Tuesday, June 25, 2019
#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း၂)
#နေမင်းသခင်နှင့်သေမင်းဧကရာဇ်
     (အပိုင်း၂)
      ရှေ့မှပြေးနေသော သဏ္ဍာန်မဲ့မြွေ၏ နောက်သို့
တစ်ကောက်ကောက်လိုက်ရင်း နေမင်းသခင်တစ်ယောက် ချောက်ကမ်းပါးအစွန်းသို့ ရောက်နေသည်ကိုပင် သတိမမူမိခဲ့ရာ တစ်ကိုယ်တည်း ကြိမ်းဝါးကာ ရယ်ပင် ရယ်လိုက်သေး၏•••••
            "နေနှင့်အုန်းပေါ့ မြွေစုတ်လေးရေ။ မိတဲ့ခါမှ အကောင်လိုက်ကို ကြော်စားပစ်လိုက်မယ် အဟားး…"
         ထိုအချိန်မှာပင် သဏ္ဍာန်မဲ့မြွေမှာ နေမင်းသခင်၏ ကြိမ်းဝါးလိုက်သံကို ကြောက်ရွံ့သွားပုံရကာ အဆုံးစွန်ဆုံးသော ကြိုးစားမှုအဖြစ် •••    ချောက်ကမ်းပါးအစွန်းမှနေ၍ တောင်အောက်ဆီသို့  မိုးရွာသည့်အခါက မိုးရေများ စီးဆင်းထား၍၄င်း၊
         မိုးထိတောင်ထိပ်မှ  နေထွက်ချိန်၍ နှင်းများအရည်ပျော်ကာ  တောင်အောက်သို့ စီးမျောထား၍၄င်း၊
           မျဉ်းဖြောင့်နှယ် ဖြစ်တည်နေသော တောင်ထိပ်မှ တောင်အောက်ဖက်ဆီသို့ ရေများစီးဆင်းထားရာ ရေစီးကြောင်းလေးများထဲမှ တစ်ခုဆီသို့  လျောဆင်းချလိုက်ရာ နေမင်းသခင်ကလည်း  သဏ္ဍာန်မဲ့မြွေ လွတ်သွားတော့မည်ဟူသော အသိသာရှိရကား တောင်စွန်းသို့ မိမိရောက်ရှိနေသည်ကို  သတိမမူနိုင်ပဲ ဒိုင်ဗင်ပစ်၍ အသဲအသန်ပင်  ဖမ်းပစ်လိုက်၏။
             "ဟား …
မြွေစုတ်လေး။ မင်း ခုတော့ ဘယ်ပြေးမလဲ  အဟား အဟား …"
           လက်ထဲ၌ မိမိရရဆုပ်ကိုင်လိုက်မိသည့်  သဏ္ဍာန်မဲ့မြေကလေးအား သဘောကျစွာ ကြည့်၍ ကလေးစိတ်မကုန်သေးသော နေမင်းတစ်ယောက်ကား  ဟန်နှင့်ပန်နှင့်ပင်   ပခုံးတွန့်,မျက်မှောင်ကြုံ့ကာ ဆိုလိုက်ပြီးသကာလ •••••
        အေးခနဲ လှိုက်ဖိုသွားသည့်  စိတ်ခံစားမှုနောက်ဝယ်  သူ၏
ခြေအစုံမှာ လေပြင်ကိုသာ နင်းမိလေတော့ရာ … ဤတွင်မှ
မိမိ   တောင်အောက်သို့ ပြုတ်ကျနေပြီ ဖြစ်ကြောင်း သိလိုက်လေတော့သည်။
           " ဟိုက် …၊
သောက်ကျိုးနည်း…"
               နေမင်းသခင်ကား   ပါးစပ်မှ လွှတ်ထွက်သွားသည့် အာမေဋိတ်သံနှင့်အတူ  မျက်လုံးမျက်ဆံပြူးလျက်  ပတ်ဝန်းကျင်အား တစ်ချက်ကြည့်လိုက်ကာ  ကိုယ်ကိုယ်ဖော့၍  အရှိန်ထိန်းကာ ကိုယ်ဟန်ပြင်လိုက်ပြီး  မိမိအောက်ခြေတည့်တည့်ရှိ လေထုအား   အတွင်းအားအပြည့်ဖြင့် လက်ဝါးရိုက်ချက်များ ဆက်တိုက်ဖော်ထုတ်ကာ  လက်ဝါးချက်အရှိန်လွန်၍ အောက်သို့ဦးစိုက်သွားသည့်နှင့် ခန္ဓာကိုယ်ကို  တစ်ပတ်လှည့်ပစ်လိုက်ကာ ကန့်လန့်ဖြတ်အနေအထားရောက်သည်နှင့်  လေထုကိုပင် ခြေစုံကန်လိုက်ရာတောင်စောင်းရှိရာသို့  အနည်းငယ်နီးကပ်သွား၏။
           ဤနည်းဖြင့်ပင် သုံးကြိမ်မြှောက်  အားထုတ်မှု၏
အဆုံးဝယ်  အသက်ဥာဏ်စောင့်…
ဟူသော စကားအတိုင်း နေမင်းသခင်တစ်ယောက်ကား တောင်စောင်းအလယ်ရှိ ကျောက်စွယ်တစ်ခုအား ဖမ်းဆုပ်လိုက်နိုင်ကာ ချောက်ကမ်းပါးအောက်သို့ ပြုတ်ကျသည့်အဖြစ်မှ ကင်းလွတ်သွားလေတော့သည်။
           "ငှယ် …
ဒီပုံစံကြီးနဲ့ ငါ ဘယ်ချိန်ထိ နေရမလဲ မသိ။ တကယ်ကြီး  သေရတော့မယ် ထင်ပါ့… "
           ယောင်္ကျားကောင်းဟူက အသက်ပင် သေဆုံးလင့်ကစား ဇွဲကား မလျော့ •••••
      ဘဝတစ်ခု, တိုက်ပွဲတစ်ပွဲအတွက် နောက်ဆုံးအချိန်, နောက်ဆုံး စက္ကန့်တိုင်အောင် ရှိသမျှ အင်အားဖြင့် တိုက်ပွဲဝင်သွားမည်သာ •••••
        ထို့အတူ  နေမင်းသခင်မည်သော လူငယ်လေးသည်လည်း  ကလေးစိတ်မကုန်သေးလင့်ကစား  ယောင်္ကျားထဲမှ ယောင်္ကျားတစ်ယောက်ဖြစ်ရကား  အထက်ပါစကားသည် ညည်းညူးလိုက်ခြင်းမဟုတ်…
         လက်ရှိအခြေအနေကြောင့်
သုညဒီဂရီအောက်သို့ ရောက်ရှိနေနိုင်သည့် စိတ်ဓာတ်ခွန်အားတို့အား  ကိုယ့်ကိုယ်ကိုယ် သတိပေး,မွေးမြူလိုက်ခြင်းသာ ဖြစ်၏။
           ထို့နောက်  အံသေစ ပြုလာသည့် လက်ကြောင့် ခြေချရန်ဆုံးဖြတ်လိုက်ပြီး ဆုပ်ကိုင်ထားသည့် ကျောက်စွယ်ကိုပင် အားပြုကာ အပေါ်သို့ ခုန်တက်လိုက်ပြီး တောင်စောင်းရှိ အဖုအထစ် ချိုင့်ခွက်တို့အား  ကိုင်၍ အစောပိုင်းက ကျောက်စွယ်၌ ခြေချရပ်တည်နိုင်ရန် ခက်ခက်ခဲခဲပင် ကြိုးစားလိုက်ရ၏။
            "ဟူး …
ခုမှသာ နေသာထိုင်သာ   ထိုင်ရှိသွားတော့တယ်။ အဲ ဟုတ်ပေါင် …      နေသာ ရပ်သာရှိသွားတယ်လို့ ဆိုရမှာပဲ။   အခုက  ငါမှ ထိုင်လို့ မရတာကို    ဟိဟိ  …"
          ဤအရာကား  အရည်အချင်းရှိသူတို့၏ ဥစ္စာသာ ဖြစ်ပေသည်။ လူတော်, လူချွန်ဟူသည်   မည်မျှခက်ခဲသော အခြေအနေမျိုးမှာပင် ဖြစ်စေကာမူ  ပျော်ရွှင်မှုကို ဖန်တီးရယူကာ  ထိုအခက်အခဲမှ ရုန်းထွက်နိုင်ကြသည်သာ မဟုတ်ပါလော •••••
       [ မိတ်ဆွေ … လောကသည် မာယာများလှ၏။ မမှန်းဆနိုင်လောက်အောင် ပြန့်ပြောသော အခက်အခဲဒုက္ခ,သုခမျိုးစုံနှင့် ပြ ဿနာ  အကြီးအသေးအမျိုးမျိုး အစုံစုံတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထား၏။ လူတော်,လူကောင်းတို့သည် ဤသည်တို့မှ ရုန်းထွက်ကာ ငြိမ်းချမ်းသာယာသော ဘဝအား ဖန်တီးရယူကြရမြဲသာ ဖြစ်၏ - စာရေးသူ ]
             နေမင်းသခင်ကား
ကျောက်စွန်းအပေါ်မှ နေ၍ ဝန်းကျင်တစ်ခုလုံးအား  အနုလုံ ပဋိလုံ သုံးသပ်ကြည့်ကာ အမောဖြေလိုက်၏။
တောင်ထိပ်သို့ မမြင်ရသလို … တောင်အောက်သို့ ငုံကြည့်ပြန်သော်လည်း တောင်ခြေသို့ မမြင်ရ …
    (ဒုက္ခကား  လှလှပပ ကြွကြွရွရွ)
အပေါ်သို့  ပြန်တတ်ရအောင်လည်း
မိမိ၏ ကိုယ်ဖော့ပညာဖြင့် မဖြစ်နိုင်ချေ။ အောက်သို့
ခုန်ဆင်းပြန်လျှင်လည်း မိမိလောက် မိုက်မဲသောသူ ရှိမည်မဟုတ်တော့။ဤသို့ဖြင့် ထမင်းတစ်အိုးကျက်ခန့်မျှသော အချိန်ကုန်ဆုံးသွားသည်နှင့်  အမျိုးအမည်မသိသော ငှက်တစ်အုပ်၏  ကျေးဇူးတော်ကြောင့်  လွှတ်မြှောက်ရန် လမ်းစအား တွေ့လိုက်ရ၏။
       အနှီးလွှတ်မြှောက်ရေးလမ်းစ,ကား ဂူပေါက်တစ်ခု ••••
မှန်၏။ ငှက်တစ်အုပ် ပျံထွက်လာရာ
ဝါးတစ်ရိုက်အကွာမှ မှိန်ပြပြ ဂူပေါက်ဝတစ်ခု •••••
       အထက်ကဆိုအပ်ခဲ့သည့်အတိုင်း
ယောင်္ကျားကောင်းတစ်ယောက်၏ စရိုက်လက္ခဏာနှင့် ပြည့်စုံသော နေမင်းသခင်ကား  မိုးမမြင် လေမမြင်ရသော ချောက်ကမ်ပါးအလယ်၌ ဝါးတစ်ရိုက်အကွာအဝေး …ဟူသော ပမာဏအား တုန်လှုပ်မနေခဲ့ချေ။
         အရည်အချင်းရှိသူမည်သည်  အခွင့်အရေးသာ ရမည်ဆိုပါက တစ်ကြိမ်ထဲ,တစ်ခုထဲသော အခွင့်အရေးပင်ဖြစ်စေ …အမိအရ ဆုပ်ကိုင်မည်သာ မဟုတ်ပါလော •••••
          " ဟူး ( ဖူး )…
ရှူး … ရှူး… (အသက်ပြင်းပြင်း ရှူထုတ်လိုက်သံ)"
            နေမင်းသခင်က လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက်  အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောင် အသွေးထဲ အသားထဲထိ လှည့်လည်သွားစေလိုက်၏။
        ထိုနောက်  တစ်ကိုယ်လူံးရှိ အတွင်းအားကို   လှည့်လည်စေလိုက်ကာ  ခြေနင်းထားသည့် ကျောက်စွယ်အား   ပြင်းထန်စွာ ကန်ကျောက်၍ ကျောက်ဂူရှိရာသို့ အရှိန်ဖြင့် ခုန်ထွက်လိုက်ပြီးလျှင် ကိုယ်ဖော့ပညာကိုပါ ပူးတွဲအသုံးပြုလိုက်ပြီးနောက်  အစောပိုင်းက မှိန်ပြပြသာ မြင်ခဲ့ရသည့် ကျောက်ဂူအမိုးအတွင်းရှိ  အဖုအထုများအား ဆုပ်ကိုင်မိသွားကာ ကျောက်ဂူခြေကိုပင် အံ့အားသင့်ဖွယ် ခြေချလိုက်နိုင်၏။
             ကျောက်ဂူပေါက်ကား ထင်မှတ်ထားသည်ထက် ပိုမိုကျယ်ပြန့်၏။ နေ၏ အလင်းရောင်ဝင်သမျှဖြင့်ပင် လှိုဏ်ဂူ၏ အကျယ်ကို မှန်းဆလိုက်နိုင်လေသည်။ အလင်းရောင် မရောက်သော အတွင်းပိုင်းသည်ကား မည်မျှ ကျယ်ပြန့်မည် သူမသိပေ။ သို့သော် မိမိအတွက် ကျောတစ်ခင်းစာ မကသော နေရာကို ပိုင်ဆိုင်နေပေပြီ။ မိမိဘာကို ကြောက်ရွံ့နေရအုန်းမည်နည်း။
           " ဟင်  …၊
သဏ္ဍာန်မဲ့မြွေ …"
           နေမင်းသခင်မှာ အသက်အန္တာရယ်မှ လွှတ်မြောက်သွားကာ အခြေအနေ ပုံမှန်ဖြစ်သွားသည်နှင့် သဏ္ဍာန်မဲ့မြွေအား သတိရလိုက်ကာ ကိုယ့်ကိုယ်ကိုယ် ယောင်ရမ်း
ပွတ်သပ်ကြည့်လိုက်မိလေသည်။                                                          ဤသည်    အစောပိုင်းက အခြေအနေအရ   သဏ္ဍာန်မဲ့မြွေမှာ လွှတ်မြောက်သွားပြီဟု … ထင်စရာရှိသော်လည်း  မသိစိတ်ဖြင့် ပြုမူရှာဖွေလိုက်ခြင်းသာ ဖြစ်၏။
          သို့ရာတွင် သဏ္ဍာန်မဲ့မြွေအား သူ၏ အင်္ကျီလက်အတွင်းမှ တွေ့ရှိလိုက်ပါသည်။
         စင်စစ်အားဖြင့် တောင်အောက်သို့ မိမိပြုတ်ကျပြီ… ဟူသော အသိဝင်လာချိန်၌ မသိစိတ်ဖြင့်ပင် သူ၏ အင်္ကျီလက်အတွင်းသို့  ထည့်လိုက်မိခြင်းကြောင့် ဖြစ်၏။
            ယခုမှပင် မိမိလက်ထဲမှ သဏ္ဍာန်မဲ့မြွေအား သေချာကြည့်မိ၏။
       စွတ်စွတ်ဖြူ၍  ပတ္တမြားအလား ရဲရဲနီနေသည့်မျက်လုံးအစုံကား အနည်းငယ် ပြူးကျယ်နေသယောင် ထင်ရလေသည်။
        သို့သော် သဏ္ဍာန်မဲ့မြွေမှာ အစောပိုင်းက နေမင်းသခင်၏ ခုန်ပေါက်ဆုတ်ကိုင်
ဖမ်းဆီးထားမှုကြောင့် မေ့မျောနေခြင်းသာ  ဖြစ်ရာ ••••
       နေမင်းသခင်က
အနီးကပ်ကြည့်ရှုနေခြင်းကြောင့်   သူ၏ ထွက်သက်များက သဏ္ဍာန်မဲ့မြွေအား ထိသွားသည့်နည်းတူ
သဏ္ဍာန်မဲ့မြွေထံမှ အနံ့တစ်မျိုးမှာလည်း  နေမင်းသခင် ရှူသွင်းလိုက်သော လေ၌ ပါဝင်စီးမျောနေလေရာ အချိန်အတန်ကြာသည်နှင့်  ဒုက္ခပေးတော့သည်။
       "အားးး … "
         အဖြစ်အပျက်ကား  မြနလှ်၏။
ကြုံတောင် ကြုံခဲသော အဖြစ်ဟု ဆိုက ပို၍ မှန်ပေလိမ့်မည်။  
        မူးဝေနောက်ကျိကာ အမည်မသိဝေဒနာကြောင့် အော်ဟစ်လိုက်မိချိန်၌ တိုက်ဆိုင်စွာပင်   ကျယ်ဟနေသည့် နေမင်းသခင်၏ ပါးစပ်အတွင်းသို့
သဏ္ဍာန်မဲ့မြွေမှာ ခုန်ပေါက်ဝင်ရောက်သွားသည်နှင့်တပြိုင်နက်   နေမင်းသခင်မှာ ဝေဒနာကြောင့် လဲကျမေ့မြောသွားရကား  သူ၏ လက်အတွင်းမှ  ခွန်အားရှိသလောက်ဖြင့် ခုန်ထွက်သည့်သဏ္ဍာန်မဲ့မြွေ၏ အရှိန် ••••
         လဲကျသွားရာ၌ အောက်ခြေကျောက်ဂူကြမ်းပြင်နှင့် ကိုင်ရိုက်သလိုဖြစ်သွားသည့် အရှိန် နှစ်ခုတို့ ပေါင်းစုံသွားကာ သဏ္ဍာန်မဲ့မြွေမှာ နေမင်းသခင်ပါးစပ်မှ တဆင့် လည်ချောင်းတစ်လျှောက်ဝင်ရောက်သွားကာ ဝမ်းဗိုက်သို့တိုင် ရောက်ရှိသွားလေတော့သည်။
            ယင်းအချိန်နှင့် တိုက်ဆိုင်စွာပင်   တိမ်စိုင်တိမ်မည်းတချို့ က
နေမင်းအား အုပ်ဆိုင်းသွားသဖြင့် ရာသီဥတုသည် ညို့မှိုင်းသွားပြီး ကျောက်ဂူဝန်းကျင်တစ်ခုလုံး   အမှောင်အတိကျကာ တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။
        <> <> <> <> <> <>
        နတ္ထိရသေ့ကြီးနှင့် ဓားသခင်ကြီးတို့၏
စစ်တုရင်ပွဲကား ဓားသခင်ကြီးမှ အနိုင်ရရှိသွားလေသည်•••
        ဤသည်ကိုပင် နတ္ထိရသေ့ကြီးမှ  ရှုံးရသည့်အကြောင်းရင်းကို ဖော်ထုတ်လိုက်ပြီးနောက် ရှက်ရွံ့ဟန်ဖြင့်  အားရပါးရ ရယ်မောလိုက်လေသည်။
   ကလေးရှက်လျှင် ငို၍ ••••
 လူကြီးရှက်သော် ရယ်၏ …ဟူသော ဆိုးရိုးစကား  ရှိသည်မဟုတ်ပါလော။
        "ဟာ … ဟုတ်ပ့ါဗျာ၊
ကျုပ်က ဒီစစ်သည်ရုပ်လေးကို အထင်သေးခဲ့မိတာကို။ ဟားဟားးဟားး…"
         နတ္ထိရသေ့ကြီး၏  စကားနှင့်အပြုအမူကြောင့် ဓားသခင်ကြီးက သဘောကျဟန်ဖြင့် ပြုံးလိုက်ပြီးနောက် သူ၏ ထင်မြင်ချက်အား ပြောလေသည်••••
      "ရသေ့ကြီးမှာ  အာရုံများစရာရှိနေတယ် ထင်ပါရဲ့၊
အင်း … ဖြစ်နိုင်တာကတော့
နေမင်းသခင်ရဲ့အကြောင်းကို
တွေးမိနေတာ ဖြစ်မယ် …"
          ထိုအခါ နတ္ထိရသေ့ကြီးက ဝန်ခံဟန်ဖြင့်  ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ကာ မမျိုသိပ်နိုင်တော့ဟန်ဖြင့် သိလိုသည်ကို မေးခွန်းထုတ်လိုက်၏။
     "ကျုပ်စိတ်ထဲမှာ နေမင်းသခင်က ဓားသခင်ကြီးရဲ့ တပည့်ကြီး
နတ်ဓားပျံကျန်းစန်းရှောင်နဲ့ တော်တော်လေး တူနေသလားလို့။ ဧကန္တ နေမင်းသခင်က ကျန်းစန်းရှောင်ရဲ့ သားများလား …"
         ရသေ့ကြီးက ဤသို့  စကားဆိုလိုက်သည်နှင့်
ဓားမဲ့သခင်ကြီး၏ မျက်နှာပြင်ဝယ် နာကျည်းရိပ်များ ထင်လာကာ တပည့်ဖြစ်သူအား  နှမျောတသ ဖြစ်ဟန်နှင့်အတူ   သူ၏စိတ်အစဉ်က အတိတ်ကာလဆီသို့  ရောက်ရှိသွားလေတော့သည်။
     နတ်ဓားပျံ ကျန်းစန်းရှောင်…
       မြေပြန့်သိုင်းလောက၌
နတ်ဓားပျံစံအိမ် ၊ ဝိညာဉ်စိမ်းစံအိမ် ၊
ဝေဟင်ရဲတိုက် ၊တမာန်တော်ရဲတိုက် ၊
ဟူ၍ စံအိမ်နှစ်ခု … ရဲတိုက်နှစ်ထွေ …
ရှိသည့်အနက်နတ်ဓားပျံစံအိမ်သခင်ကြီး ကျန်းမင်းနှင့် ဝေဟင်ရဲတိုက်မှာသခင်ကြီး ဖုန်းဆွေတို့မှာ အဖြူရောင်သိုင်းသမားများဖြစ်ကြသော်လည်း ဝိညာဉ်စိမ်းစံအိမ်သခင် ကျူးလောက်ပုနှင့် တမန်တော်ရဲတိုက်သခင် တုန်လောက် တို့ကား  လူအရေခြုံ မိစ္ဆာကောင်များ ဖြစ်ကြလေသည်။
         ရှင်းပါအံ့••••
အကြောင်းမှာ ထိုသူတို့သည်  လူရှေ့သူရှေ့တွင် လူကြီးလူကောင်းယောင် ဆောင်၍
နောက်ကွယ်၌  ပစ္စည်းလု, ဓားပြတိုက်ခြင်းဖြင့်  စီးပွားဖြစ်ကာ မြို့မျက်နှာဖုံးသူဋ္ဌေးသူကြွယ်များအဖြစ် ရပ်တည်၍
နေကြသောကြောင့်ပင် ဖြစ်ပေသည်။
       ထိုကြောင့် မြေပြန့်သိုင်းလောကအတွင်းရှိ ထင်ရှားကျော်ကြားလှသည့် ဆန့်ကျင်ဖက် စံအိမ်နှစ်ခုနှင့်ရဲတိုက်နှစ်လုံးမှာ
အမှားစောင့်၍  ကျားချောင်း, ချောင်းနေကြရလေသည်။
          ဤတွင် နတ်ဓားပျံစံအိမ်သည်
ဓနအင်အား… လူအင်အား … အတောင့်တင်းဆုံး ဖြစ်လေရာ ဝိညာဉ်စိမ်းစံအိမ်နှင့်
တမာန်တော်ရဲတိုက်တို့၏  မနာလို အမုန်းထား၍ ဂရုစိုက် စောင့်ကြည့်ခြင်းကို  အခံရဆုံး
ဖြစ်၏။
        ယနေ့..
နတ်ဓားပျံစံအိမ်အတွင်း၌  မင်္ဂလာအတိတ်နိမိတ်အနီရောင်များ ပြန့်ကျဲနေပြီး တရုတ်ရိုးရာ အလှဆင်မီးပုံများ …
ဗြောက်အိုးများ … အရောင်အသွေးစုံပန်းအိုးအကြီးအသေးတို့ဖြင့် သင်းပျံ့နေသည့် ပန်းမာလာများနှင့်အတူ… နှစ်ချို့အရက်အိုး အမျိုးမျိုးတို့ကား စီတန်းလျက်••••    
          လူတစ်စုသည် မင်္ဂလာအခမ်းအနား တစ်ခုအား
ပျော်ရွင်စွာ ဆင်ယင်ကျင်းပနေကြလေသည်။
     ထိုမြင်ကွင်းအား အပြုံးတို့ဖြင့် ကြည့်ကာ  အပန်းဖြေနေသူ သုံးဦးရှိ၏။ ထိုသူတို့ကား …
နတ်ဓားပျံစံအိမ်သခင်ကြီး ကျန်းမင်း …
နတ်ဓားပျံစံအိမ်၏ ဒုတိယသခင်လေး ကျန်းထန်း …
စံအိမ်၏ အိမ်တော်ထိန်းကြီ ဖန်ကျူး… တို့ ဖြစ်လေသည်။သူတို့သည် အခမ်းအနား မစမှီကတည်းကပင် ကြိုဆိုဧည့်ခံရေး … ချက်ပြုတ်ကျွေးမွေးရေး …
စသည်အလုပ်များဖြင့် လွန့်လူးခတ်မျှ လှုပ်ရှားနေရသည်ဖြစ်ကာ  ယခုမှသာ   အနားရတော့သည် မဟုတ်ပါလား။
      ဤသို့ဆိုလျှင် နတ်ဓားပျံ စံအိမ်တစ်ခုလုံး မည့်သည် အခြင်းအရာကြောင့် အခမ်းအနားတစ်ခုအား ဆင်ယင်ကျင်းပနေပါသနည်း•••••      
     အဖြေကား    ရှိပါသည်။
နတ်ဓားပျံစံအိမ်၏ အမွေဆက်ခံသူ, သားအကြီးဆုံးဖြစ်သူ
ကျန်းစန်းရှောင်နှင့် ဝေဟင်ရဲတိုက်၏ တစ်ဦးသော သမီးရတနာ
ဖန်းပင်းပင်း တို့၏ လက်ထပ်မင်္ဂလာပွဲပင် ဖြစ၏။
ရွှေကို ရွှေချင်းထက်၍ မြတ်သည့်ပွဲဖြစ်သောကြောင့်
ဟန်ကျူးတစ်မြို့လုံး မီးခိုးတိတ်ကာ ပျော်မြူးနေကြလေသည်။
           သို့သော်
ဟန်ကျူးမြို့ တစ်မြို့လုံးပျော်မြူးနေကြသော်လည်း  မြို့ချင်းကပ်လျှက်ရှိ လုယန်မြို့သူမြို့သားအပေါင်းတို့ကား
မပျော်ရွှင်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ••••
         လုယန်မြို့အလယ်၌ ခမ်းနားထည်ဝါစွာ တည်ရှိနေသော တမာန်တော်ရဲတိုက်သခင်ကြီး တုန်လောက်၏ သားဖြစ်သူ  တုန်ပုလောက်ကြောင့် ဖြစ်ပေသည်။ ထပ်၍ ရှင်းပါအံ့•••••
တုန်ပုလောက်မှာ ယနေ့
ဟန်ကျူးမြို့၌ နတ်ဓားပျံ ကျန်းစန်းရှောင်နှင့်အတူ ပျော်ရွှင်စွာ လက်ထပ်မင်္ဂလာပွဲ ကျင်းပနေသည့် ဖန်းပင်းပင်းအား
တစ်ဖက်သတ် မေတ္တာရှိနေသူဖြစ်ရကား သူ၏ အသဲအား ကျွဲခတ်ခံရသည့်နှယ်ဖြစ်သည်မို့ နတ်ဓားပျံစံအိမ်နှင့်  ကျန်းစန်းရှောင်အပေါ်၌ နှစ်ထပ်ကွမ်း အမုန်းတို့ဖြင့် အရှုံးသမားဖြစ်ကာ
သောက်စားယစ်မူး၍ တစ်မြို့လူံးရှိ
မြို့သူမြို့သားတို့အား ရန်ရှာ၍ ရိုက်နှက်နေခြင်းကြောင့်ပင် ဖြစ်သည်။
         တမာန်တော်ရဲတိုက်သခင်လေး
တုန်ပုလောက် •••••
          အချစ်ကြီးလှသည့် တုန်ပုလောက် ••••
           အငြိုးကြီးမားလှသည့် တုန်ပုလောက် •••••
           ဘဝ,ဘဝတွေအား ကံကြမ္မာဆိုးကြီးအတွင်းသို့ ဆွဲသွင်းပစ်မည့် တုန်ပုလောက် ••••
           သူ၏
မျက်လုံးအိမ်ထဲဝယ်  တပါးသူနှင့် အပျော်ကြီး ပျော်နေသည့်
ဖန်ပင်းပင်းကိုသူ့မျက်​လုံးထဲ
မြင်ယောင်နေလေရာ
တနေ့တနေ့ အရက်သောက် မူးရူး၍ အချိန်တွေ ကုန်လွန်လာခဲ့သည်မှာလည်း တစ်နှစ်ဟူသော  အတိုင်းအတာပင် ပြည့်ခဲ့လေပြီ။
        သို့သော် တုန်ပုလောက်ရင်ထဲ မမေ့နိုင်သေးပါ။
ယနေ့ထက်ထိတိုင် ဖန်ပင်းပင်း၏ အလှတရားတို့က ဆွဲချည်နှောင်ဆဲ။
သိတတ်စ နှလုံးသားနုနုဝယ်
ဖန်ပင်းပင်း၏ ပုံရိပ်တို့က မနေ့တနေ့ကအလား ပီပြင်ထင်ရှားဆဲ။
         တုန်ပုလောက်တစ်ယောက် ဖန်ပင်းပင်းအား ရူးလောက်အောင် ချစ်နေပါသော်လည်း
သူမကို သိမ်းပိုက်ရယူသွားသူ
ကျန်းစန်းရှောင်ကိုတော့ နုတ်နုတ်စင်း ၍  အစိမ်းပင် စားပစ်ချင်မိလေသည်။
တုန်ပုလောက်ကား အရိုင်းဆန်၏။
တစ်နည်းအားဖြင့် စိတ္တဇဆန်၏။ အစွန်းရောက် အချစ်တို့ဖြင့် ပြည့်နှက်နေသည့် သူ့နှလုံးသားမှာ
၎င်းအချစ်ကြောင့်ပင်  သန္ဓေတည်လာသည့် အစွန်းရောက် အမုန်းတို့ ဒဏ်ကြောင့် ခံနိုင်ရည်မရှိသည့်အလား ရူးခါနေပေတော့သည်။
            "အခွင့်အရေး…။
ဟုတ်တယ် …၊ ငါ အခွင့်အရေးကို စောင့်ရမယ်၊ ဒီအချိန်က ငါ့အတွက် မဟုတ်သေးဘူး။ငါ့သိုင်းပညာကို ဒီထက်မကအောင် လုပ်ရမယ်။ အဖေ အသစ်သင်ပေးတဲ့ သိုင်းကိုသာ  ငါလေ့ကျင့်ပေါက်မြှောက်သွားရင် …
ဟားး … ဟား… ဟားးး"
            ဤကား  အရက်အိုးကို ဖက်၍ အိပ်ပျော်နေရာမှ  ထထိုင်ကာ မူးမူးနှင့်ရေရွှတ်ကြွေးကြော်လိုက်သည့်  တုန်ပုလောက်၏ စကားပင် ဖြစ်ပေသည်။
       မှန်၏ … သူ့အား
အခုရက်ပိုင်းအတွင်းမှပင်  ဖခင်ဖြစ်သူ
တုန်လောက်က  ယခင်သင်နေကြ သိုင်းများနှင့်မတူ တမူထူးကာ ဆန်းပြားပြင်းထန်၍ တစ်ကွက်ဆိုတစ်ကွက် ထိရောက်လွန်းလှသော  သိုင်းပညာတစ်မျိုးအား သင်ကြားလေ့ကျင့်ပေးနေ၏။
        သို့ရာတွင် သူသည် အချစ်,အမုန်း,အလွမ်း,အဆွေးတည်းဟူသော ကြီးမားကျယ်ပြန့်လှသည့် ဝေဒနာဓာတ်ခံကြောင့် အာရုံစူးစိုက်မှု နည်းကာ   တိုးတက်မှုနည်းလှပေသည်။ ထို့ကြောင့် ဖခင်ဖြစ်သူ တုန်လောက်မှာလည်း  သူ့အား စိတ်ပျက်အားလျော့စ ပြုလေပြီ။
         "မဖြစ်ဘူး …  အဖေ  စိတ်ပျက်သွားလို့ မဖြစ်ဘူး။ ငါ ဒီတိုင်းနေလို့ မရတော့ဘူး။ငါ ကြိုးစားရမယ်။ ပြင်းပြင်းထန်ထန် ကြိုးစားရမယ်။ ဒါမှ ငါ့အတွက် အခွင့်အရေးရလာတဲ့တစ်နေ့ ကောင်းကောင်းကြီး ငါ လက်စားချေနိုင်မှာ။ ဟုတ်တယ် … ဟုတ်တယ်။ ငါ  ကြိုးစားရမယ် …"
      သူရူးတစ်ယောက်နှယ် ထိုင်နေရာမှ တဖွဖွ ရေရွတ်လျက်ရှိရာမှ တုန်ပုလောက် ထရပ်လိုက်၏။ အမူးလွန်နေသည့် ခန္ဓာကိုယ်မှာ အစပိုင်းတွင် ယိုင်နဲ့နေသော်လည်း  အတန်ကြာသည်နှင့် တည်ငြိမ်စွာ ရပ်တည်နိုင်သွားလေသည်။ ထို့နောက် ရင်ဘတ်နှင့် အပ်ကာပိုက်ထားသည့် အရက်အိုးအား ငုံကြည့်လိုက်ပြီးနောက် အားကုန်သုံး၍ ပေါက်ခွဲပစ်လိုက်လေတော့သည်။
          "ဝုန်း …"
        " အော် … ငါလိုအရက်သမားတစ်ယောက်ကလည်း   ပြတ်သားတဲ့ စိတ်နဲ့သာ လုပ်ရင် ပြင်းပြင်းထန်ထန် ပေါက်ကွဲနိုင်စေတာပဲကို •••။
ဟားး ဟားး ဟား…"
      တုန်ပုလောက်မှာ အရက်အိုးနှင့် အခန်းနံရံထိ၍  ဝုန်းခနဲ မြည်ကာ ပေါက်ကွဲသွားသည့် အသံအားကြား၍  အတွေးပေါက်သွားပြီးနောက် အချစ်,အမုန်း(လောဘ,ဒေါသ) တို့ကြောင့် မှောင်နေခဲ့သည့် သူ၏ စိတ်အစဉ်မှာ လင်းလက်သွားလေတော့သည်။ ထိုနောက် အမြဲတစေ မှေးမှိန်နေခဲ့သည့် တုန်ပုလောက်၏ မျက်လူံးအစုံမှာ လင်းလက်တောက်ပလာကာ  ဖခင်ရှိရာ အရပ်သို့  တက်ကြွစွာ ခြေဦးလှည့်လိုက်လေတော့သည်။
Monday, June 24, 2019
#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း၁)
#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း၁)
        ဟန်ကျူးမြို့ …   ဟန်ကျူးမြို့သည် ဟန်တရုတ်လူမျိုးတို့၏ နယ်စပ်မြို့ဖြစ်ပြီး၊ အမြဲ  နှင်းများအုပ်ဆိုင်းလျှက်ရှိကာ မြို့၏မြောက်ဘက်၌ တရုတ်ပြည်၏ဂုဏ်ကျက်သရေဆောင်
မိုးထိတောင်ကြီး   တည်ရှိလေသည်။
တစ်နှစ်ပတ်လုံး နှင်းများအုပ်ဆိုင်းနေသောကြောင့်
အနှီတောင်ထိပ်မှာ တိမ်တိုက်များအကြားထိ  ထိုးဖောက်နေသယောင်
ရှိသောကြောင့် မိုးထိတောင်ဟု အမည်တွင်ခြင်းလည်း ဖြစ်နိုင်ပေသည်။
         ယင်းမိုးထိတောင်ကြီးမှာ မြင့်မားမတ်စောက်လွန်းသည်ကြောင့်လည်းကောင်း၊နှင်းရည်များစိုစွတ်နေတတ်သည့်ရာသီဥတုကြောင့်လည်းကောင်း၊ တောင်ပေါ်သို့
တက်ဝံ့သူဟူ၍ မရှိခဲ့ပေ။ သို့သော် ပြောမယုံ ကြုံမှသိ,ဟူသော စကားအတိုင်း  အံ့သြဖွယ်အဖြစ်တစ်ခုသည် ၄င်းမိုးထိတောင်ကြီးပေါ်၌ ဖြစ်ပေါ်လျက်ရှိ၏။ အဘယ်အကြောင်းဆိုသော်  ယခုအခါ ယင်းမိုးထိတောင်ပေါ်၌
အသက်အရွယ်ကြီးရင့်လှပြီဖြစ်သော အဖိုးအိုတစ်ဦးနှင့်အသက်၁၈နှစ်အရွယ် လုလင်ပျိုတစ်ဦးတို့ ရောက်ရှိနေထိုင်လျက်ရှိသောကြောင့်ပင်။
            "ဝှစ် …
ဝှစ်
ဟူးး ဟူး …
ဝှမ်း …
ဝုန်း ဝုန်းး …"
      အဝတ်စလေတိုးသံများနှင့်အတူ တဝုန်းဝုန်းဖြင့် လေထုအား ကြောက်မက်ဖွယ် ထိုးခွဲသွားသော လက်ဝါးရိုက်ချက်များ •••••
        လှပသည်။ မြန်ဆန်သည်။အားမာန်ပါသည်။တိကျသေသပ်သည်။ထိုအချက်အလက်များနှင့်  ပြီးပြည့်စုံသည့် သိုင်းကစားမှုသည် မြူနှင်းများကို
ထိုးဖောက်၍ ကျရောက်နေသော နေ့အလင်းရောင်အောက်၌ လူငယ်လေးတစ်ဦးထံမှ ထွက်ပေါ်နေသည်ကတော့ ထပ်ဆင့်အံ့သြဖွယ်ရာပင် ဖြစ်ပေသည်။
    တည်ကြည်သောမျက်နှာ… ထူထဲနက်မှောင်သောမျက်ခုံး… ဖြောင့်စင်းသောနှာတံ … စူးရှသောမျက်လုံးများနှင့် ခန့်ညားသောလူငယ်လေး။ထိုလူငယ်လေးအား  နားဘေးမှနေ၍ အနီးကပ်သင်ကြားပေးနေသည့်
အဖိုးအိုတစ်ဦး ••••••
သို့ရာတွင်  ယင်းအဖိုးအို၏   အကြောင်းဇစ်မြစ်ကိုသာ သင်သိခဲ့ပါက
အစောပိုင်းက အံ့ဖွယ်အဖြစ်တို့သည် သာမာန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုထက် မပိုနိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော်••••••
           တည်ငြိမ်အေးချမ်းလှသော အမူအရာနှင့်  အရှိန်အဝါတစ်မျိုး ထွက်ပေါ်နေသည့်ဥပဓိရုပ်မှာ
မြင်သမျှလူတိုင်းဦးညွှတ်ချင်စရာကောင်းလှပြီး၊အနည်းငယ်ချိုင့်ဝင်နေသည့် နားထင်နှစ်ဖက် …
စူးရှတောက်ပလွန်းသောမျက်လုံးအစုံ … ဤသည်ကမူ သိုင်းပညာနှင့်အတွင်းအားအရာ၌
အထွဋ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း
သက်သေပြနေသကဲ့သို့ပင်။
             ထိုစဉ် ပြုံးရောင်သမ်းနေသည့် အဖိုးအို၏ နှုတ်ခမ်းမှာ တွန့်သည်ဆိုရုံမျှ
ကွေးညွှတ်၍ မျက်မှောင်ကြုံ့သွားကာ သူ၏သောတအာရုံ၌ ကိုက်တစ်ရာခန့်မှ ကိုယ်ဖော့၍
ပြေးလာသော ခြေသံတစ်ခုအား  အတိုင်းသား ကြားလိုက်ရ၏။ ခြေသံမှာ ပေါ့ပါးလွန်းလှသော်လည်း အဖိုးအို၏
အတွင်းအားမှာ အံ့မခန်းဖြစ်သည်မို့
အနှီခြေသံအား အတိုင်းသားကြားနိုင်သည်မှာ အဆန်းတော့ မဟုတ်ပါချေ။တစ်ဆက်တည်းမှာပင် အဖိုးအိုက သိုင်းကစားနေသည့် လူငယ်လေးအား  အော်ဟစ်ပြောဆိုလိုက်၏။
     " နေမင်းသခင် …
နေမင်းရောင်ခြည်တစ်ထောင်သိုင်းကွက် …"
အဖိုးအို၏ အသံကြားသည်နှင့်
နေမင်းသခင်မည်သော  လူငယ်လေး၏လှုပ်ရှားမှုမှာ  ချက်ချင်းဆိုသလိုပင်   ပိုမိုပြင်းထန်၍ မြန်ဆန်သွားပြီး နေမင်းရောင်ခြည်တစ်ထောင်သိုင်းကွက်ဖြင့် အနားသို့ရောက်ရှိလာသော လူရိပ်အား တိုက်ခိုက်မိလျက်သား ဖြစ်ပေသည်။
         စင်စစ်အားဖြင့် နေမင်းရောင်ခြည်တစ်ထောင်သိုင်းကွက်မှာ ဓားသိုင်းကွက်ဖြစ်ပြီး
နေမင်းသခင်က  လက်ဝါးစောင်းဖြင့်
ဓားသဖွယ် ထိုးခုတ်တိုက်ခိုက်လိုက်ခြင်းပင် •••••
        လက်ဝါးစောင်းအရိပ်များ
ထောင်ချီထွက်ပေါ်လာကာ
အနားရှိလူရိပ်ထံ တိုးဝင်သွား၏။သို့ရာတွင်
နေမင်းသခင်မှာ ဘုမသိဘမသိဖြင့် သူတပါးအား အလကားသက်သက် မသေစေလိုသောကြောင့်အတွင်အားတစ်ဝက်ခန့်သာ ထည့်ပြီးတိုက်ခိုက်လိုက်ခြင်းသာ။သို့သော် သူ၏လက်ဝါးစောင်းနှင့် ထိလုလုအချိန်တွင် အနားရှိလူရိပ်မှာ ပျောက်ကွယ်သွားသဖြင့် နေမင်းသခင်မှာ
ရှေ့သို့အရှိန်လွန်၍ မှောက်ရက်လဲ မတတ်ဖြစ်သွားကာ ကိုယ်ကိုဖော့၍ ထိန်းလိုက်ရလေသည်။
        ယင်းအခိုက်မှာပင်  နောက်ကျောမလုံသလို ခံစားလိုက်ရပြီး  အနီးကပ်ရန်သူ၏ အန္တရယ်အငွေ့အသက်ကိုလည်း  ရလိုက်ကာ နတ်မင်းအရက်မူး ခြေလှမ်းသိုင်းထဲမှ နတ်မင်းလေပွေသိုင်းကွက်ကို သုံးကာ ခြေကိုဝိုက်၍  ဆုတ်လိုက်ရလေသည်။
          "ဝှစ် … ဝှစ် …
ဟူး … ဟူး …
ဘုန်း …ဘုန်း …"
     နေမင်းသခင်၏ ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟု ဆိုရပေမည်။ အကြောင်းကား မိမိရပ်တည်ခဲ့သော နေရာ၌  လက်ဝါးရာနှစ်ခု သဲ့သဲ့ထင်ကျန်၍ နေသောကြောင့်ပင်။ထိုကြောင့် နေမင်းသခင်မှာ လူငယ်ပီပီ စိတ်ထွက်သွားကာ နတ်မင်းအရက်မူးသိုင်း၁၈ကွက်ထဲမှ နတ်မိစ္ဆာ နဂါးသိုင်းကွက်ကို သုံးကာ အတွင်းအားအပြည့်ဖြင့် လက်ဝါးရိုက်ချက်များအား တရစပ်အသုံးပြုကာ တိုက်ခိုက်ပစ်လိုက်၏။
             " ဟူးး …ဟူးး …
ဝှစ် ဝှစ် …
ဝှမ်း ဝှမ်း …
ဝုန်းး … ဝုန်း … ဝုန်း …"
              အဝတ်လေတိုးသံ လေခွင်းသံများနှင့်အတူ နှင်းမှုန့်များထောင်းထောင်းထလျက် နဂါးတစ်ကောင် လွန့်လူးနေသကဲ့သို့သော
လက်ဝါးရိုက်ချက်များကြားဝယ် အမည်မသိ လူရိပ်ကလည်း ပေါ့ပါးဖျတ်လက်စွာ  ပွတ်သီကပ်သီဖြင့်ရှောင်တိမ်းနေလေသည်။နေမင်းသခင်မှာ မိမိအစွမ်းကုန်သုံးကာ တိုက်ခိုက်နေသော်လည်း  အေးအေးဆေးဆေးပင် ရှောင်တိမ်းနေနိုင်သည့်  ထိုလူရိပ်အား  အံ့သြစွာကြည့်လိုက်မိရာ  အလွန်ပင် အံ့အားသင့်သွားရလေသည်။
မိမိတိုက်ခိုက်နေသောလူရိပ်မှာ လူဝတ်ကြောင် မဟုတ်ပါပဲ
အလွန်ကြည်ညိုဖွယ်ရာကောင်းသော ရသေ့ကြီးတစ်ပါး ဖြစ်၍နေချေတကား။
            သို့သော် နေမင်းသခင်၏ အံ့သြမှု …
ကြည်ညိုဖွယ်ရာရသေ့ကြီးတစ်ပါးဟူသော  အသိတို့သည် လူငယ်တစ်ယောက်၏ မခံချင်စိတ်,
(မာန)၊ ယောင်္ကျားတစ်ယောက်၏ သိက္ခာတရားအား ချိုးနိုမ်ပစ်လိုက်သော ရသေ့ကြီး၏ စကားတစ်ခွန်းကြောင့် ပျော်ပျက်၍ သွားပေတော့သည်။
         "ဒီကဒကာလေးရဲ့ သိုင်းပညာက
ဘာမှ သုံးစားလို့မရပါလား.…"
         ခနဲ့လိုက်သည့်စကား •••
   လူငယ်တစ်ယောက်၏ ရင်ဘတ်အား မီးထ တောက်စေလိုက်သည့်စကား •••
         ပညာအတိမ်အနက်အားထိထိမိမိ
သိလို၍ထိထိရောက်ရောက်ပြောဆိုလိုက်သည့်စကား ••••
        မှန်၏။ ရသေ့ကြီး၏ တွက်ကိန်းကား မှန်လှ၏။အဘယ့်ကြောင့်ဆိုသော် နေမင်းသခင်က လူငယ်ပီပီ မခံချင်စိတ် ဖြစ်သွားသည့်အတွက်  ကြမ်းပေ့, ရမ်းပေ့, အစွမ်းထက်ပေ့ ဆိုသည့်တိုက်ကွက်တို့အား ကိုယ်အား,ဥာဏ်အား ရှိသမျှဖြင့်  အစွမ်းကုန် ဖော်ထုတ်
တိုက်ခိုက်လာပြီမဟုတ်ပါလော။
    "ဒါက နေမင်းမာန်ဟုန်…"
   "ဒါက နေမင်းရောင်ခြည်တစ်ထောင်…”
    "နေမင်းတိမ်ဖောက် …"
  "အမှောင်းခွင်း ရောင်ခြည်…"
              ဝန်းကျင်တစ်ခုလုံး ကမ္ဘာပျက်သည့်အလား ရှုပ်ထွေးသွားစေသည့်သိုင်းကွက်အမည်များမှာ
ကဗျာဆန်လှသော်လည်း
သိုင်းအားအရှိန်အဟုန်တို့ကား ကဗျာမဆန် မနုညံ့ချေ။ တစ်ကွက်ဆို တစ်ကွက် ထိရောက်လွန်းလှသည်။
          "ဟိုင်းစ် ယားစ်…
ဝုန်း … ဝုန်း …
ဝှမ်း ဝှမ်း …
ဖြောင်း …ဖြောင်း …"
       တော်ရုံအဆင့်မြှင့်
သိုင်းသမားပင်လျှင်  စိစိညက်ညက်
ကျေသွားစေနိုင်သည့်တိုက်ခိုက်မှုမှာ  ယခုအခါ   မိမိ၏ဆရာဖိုးဖိုးကဲ့သို့ သိုင်းပညာ၌ အဆင့်လွန်နေပြီဖြစ်သောရသေ့ကြီးအား  လုံးဝပင် မထိခိုက်မိပဲ အနီးဝန်းကျင်ရှိ
ကျောက်တုံးကျောက်ခဲတချို့နှင့်  သစ်ပင်များကိုသာ ထိမိ,ရိုက်မိလေတော့သည်။
       သို့သော်  နေမင်းသခင်ကား ဇွဲမလျော့။ သိုင်းအားကို မချ။ နှစ်ဆမြှင့်၍သာ တိုက်ခိုက်လာ၏။ဤသို့ဖြင့် သိုင်းကွက်ပေါင်း ၂၀၀ကျော်လာသော်လည်း   လက်လျော့မည့်ပုံမပေါ်သည့် နေမင်းသခင်အား ကြည့်ကာ ရသေ့ကြီးက  ပြုံးလိုက်ပြီး  ဝါးတစ်ရိုက်ခန့်အကွာသို့ နောက်ပြန်ခုန်ဆုတ်လိုက်ကာ•••••
         "ကဲ … ဒကာလေး တော်သင့်ပြီ။
ဒီအသက်ဒီအရွယ်နဲ့ တကယ်ကို
ထက်ထက်မြက်မြက်ရှိပါပေတယ်။ နောင်တစ်ချိန် သိုင်းလောကမှာ
ကျော်ကြားလာမှာ  ဧကန်မုချပဲ …"
ဟု  ချီးကျူးစကားဆိုလေသည်။
         ထိုစကားကြောင့် နေမင်းသခင် မှာ  ရှက်ကိုးရှက်ကန်းဖြစ်ကာ မျက်နှာနီရဲသွားကာ အောက်သို့ငုံ့ပစ်လိုက်မိလေသည်။ အဘယ်ကြောင့်ဆိုသော်
မိမိ၏  အကြီးအကျယ်တိုက်ခိုက်မှုမှာ ရသေ့ကြီး၏ အဝတ်စမျှပင်  မထိ,မဟုတ်ပါလော။
          ထိုအခါ  တစ်ချိန်လုံး ငြိမ်သက်နေခဲ့သည့် အဖိုးအိုက ရသေ့ကြီး၏ အနားသို့သွားကာ  ဦညွှတ်လိုက်၏။ယင်းနောက်တွင်မူ •••••
        " ရသေ့ကြီး … လာဗျို့။ အဖန်ရည်လေး သောက်ရအောင်။ ဒါနဲ့ အလည်သက်သက်ပဲလား။
သိုင်းလောက သတင်းထူးတွေဘာတွေ ပါလာသေးလား …"
           အဖိုးအိုမှ ရင်းနှီးကျွမ်းဝင်စွာ စကားဆိုလိုက်ရာ  ရသေ့ကြီးကလည်း ပြုံးရွှင်စွာဖြင့် အဖိုးအိုခေါ်ဆောင်ရာသို့ ပုခုံးဖက်ကာ လိုက်သွားရင်းမှ •••••
         "ပါတာပေါ့  ဓားသခင်ကြီးရယ်။
ဒါပေမဲ့ အခုလောလောဆယ် အဲ့ဒါတွေ မပြောချင်သေးဘူး။ဓားသခင်ကြီးရဲ့
စစ်တုရင် အစွမ်းတိုးတက်မှု့ကိုပဲ မြည်းစမ်းကြည့်ချင်စမ်းပါဘိ …"
ဟု စကားဆိုလိုက်ရာ နှစ်ဦးစလုံးပင် တဝါးဝါး ရယ်မောလိုက်မိကြတော့သည်။
       " ဟား …ဟားး … ဟား
ဟား …ဟားး …ဟား  "
         ထိုအခါတွင်မှ ကြောင်တက်တက်ဖြစ်နေသည့် နေမင်းသခင်မှာလည်း မိမိဆရာအဖိုးအိုနှင့် ရသေ့ကြီး၏ ပတ်သက်မှုအား သဘောပေါက်သွားကာ •••••
        " ဖိုးဖိုးနဲ့ ဖိုးရသေ့ကြီးက သိနေကြတာလား …”
           နေမင်းသခင်၏ အမေးကြောင့် အဖိုးအိုက ပြုံးလိုက်ပြီး နောက်မှလိုက်လာသည့် နေမင်းသခင်ဖက်သို့ လှည့်ကာ မိတ်ဆက်ပေးလိုက်၏။
     "သိတာပေါ့ …လူလေးရာ။
မှတ်ထားနော်  ဒီရသေ့ကြီးကို
သိုင်းလောကမှာ နတ္ထိရသေ့ကြီး …
လို့ ခေါ်ကြတယ် …"
        "ဟုတ်ကဲ့ ဖိုးဖိုး …
ကျွန်တော် မှတ်ထားပါ့မယ် …၊
         ဖိုးရေသ့ …
တပည့်တော်ကို ခွင့်ပြုပါအုံး…
”ဟု ယဉ်ကျေးစွာဆိုကာ ဂါရဝပြုလိုက်ပြီး တောင်စောင်းဘက်သို့ ထွက်လာခဲ့လိုက်၏။
      <> <> <> <> <> <> <> <> <>
     #သဏ္ဍာန်မဲ့မြွေနှင့်သေမင်းဧကရာဇ်
      နေမွန်းတည့်ချိန်ဖြစ်သော်လည်း မိုးထိတောင်ပေါ်၌
နေပျောက်ထိုးယုံမျှသာ ရှိပေသည်။
ရသေ့ကြီးနှင့် ဓားသခင်အဖိုးအိုတို့မှာ
စစ်တုရင်ထိုးနေရင်း ပတ်ဝန်းကျင် အား မေ့လျော့နေလေသည်။
နေမင်းသခင်မှာ  မလာသဖူး အလာထူးသည့်ဧည့်သည်ရသေ့ကြီးနှင့် မိမိတို့မြေးအဖိုးနှစ်ယောက်
စား,သောက်ရန်အလို့ငှာ
ထင်းကောက်ရင်းဖြင့် သစ်သီးသစ်ဥတချို့ကို ရှာရန်
တောင်စောင်းဘက်သို့် ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။
နေမင်းသခင်မှာ လမ်းလျှောက်ရင်းမှာ ဟိုဟိုဒီဒီ  ရှာဖွေလျက်ရှိရာ
မိမိရှေ့ တစ်လံလောက်အကွာမှ  တစ်ကိုယ်လုံးဖြူစွတ်နေသော
မြွေလေး တစ်ကောင်အားတွေ့လိုက်ရသဖြင့်  စိတ်ဝင်စားသွား၏။နှုတ်မှလည်း ••••
     "စိတ်ဝင်စားပဲ …
မြွေက  စွတ်စွတ်ဖြူနေတာ။ ဖိုးဖိုး ဟိုတစ်ခါပြောဖူးတဲ့ သဏ္ဍာန်မဲ့မြွေဆိုတာလား မသိဘူး…"
         သဏ္ဍာန်မဲ့မြွေ …
နေရာအလိုက်
အရောင်ပြောင်းလဲတတ်သောကြောင့်   သဏ္ဍာန်မဲ့မြွေ ဟုခေါ်ဆိုခြင်းဖြစ်သည်။ထို့အပြင်  တစ်ကောင်ဆိုတစ်ကောင် ရှားပါးလွန်းလှသလို, အဆိပ်လဲပြင်းလွန်းလှပေသည်။၎င်းသဏ္ဍာန်မဲ့မြွေအား
အလွန်းအေးသောနေရာနှင့်
အလွန်ပူသောနေရာ၌သာ တွေ့ရှိနိုင်ပြီး
ရေခဲညွန့်ဟုခေါ်သော … ရှားပါဆေးဖက်ဝင်အပင်၏
အညွန့်နှင့်  ငရဲပန်းဟုခေါ်သော… အဆိပ်ပန်းကိုသာစားသောက်တတ်သော သတ္တဝါဖြစ်သည်။
      မြေအနေထားအလျောက် အရောင်ပြောင်းတတ်သောကြောင့် တော်ရုံမျက်စိဖြင့် မမြင်နိုင်ပဲ
အတွင်းအားကောင်းပြီး ကံအလွန်ကောင်းသူနှင့် ကံအလွန်ဆိုးသူသာ ကြုံတွေ့နိုင်ပေသည်။
         လွန်ခဲ့သော
နှစ်ပေါင်း၆၀ကျော်ခန့်က
မုယုံကျဲ ဟူသော သိုင်းမိစ္ဆာတစ်ယောက် သိုင်းလောက၌ ထွက်ပေါ်ခဲ့ပေသည်။သူ၏  ငယ်ဘဝကတည်းက အကြံအစည်မှာ
သိုင်းလောကအား အုပ်စိုးရန် ဟူ၏။
ထို့ကြောင့် မုယုံကျဲမှာ မိမိအတွင်းအား အထိဋ်အထိပ်
ရောက်ရန်အတွက် သဏ္ဍာန်မဲ့မြွေအား ကြိုးစားရှာဖွေခဲ့လေသည်။အကြောင်းမှာ သဏ္ဍာန်မဲ့မြွေ၏ သွေးအားသောက်သုံးလျှင်
အဆိပ်ပြီး၍
အပူအအေးအတွင်းအားကိုပါ
ရရှိနိုင်သောကြောင့်ဖြစ်၏။
      မုယုံကျဲမှာ လူမိုက်ကံကောင်း… ဟူ၍ ဆိုရပေမည်။
ဤမိုးထိတောင်ခြေကပင်လျှင်  မုယုံကျဲတစ်ယောက်
သဏ္ဍာန်မဲ့မြွေအား ရရှိခဲ့ပြီး
မြွေ၏သွေးအားသောက်သုံးနိုင်ခဲ့လေသည်။ ထို့နောက်
အနက်ရောင်သိုင်းလောက၌ ရှိသော
တစ်ကိုယ်တော်သိုင်းထိပ်သီးများအား၎င်း၊ အစုအဖွဲ့များအား၎င်း၊ သိုင်းဂိုဏ်းများအား၎င်း
အလောင်းအစားဖြင့် စိန်ခေါ်၍ တိုက်ခိုက်လေတော့သည်။
မုယုံကျဲကား  ဥာဏ်ကောင်းသူပီပီ သူ၏စိန်ခေါ်မှု၌ အလောင်းအစားတစ်ခု ထည့်သွင်းထား၏။အနှီးအလောင်းအစားမှာ  မိမိကိုနိုင်လျှင်
မိမိက တပည့်ခံမည်ဖြစ်ပြီး  မိမိ၏ သိုင်းပညာအား ပေးမည်။သူကနိုင်လျှင် သူ့ထံ၌ တပည့်ခံ၍  တတ်သည့်သိုင်းပညာအား သူ့အား ပေးရမည် …ဟုသော အလောင်းအစားပင် ဖြစ်ပေသည်။
            သို့ရာတွင် မုယုံကျဲ၏ အပူအအေးအတွင်းအားကြောင့်
ယှဉ်ပြိုင်သူတိုင်း  ရှုံးနိမ့်ကာ အနက်ရောင်သိုင်းထိပ်သီး  အကုန်နီးပါး မုယုံကျဲလက်အောက်သို့ရောက်ခဲ့ရသည်။ဤသို့ဖြင့်  ကျန်အနက်ရောင်လက်အောက်ငယ်သား သိုင်းသမားများမှာလည်း အလိုလိုပင် လက်အောက်ခံဖြစ်သွားကာ အနက်ရောင်သိုင်းလောက၏ ဘုရင်မုယုံကျဲအဖြစ်သို့ ရောက်ရှိလာလေတော့သည်။ထိုအခါ
 မုယုံကျဲက မိမိလက်တွင်းသို့
ရောက်ရှိလာသော
အနက်ရောင်သိုင်းကျမ်းများထဲမှ အရက်စက်ဆုံးသိုင်းကွက်များအား ပြုပြင်တည်းဖြတ်၍ စုစည်းကာ သေမင်းဧကရာဇ်သိုင်းကျမ်း ခေါ်  မိစ္ဆာသိုင်းကျမ်းကို  ဖန်တီးပြုစု၍ လေ့ကျင့်အောင်မြင်ခဲ့လေသည်။
          ဤနောင် မိမိလက်အောက်ခံအဖြစ်ဝင်ရောက်ရန် အဖြူရောင် သိုင်းလောကအား  စစ်ကြေညာလေရာ •••
       ရှောင်လင်ဂိုဏ်း ၊ ဝူတန်းဂိုဏ်း ၊ ဟွာဆန်းဂိုဏ်း၊
အော့မေဂိုဏ်း၊ တေလေဂိုဏ်း၊ ပန်းစကြ်ာဂိုဏ်း …ဟူသော ဂိုဏ်းကြီး ခြောက်ဂိုဏ်းနှင့်တကွသော  အဖြူရောင်ဘက်တော်သား သိုင်းသမားတို့က   မုယုံကျဲအား တားစီးနိုမ်နင်းရန် ကျိုးစားကြရာမှ စ၍  သိုင်းလောကသားတိုင်းမေ့မရနိုင်သည့်  သွေးချောင်းစီးတိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တော့သည်။
          ဤနောက်တွင်မှ  တစ်နေ့တခြားဆိုးဝါးလာသော မုယံကျဲအား တားစီးရန် (သူ့တုတ်ဖြင့် သူ့ပြန်ရိုက်သကဲ့သို့ …) သူ့နည်းဖြင့် သူ့ပြန်တိုက်ရန် စဉ်းစားမိကြတော့သည်။
      သိုင်းလောကရှိ အဖြူရောင်သိုင်းဂိုဏ်းချုပ်ကြီးများကိုယ်တိုင် အကျေအလည်ဆွေးနွေးကာ အစည်းအဝေးထိုင်၍  အဆုံးသတ်၌ မုယုံကျဲအား ယှဉ်ပြိုင်ရန်
တစ်ကိုယ်တော်သူရဲကောင်း  ရောင်ခြည်ဓားသမားအား ရွေးချယ်ခဲ့ကြ၏။
ရှောင်လင်ဂိုဏ်းမှ စကြ်ာဝဠာအတွင်းအားသိုင်း၊
ဟွာဆန်းဂိုဏ်းမှ တုကူးဓားသိုင်း၊
ဝူတန်းဂိုဏ်း မှ တိမ်လှေကား ကိုယ်ဖော့ပညာနှင့် ထိုက်ကျိဓားကွက်အနှစ်ချုပ်၊
တေလေဂိုဏ်း မှ နဂါးမုန်တိုင်း ၁၈ ကွက် …တည်းဟူုသော
ထိပ်တန်းသိုင်းပညာများ၊
အော့မေဂိုဏ်းမှ(အဆိပ်နိုင်)နှစ်တစ်ထောင် သွေးကျောက်နှင့်
ခေတ္တရာပန်းဂိုဏ်းမှ ဂိုဏ်းစောင့်ကြီးလေးဦး၏
အတွင်းအား လွဲပြောင်းခြင်းဖြင့်လည်း ပံပိုးကာ  ပြီးပြည့်စုံသော သစ္စာရှင်ရောင်ခြည်သိုင်းသမားအား မုယုံကျဲနှင့် သဘောတူညီမှုယူလိုက်နိုင်သည့် ၂နှစ်ဟူသော ကာလအတွင်းမှာပငှ်အပြင်းအထန်သင်ကြားလေ့ကျင့်ပေး၍ မွေးထုတ်နိုင်ကြခဲ့ပေသည်။
         သို့ရာတွင်လည်း ၂နှစ်ပြည့်သည့်အချိန်၌
မုယုံကျဲနှင့် ရောင်ခြည်သိုင်းသမား တို့မှာ  မည်သည့်အကြောင်းမှ မသိရပဲ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားကြလေ၏။ •••
        ထို့အချိန်မှစ၍
မုယုံကျဲမရှိသည့်နောက်ပိုင်း အနက်ရောင်သိုင်းလောကသည်လည်း သူတစ်လူ ငါတစ်မင်းစနစ်နှင့်
ပြန်ဖြစ်သွားကာဝါးစည်းပြေသကဲ့သို့ ပြေ၍  အဖြူရောင်သိုင်းသမား၏
ဖြိုခွင်းတိုက်ခိုက်မှုကို ခံရကာ  တချို့လည်း
အမိုက်ဇာတ်သိမ်းသွားကြရလေသည်။တချို့မှာမူကား  သိုင်းလောကမှ
ဇာတ်မြုပ်သွားကြ၏။
        သို့သော်  ယနေ့တိုင် သိုင်းလောကသားများ ပြောမဆုံးပေါင် တော်သုံးကောင်… ဖြစ်နေသည့် ပဟေဠိသည်ကား ••••
      သေမင်းဧကရာဇ်မုယုံကျဲနှင့် ရောင်ခြည်သိုင်းသမားတို့   ဘယ်ရောက်ကုန်ကြပါသနည်းဟူသည်နှင့်အတူ  မုယုံကျဲ၏ အနက်ရောင်ရတနာ သေမင်းဧကရာဇ်သိုင်းကျမ်းသည်၎င်း …  ရောင်ခြည်သိုင်းသမား၏ အဖြူရောင်ရတနာ ရောင်ခြည်သိုင်းကျမ်း(မှတ်စု)သည်၎င်း …   အတွေးရခက်သည် ပုစ္ဆာများ
ဖြစ်ကာ  အစဉ်အမြဲတိုင်းသာ
နောင်လာနောင်သားတို့၏ အိပ်ရာဝင်ပုံပြင်သဖွယ် ဖြစ်၍နေခဲ့ပေတော့သည်။
*Thant zin htun
နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၁၃)
နေမင်းသခင်​နှင့်​ ​သေမင်းဧကရာဇ်​ အပိုင်း ၁၃ စာ​ရေးသူ သန်​ဇင်​ထွန်း ​ကျောက်​စိမ်းနန်း​တော်​နှင့်​ အတိတ်​မှအမည်းစက်​များ... ​​ကျေ...