွင် မိမိတို့လူများမှာ နတ်ဓားပျံစံအိမ်မှ ထိပ်တန်းကိုယ်ရံတော်များဖြစ်သော်လည်း လူအင်အားကား မိမိပါထည့်တွက်ပါမှ ၁၆ယောက်သာရှိသည်မို့
အင်အားမမျှပါချေ။ ထို့ကြောင့် ကိုယ်ရံတော်များနှင့် ဇနီးသည် ဖန်ပင်းပင်းအား တိုးတိုးတိတ်တိတ်
နှိုးလိုက်ပြီး ရန်သူရောက်နေကြောင်း အတိပေးလိုက်၏။
ဤသည်မှာ ကျန်းစန်းရှောင်က လျှပ်တပြက်အချိန်အတွင်း အတွေးနှင့် ဇယ်ဆက်သလို လှုပ်ရှားပြုမူလိုက်ခြင်းဖြစ်ပြီး သားဖြစ်သူနှင့် ဇနီးဖြစ်သူအတွက် မိမိက အသက်အသေခံကာ ခုခံကာကွယ်နေခဲ့မည်ည်ဖြစ်ကာ ဇနီးသည်နှင့်သားဖြစ်သူအား
ကိုယ်ရံတော်ငါးယောက်နှင့်အတူ မိုးထိတောင်ပေါ်သို့ ထွက်ပြေးစေရာ … ဖန်ပင်းပင်းက မိမိအားထား၍ လုံးဝထွက်မသွားနိုင်ကြောင်း
ပြတ်သားစွာ ဆိုသဖြင့် အချိန်မဖြုန်းတော့ပဲ ကိုယ်ရံတော်တွေထဲမှ သိုင်းပညာအကောင်းဆုံးဖြစ်သူ
ဖန်းရှောက်အား လေးနက်စွာ ကြည့်ကာ အနားသို့ခေါ်လိုက်၏။
"ဖန်းရှောက် …
ဒီနားကို လာပါအုန်း …"
"အမိန့်ရှိပါ သခင်လေး …"
အသံနှင့်အတူ အနားသို့ ရောက်ရှိလာသော ဖန်းရှောက်အား စေ့စေ့ကြည့်ကာ ကျန်းစန်းရှောင်က တည်ငြိမ်စွာ ဆက်၍စကားဆိုလိုက်၏။
"ဖန်းရှောက် …
မင်းကို တာဝန်တစ်ခုပေးမယ်။
တာဝန်ယူပြီး ကျေပွန်အောင် ထမ်းဆောင်ပေးနိုင်မလား …"
"ဟုတ်ကဲ့ သခင်လေး။
ကျုပ်ဖန်းရှောက်ရဲ့ အသက်ကိုတောင် မငဲ့ကွက်ပဲ ထမ်းဆောင်ပါ့မယ် …"
ဖန်းရှောက်၏ ရင်ထဲမှ လာသောစကားကြောင့် ကျန်းစန်းရှောင်က ကျေနပ်ယုံကြည်သွားပြီး ဖန်းရှောက်၏ ပခုံးအ ဖျစ်ညစ်ကာ ပွေ့ဖက်လိုက်ကာ••••
"ဒါဆို ကျုပ်သား ကျန်းစန်မင်းကို ခေါ်ပြီး မိုးထိတောင်ပေါ်က ကျုပ်ဆရာဆီ အခုသွားပါ …"
"ဟင် …
သခင်လေးရဲ့ အန္တရယ်ကျ …"
ဖန်းရှောက်၏ စကားပင် မဆုံးလိုက်။
ကျန်းစန်းရှောင်ထံမှ "ဒါ အမိန့်ပဲ …"ဟုသော စကားသံပြတ်ပြတ်နှင့်အတူ လက်တစ်ဖက်ဝှေ့ယမ်းပြလိုက်ရာ …
ဖန်းရှောက်မည်သို့မှ စောဒက မတတ်ဝံ့တော့ပဲ။ကျန်းစန်းရှောင်၏ အမိန့်အတိုင်း သခင်လေးကျန်းစန်မင်းအား
ကျောတွင် အဝတ်စဖြင့် မြဲအောင်သိုင်းချည်လိုက်ပြီး
ဆောင်ဓားအား လက်တစ်ဖက်မှ အားပါပါဆုပ်ကိုင်ကာ
ယာယီစခန်း၏ နောက်ကျောဖက်မှ မိုးထိတောင်
ကြီးဆီသို့ အားကုန်သုံးကာ ပြေးလွှားသွားလေတော့သည်။
ဖန်းရှောက်ထွက်သွားသည်နှင့် ကျန်းစန်းရှောင်မှ ရန်သူများ မိမိတို့ဘက်သို့ အာရုံစိုက်စေရန် ကျယ်လောင်စွာအော်ဟစ်လိုက်လေတော့သည်။
"ရန်သူ …ရန်သူ။
ရန်သူတွေ ရောက်လာပြီ။
.

Subscribe to:
Comments (Atom)
နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၁၃)
နေမင်းသခင်နှင့် သေမင်းဧကရာဇ် အပိုင်း ၁၃ စာရေးသူ သန်ဇင်ထွန်း ကျောက်စိမ်းနန်းတော်နှင့် အတိတ်မှအမည်းစက်များ... ကျေ...
-
#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း၉) စာရေးသူ သန့်ဇင်ထွန်း ပတ်ဝန်းကျင်တစ်ခုလုံး သာယာလျက်ရှိပြီး နေပူရှိန်နွေး...
-
#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၈) စာရေးသူ သန့်ဇင်ထွန်း နေမင်းကြီးကား သူ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက် အနောက်ဂယ...
-
နေမင်းသခင်နှင့်သေမင်းဧကရာဇ် ၁၂ စာရေးသူ.သန့်ဇင်ထွန်း နောက်တစ်ကြိမ်တွေ့ဆုံမှု.. ပြေး.... ပင်းရွယ်က ပြေးဟုသော စကာ...